Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

👉 လ/န ၃၉ ၊ လယ ၃၀ ပယ်ဖျက်ခြင်း

👉 လ/န ၃၉ ၊ လယ ၃၀ ပယ်ဖျက်ခြင်း

👉 လ/န ၃၉ ၊ လယ ၃၀ ပယ်ဖျက်ခြင်း

လယ်ယာမြေတွင် စိုက်ပျိုးခြင်းမှအပ အိမ်ဆောက်၊ ဆိုင်ဆောက်၊ ဆီဆိုင်ဖွင့် စသည်ဖြင့် အခြားနည်းအသုံးပြုရန် တင်ပြလျောက်ထားမှုကို လယ်စီအဖွဲ့ အဆင့်ဆင့်က စိစစ်ပြီး သတ်မှတ်နည်းလမ်းဖြင့် အသုံးပြုရန် ခွင့်ပြုပေးလျှက်ရှိပါသည်။

သတ်မှတ်နည်းလမ်း ဆိုသည်မှာ လယ်မြေကို စက်သုံးဆီဆိုင် လုပ်ကိုင်ရန် လျောက်ထားခြင်းတွင် လယ်စီအဖွဲ့က လျောက်ထားသည့် နည်းလမ်းအတိုင်း အသုံးပြုရန် ခွင့်ပြုမိန့် ချပေးခဲ့ပါက အဆိုပါ ခွင့်ပြုမိန့်ပါ နည်းလမ်းအတိုင်း စက်သုံးဆီဆိုင်လုပ်ငန်း အသုံးပြုခြင်းကို ဆိုလိုပါသည်။

ဥပမာ စက်သုံးဆီဆိုင် လုပ်ငန်းအတွက် အသုံးပြုရန်ခွင့်ပြုခြင်းဖြစ်ပါက စက်သုံးဆီဆိုင် ဖွင့်လှစ်ရန်အတွက်သာ ဖြစ်ပါသည်။ အခြားလုပ်ငန်း လုပ်ကိုင်နေလျှင် သတ်မှတ်နည်းလမ်းအတိုင်း အသုံးမပြုခြင်းဖြစ်၍ အရေးယူခံရခြင်း၊ ဒဏ်ကြေးငွေ ပေးဆောင်ရခြင်း၊ ခွင့်ပြုမိန့် ပယ်ဖျက်ခံရခြင်းများ ရှိပါသည်။ ခွင့်ပြုချက်ရပြီးသော်လည်း မည်သည့်လုပ်ငန်းမျှ မလုပ်ပဲ ၆ လအထက် ထားရှိပါက အခြားနည်းသုံးရန် ခွင့်ပြုချက်ကို ပယ်ဖျက်မည်ဖြစ်ပါသည်။

အခြားနည်းအသုံးပြုရန် ခွင့်ပြုထားသည့် မြေများနှင့် ပတ်သက်၍ ခရိုင်နှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ များသည် လယ်ယာမြေကို အခြားနည်း အသုံးပြုရန် ခွင့်ပြုထားခဲ့သည့် မြေများအား ကွင်းဆင်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်ကို ဓာတ်ပုံမှတ်တမ်းများနှင့်အတူ အသုံးပြုနေမှုအခြေအနေအား တိုင်း/ပြည်နယ် လယ်စီအဖွဲ့ထံ တင်ပြရမည်ဖြစ်ကြောင်း၊ တိုင်း/ပြည်နယ် လယ်စီအဖွဲ့များက ခရိုင်/မြို့နယ်၏ စိစစ်တွေ့ရှိချက်များကို စစ်ဆေးပြီး (ပုံစံ ၁၆)ဖြင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ သို့ (၆)လ တစ်ကြိမ် တင်ပြရမည်ဖြစ်ကြောင်း ဥပဒေတွင် ပြဌာန်းထားပါသည်။

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ အရ လယ်ယာမြေ အခြားနည်းအသုံးပြုမှုကို ပယ်ဖျက်ရန်လုပ်ပိုင်ခွင့်ကို လယ်မြေဖြစ်ပါက ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့သို့လည်းကောင်း၊ လယ်မြေမှတစ်ပါး လယ်ယာမြေ (ဥယဉ်စသည်) ဖြစ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ကိုလည်းကောင်း လုပ်ပိုင်ခွင့်အပ်နှင်းထားပါသည်။

လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်ရရှိထားသူသည် ခွင့်ပြုသည့်နေ့ရက်မှ (၆)လ (ခြောက်လ) အတွင်း သတ်မှတ်သည့် နည်းလမ်းအတိုင်း စတင် အသုံးမပြုကြောင်း၊ သတ်မှတ်ထားသည့် ကာလအတွင်း လုပ်ငန်းပြီးစီးခြင်းမရှိကြောင်း ခရိုင်/မြို့နယ် လယ်စီအဖွဲ့က စစ်ဆေးတွေ့ရှိလျှင်သော်လည်းကောင်း၊ ၂၀၁၂ လယ်ယာမြေ ဥပဒေမတိုင်မီက ခွင့်ပြုပေးခဲ့သော လ/န ၃၉ ခွင့်ပြုမိန့်များကို အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ပယ်ဖျက်ရန် ကိစ္စရပ်များတွင် လည်းကောင်း အခြားနည်းသုံးရန်ခွင့်ပြုမိန့် အား ပယ်ဖျက်နိုင်ရေးအတွက် အမှုတွဲဖွင့်လှစ်ရမည်ဖြစ်ပါသည်။

