Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အိမ်တက်မင်္ဂလာအကြောင်း သိကောင်းစရာ

အိမ်တက်မင်္ဂလာအကြောင်း သိကောင်းစရာ

ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းလိုလိုပင် အိမ်အဆောက်အဦသစ်များကို ဆောက်လုပ်ပြီးစီးသည့်အခါ ‘ အိမ်တက်မင်္ဂလာ ’ ပြုလုပ်လေ့ရှိကြသည်။

အနောက်နိုင်ငံများ၌ မိမိတို့နှင့်နီးစပ်ရာ ဆွေမျိုးညီအကို မောင်နှမ မိတ်ဆွေများကိုဖိတ်၍ အစားအသောက်မျိုးစုံဖြင့် ဧည့်ခံခြင်း၊ဧည့်သည်များက လက်ဆောင်ပစ္စည်းများပေးခြင်းဖြင့် ပါတီပွဲများ ပြုလုပ်ကြပါသည်။

* အိမ်တက်မင်္ဂလာဆိုရာ၌ အမှန်မှာ အိမ်သစ် အိမ်ဟောင်းကိုဆိုလိုခြင်းမဟုတ်ပါ၊ နေရာသစ်ကိုသာ အဓိကဆိုလိုပါသည်။ *

အိမ်တက်မင်္ဂလာပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့၏ အိမ်နီးချင်းများနှင့် ရင်းနှီးအောင်ပင့်ဖိတ်ကျွေးမွေး၍ မိတ်ဖွဲ့ခြင်း၊ မိမိတို့ဤနေရာသစ်သို့ ပြောင်းရွေ့နေထိုင်ကြောင်းကို အသိပေးခြင်းတစ်မျိုးပင်ဖြစ်ပါသည်။

မိမိတို့မြန်မာနိုင်ငံမှာမူ များသောအားဖြင့် နံနက်အခါ၌

- မိမိတို့နေရာသစ်အိမ်သို့ ရဟန်းသံဃာတော်များကို ပင့်ဖိတ်၍ ဆွမ်းကပ်ခြင်း၊ - လှူဖွယ်ဝတ္ထု အစုစုတို့ကို လှူဒါန်းခြင်း၊ - ဖိတ်ထားသော ဧည့်သည်တို့အား ဧည့်ခံကျွေးမွေးခြင်း၊ - ပရိတ်တရားတော်တို့ကို နာယူခြင်း၊ - သတ္တဝါတို့ကို အမျှပေးဝေခြင်း၊ သာဓုခေါ်ခြင်းစသည်ဖြင့် ဒါန သီလကောင်းမှုအဖြာဖြာတို့ကို အမြတ်တနိုး ပြုလုပ်လေ့ရှိကြပါသည်။

တချို့ကမူ ညနေချမ်းအခါ၌

- သံဃာတော်များကိုပင့်၍ - သရဏဂုံသီလ ဆောက်တည်ကြလျက် အန္တရာယ်ကင်းပရိတ်နာခြင်း၊ - လှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်း၊ - ရေစက်ချအမျှဝေခြင်း စသည်ဖြင့် အိမ်တက်မင်္ဂလာပွဲဆင်နွှဲကြပါသည်။

* အိမ်တက်မင်္ဂလာပြုလုပ်ရာ၌ သံဃာတော်များက အိမ်သူအိမ်သားများ ဘေးအန္တရာယ်ကင်းရှင်း၍ ကျက်သရေမင်္ဂလာအဖြာဖြာ တိုးတက်ကြစေရန် မင်္ဂလသုတ် ရတနသုတ် မေတ္တသုတ် ပုဗ္ဗဏှသုတ်စသော ပရိတ်တော်များကို ဟောကြားကြပါသည်။ *

သီရိလင်္ကာနိုင်ငံ၌မူ အသစ်ဆောက်လုပ်ထားသောအိမ်ကို မိမိတို့မနေထိုင်မီ ဆွမ်းစသည် တာဝန်ယူလျက်ဝါတွင်းသုံးလပတ်လုံး သံဃာတော်များကို မိမိတို့အိမ်သစ်၌ သီတင်းသုံးစေပြီး နေ့စဉ်ပရိတ်တရားနာယူကြ၍ ဝါကျွတ်သောအခါ ကထိန်သင်္ကန်းကိုပါ ဆက်ကပ်လိုက်ကြသည်ဟု သိရပါသည်။မိမိတို့ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ ဤအစဉ်အလာများသည် ကောင်းမြတ်သော ဓလေ့ထုံးစံများပင်ဖြစ်ပါသည်။

* မိမိတို့နေထိုင်မည့်နေရာသစ်၌ မိမိတို့၏ပကတိမျက်စိဖြင့် မမြင်နိုင်သော နတ်စသောပုဂ္ဂိုလ်တို့ရှိကြ၏၊ ထိုပုဂ္ဂိုလ်တို့နှင့် ရင်းနှီးဖို့ရန်ကား စားသောက်ဖွယ်ရာတို့ဖြင့်ပင့်ဖိတ်ကျွေးမွေး၍ မဖြစ်နိုင်သောကြောင့် ကုသိုလ်ကောင်းမှုပြု၍ အမျှပေးဝေရ၏။ * ဤအမျှပေးဝေခြင်းသည်ပင် သူတို့နှင့် ရင်းနှီးအောင်မိတ်ဆွေဖွဲ့ခြင်း တစ်မျိုးဖြစ်၏၊ ဤအချက်သည် အိမ်တက်မင်္ဂလာပြုလုပ်ရာ၌ အဓိကလိုအပ်ချက်ဖြစ်ပါသည်။