အမှုတွဲဖွင့်လှစ်ရာတွင် ပယ်ဖျက်မည့်မြေ၏ လက်ရှိမြေပြင်အခြေအနေ၊ မှတ်တမ်းဓာတ်ပုံများ၊ မြေအသုံးချထားမှုအခြေအနေ၊ အခြားနည်း အသုံးပြုရန်ခွင့်ပြုသည့် အချိန်မတိုင်မီက မြေအမျိုးအစား၊ မြေပုံ မြေရာဇဝင် ၁၀၅/၁၀၆၊ ယခင်ခွင့်ပြုထားခဲ့သော အထောက်အထားများ၊ မှတ်တမ်းများ၊ ခွင်ပြုချက်ရရှိထားသူ၏ ထွက်ဆိုချက်၊ ရပ်ကျေးလယ်စီအဖွဲ့၏ သဘောထားမှတ်ချက်၊ မြို့နယ်လယ်စီအဖွဲ့၏ သဘောထားမှတ်ချက်နှင့် အစည်းအဝေးဆုံးဖြတ်ချက်များဖြင့် ခရိုင်လယ်စီအဖွဲ့သို့ တင်ပြရပါသည်။ ခရိုင်လယ်စီအဖွဲ့မှ ထပ်မံ၍ စိစစ်ပြီး ခရိုင်လယ်စီ၏ သဘောထားမှတ်ချက်နှင့် အစည်းအဝေး ဆုံးဖြတ်ချက်များဖြင့် ပြည်နယ်တိုင်း လယ်စီအဖွဲ့သို့ တင်ပြရပါသည်။

ပြည်နယ်တိုင်း လယ်စီအဖွဲ့သည် တင်ပြချက်ကို လက်ခံရရှိပါက ပြည်နယ်တိုင်းလယ်စီအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်၊ သဘောထားမှတ်ချက်နှင့်အတူ ဗဟိုလယ်စီအဖွဲ့ထံတင်ပြရပါသည်။ ဗဟိုလယ်စီအဖွဲ့သည် တင်ပြချက်ကို ရရှိလျှင် စိစစ်ပြီး လိုအပ်ပါက 
(က) လယ်မြေကို အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်ကို ပယ်ဖျက်ရမည်။
(ခ) လယ်မြေမှတစ်ပါး လယ်ယာမြေကို နေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကထုတ်ပေးထားသော ခွင့်ပြုမိန့်ကို ပယ်ဖျက် စေရန် သက်ဆိုင်ရာ ပြည်နယ်တိုင်း အစိုးရသို့အကြောင်းကြားမည် ဖြစ်ပါသည်။ ထို့သို့ ပယ်ဖျက်ပြီးပါက အဆိုပါမြေသည် မူလမြေအမျိုးအစားပြန်ဖြစ်သွားမည် ဖြစ်ပါသည်။

ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ သည် ဗဟိုလယ်စီအဖွဲ့က ပယ်ဖျက်ထားသည့် လယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ က ပယ်ဖျက်ထားသည့် လယ်ယာမြေကို ပြန်လည်သိမ်းယူမည် ဖြစ်ပါသည်။

၂၀၁၂ လယ်ယာမြေ ဥပဒေမတိုင်မီ ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃၉ အရ လယ်ယာမြေ ပေါ်တွင် အခြားနည်းဖြင့် အသုံးပြုခွင့် ပေးခဲ့သည့် ခွင့်ပြုမိန့်များနှင့် ပတ်သက်၍လည်း ပယ်ဖျက်ရန် လိုအပ်ပါက ပယ်ဖျက်နိုင်ရန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ပြည်ထောင်စုရှေ့နေချုပ် ရုံးသို့ အကြံပြုချက် တောင်းခံခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အခြားနည်းဖြင့် အသုံးပြုခွင့်ရရှိသည့်မြေကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ အရ ပယ်ဖျက်ရန် လုပ်ပိုင်ခွင့်ကို လယ်မြေဖြစ်ပါက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို လည်းကောင်း၊ လယ်မြေမှတစ်ပါး လယ်ယာမြေဖြစ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို လည်းကောင်း အပ်နှင်းထားသဖြင့် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပြဋ္ဌာန်းပြီး အာဏာတည်ဆဲကာလတွင် ယခင် လ/န ၃၉ ခွင့်ပြုမိန့် ပယ်ဖျက်ရန် ပေါ်ပေါက်ခြင်း ဖြစ်ပါက မူလက မည်သည့် မြေအမျိုးအစားဖြစ်ကြောင်း စိစစ်ပြီး ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က ဖြစ်စေ၊ လ/န (၃၉) ခွင့်ပြုမိန့်ကို ပယ်ဖျက်သင့်ကြောင်း ပြန်ကြားခဲ့ပါသည်။

ထို့ကြောင့် ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၁.၈..၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေးအမှတ်စဉ် (၇/ ၂၀၁၇) တွင် ထည့်သွင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်နှင့်အညီ လ/န ၃၉ ခွင့်ပြုမိန့်များအား ပယ်ဖျက်သွားနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ရှေ့နေချုပ်ရုံး၏ အကြောင်းပြန်ကြားချက်သည် ဥပဒေ၊ နည်းဥပဒေ၊ ထောင့်ပေါင်းစုံမှ သုံးသပ်ပြန်ကြားထားပါသဖြင့် မူဝါဒ အနေဖြင့် မှတ်သားဆောင်ရွက်သွားရန် ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုချက်ရရှိထားသူများ အနေဖြင့် သတ်မှတ်ချက်များအတိုင်း အသုံးပြုကြရန်နှင့် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခြင်း မရှိပါက ခွင့်ပြုမိန့်ပယ်ဖျက်ခြင်း ခံရနိုင်ပါကြောင်း၊ ခရိုင်/မြို့နယ် လယ်စီအဖွဲ့များကလည်း ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်စေရေး ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Credit-ဆရာဦးမျိုးမင်းထွန်း
-------------------------------

Related Posts