ဘုရားရှင် ပါဋလိရွာ၌ သီတင်းသုံတော်မူနေစဉ် မဂဓနိုင်ငံကို အစိုးရသော အဇာသတတ်မင်းကြီး၏ အမတ်ကြီးများဖြစ်ကြသော သုနိဓပုဏ္ဏားနှင့် ဝဿကာရပုဏ္ဏားတို့သည် ပါဋလိရွာငယ်ကို မြို့ကွက်ချ၍ မြို့သစ်တည်ထောင်နေကြ၏။

ထိုအခါ နတ်တို့သည်လည်း ပါဋလိရွာက အိမ်ရာတို့ကို သိမ်းပိုက်လျက် ရှိကြကုန်၏၊ တန်ခိုးကြီးသောနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ အထက်တန်းစားမင်းနှင့် အမတ်ကြီးတို့ အိမ်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။

တန်ခိုးအလတ်စားနတ်တို့ အိမ်ရာသိမ်းပိုက်သောအရပ်၌ အလတ်တန်းစားမင်းနှင့် အမတ်တို့အိမ်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။တန်ခိုးနည်းသောနတ်တို့ အိမ်ရာသိမ်းပိုက်သောရပ်ကွက်၌ အောက်တန်းစားမင်းနှင့် အမတ်တို့ အိမ်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။

ဘုရားရှင်သည် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ထိုအခြေအနေများကို မြင်တော်မူ၍ “ အာနန္ဒာ..မဂဓတိုင်းသား အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရ ပုဏ္ဏားတို့သည် ပါဋလိရွာ၌ မြို့တည်ဆောက်နေသည်မှာ တာဝတိံသာနတ်တို့နှင့် တိုင်ပင်၍ တည်ဆောက်နေကြသကဲ့သို့ ဖြစ်ချေ၏” လို့ မိန့်တော်မူလေ၏။

သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် ထိုတည်ဆောက်ဆဲမြို့၌ ဘေးအန္တရာယ် ကင်းရှင်း၍ ကျက်သရေမင်္ဂလာ တိုးပွားစေရန်အလို့ငှါ ဘုရားရှင်နှင့်တကွ သံဃာတော်များကို ပင့်ဖိတ်ကြလေသည်။

ဘုရားအမှူးရှိသော သံဃာတော်များသည် အမတ်ကြီးတို့၏ အိမ်သစ်သို့ ကြွတော်မူကြ၍ ဆွမ်းဘုဉ်းပေးတော်မူသည်။

ဆွမ်းကိစ္စပြီးတော်မူသောအခါ ဘုရားရှင်က…

“ ပုဏ္ဏားတို့ ပညာရှိသည် အကြင်အရပ်၌ အိမ်ရာဆောက်လုပ်နေထိုင်၏၊ ထိုနေရာသစ်၌ သီလရှိ၍ ကိုယ်နှုတ်နှလုံး စောင့်သုံးလျက် မြတ်သောအကျင့်ကို ကျင့်သောပုဂ္ဂိုလ်တို့ကို ဆွမ်းကျွေးပြီးလျှင် ထိုအရပ်၌ရှိကြသော နတ်တို့အား အလှူ၏အဖို့ဘာဂကို အမျှဝေရာ၏၊ ဤသို့အမျှဝေသည်ရှိသော် နတ်တို့သည် ပူဇော်ခံရသဖြင့် ထိုအမျှဝေသူကို ပြန်လည်ပူဇော်ကြကုန်၏၊ ပြန်လည်၍ မြတ်နိုးကြကုန်၏၊ မိခင်သည် ရင်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ နတ်တို့သည် ထိုအမျှဝေသူကို စောင့်ရှောက်ကုန်၏၊ နတ်တို့စောင့်ရှောက် ခံရသောသူသည် အခါခပ်သိမ်း ကောင်းခြင်းမင်္ဂလာတို့ကိုသာ မြင်ရလေ၏ ” လို့ အိမ်တက်မင်္ဂလာတရားကို ဟောကြားတော်မူခဲ့ပါသည်။

သို့ဖြစ်၍ ...

* အိမ်တက်မင်္ဂလာပွဲ ဆင်နွှဲလှူဒါန်းခြင်းသည် ဘုရားရှင်လက်ထက်တော်ကတည်းက စတင်၍ ယနေ့တိုင်အောင်လက်ခံကျင့်သုံလျက်ရှိသော ထေရဝါဒဗုဒ္ဓဘာသာ၏ ယဉ်ကျေးမှုတစ်ရပ် ပင်ဖြစ်ပါသည်။ *

အနောက်နိုင်ငံတချို့၏ အိမ်တက်မင်္ဂလာပွဲ ဆင်နွှဲကျင်းပခြင်းသည် သူတို့၏ယဉ်ကျေးမှု ဓလေ့ထုံးစံမျှသာဖြစ်၍ ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ၏ အိမ်တက်မင်္ဂလာပွဲသည်ကား ယဉ်ကျေးမှုဓလေ့ထုံးစံကို ဘာသာရေးဖြင့် အနားကွပ်ပေးသောပွဲဟု ဆိုနိုင်ပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: အရှင်ဃောသိတ ဘိုကလေး ( ခြူးပန်းအိမ် ဓမ္မစာပေ )

Related Posts