Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ကျူးကျော်နေထိုင်သူတို့ ရှိနေသည့် မြေကိုဝယ်မည် ဆိုလျှင်

ကျူးကျော်နေထိုင်သူတို့ ရှိနေသည့် မြေကိုဝယ်မည် ဆိုလျှင်

ကိုယ်ကမြေကွက်လေးတစ်ခုကို ဝယ်တော့မယ်၊ မြေကွက်က ဈေးလည်းတန်တယ်၊ ဝန်းကျင်လည်းကောင်းတယ်၊ ကိုယ့်အတွက်လည်း အကျိုးကျေးဇူးများမယ့် မြေကွက်လေး ဖြစ်မယ်လို့ မျှော်လင့်ထားပေမယ့် အဲ့ဒီ့မြေကွက်မှာ ကာလရှည်ကြာ နေထိုင်နေတဲ့ ကျူးကျော်တွေ ရှိနေတယ်ဆိုရင် သူတို့ကို ဖယ်ရှားဖို့ ခေါင်းစားရပါတော့တယ်။ အဲ့ဒီ့အတွက် ကျူးကျော်နေထိုင်သူတွေ ရှိနေတဲ့ မြေကွက်ကို ဝယ်ယူတော့မယ်ဆိုရင် ဘာတွေဆောင်ရွက်သင့်လဲ၊ ဘာတွေဆောင်ရွက်နိုင်မလဲ ဆိုတာကို ဒီဆောင်းပါးလေးမှာ ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်။ 

ကျူးကျော်နေထိုင်သူရှိနေတဲ့ မြေကွက်တစ်ကွက်ကို ဝယ်ယူတော့မယ်ဆိုရင် စရန်ငွေပေးချခြင်းမပြုမီ ရောင်းသူနဲ့ ဝယ်ယူသူကြား အသေးစိတ် ညှိနှိုင်းသဘောတူညီချက် ရယူထားဖို့ လိုပါတယ်။ စရန်ငွေ မပေးခင်ညှိနှိုင်းတဲ့ အဆင့်မှာကတည်းက ကျွမ်းကျင်သူ ဥပဒေပညာရှင်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး စရန်စာချုပ်ရေးသားချုပ်ဆိုဖို့ ပြုလုပ်ထားသင့်ပါတယ်။ ကျူးကျော်နေထိုင်သူကို မြေကွက်အတွင်း ကျူးကျော်နေထိုင်သူနဲ့ မြေကွက်အပြင်မျက်နှာစာမှာ ကျူးကျော်နေထိုင်သူ ဆိုပြီး ၂ မျိုးခွဲနိုင်ပါတယ်။ မြေကွက်အတွင်း၊ အပြင်ရှိ ကျူးကျော်နေထိုင်သူ အားလုံးကို ဖယ်ရှားရှင်းလင်းပေးရန်အတွက် ရောင်းသူထံမှ သဘောတူညီချက် ရယူပြီး စရန်စာချုပ်မှာလည်း အသေးစိတ် ထည့်သွင်းချုပ်ဆိုဖို့ လိုအပ်ပါတယ်။ တကယ်လို့ စာချုပ်ထဲမှာ သဘောတူညီချက်ကို ရှင်းရှင်းလင်းလင်း ထည့်သွင်းချုပ်ဆိုထားခြင်းမရှိရင် ရောင်းသူအများစုဟာ မြေကွက်အတွင်းမှ ကျူးကျော်နေထိုင်သူများကိုသာ ဖယ်ရှားပေးဖို့ တာဝန်ယူပြီး မြေကွက်အပြင်ဘက် မျက်နှာစာရှိ ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားပေးဖို့ ငြင်းဆိုကြလေ့ ရှိတာဟာ လက်တွေ့ဘဝထဲမှာ မြင်တွေ့နေကျပဲ ဖြစ်ပါတယ်။ အဲ့ဒီ့အခါ ဝယ်သူဘက်က ကျုးကျော်သူတွေကို ထပ်ဖယ်ရှားရမယ်ဆိုရင် ကျုုးကျော်တွေ နေထိုင်တဲ့ အိမ်ခြေပေါ် မူတည်ပြီး လျော်ကြေးပေးရနိုင်ပြီး  မြေကွက်အတွက် ကုန်ကျစရိတ်ဟာလည်း ပိုမိုကုန်ကျလာနိုင်ပါတယ်။ ကျူးကျော်အိမ်တွေ အရည်အတွက်နည်းရင်တော့ လျော်ကြေးငွေ ပေးရတာ သက်သာပေမယ့် မြေကွက်ကြီးရင် ကြီးသလို တစ်ချို့နေရာတွေမှာ ရွာငယ်တစ်ခုစာလောက် ရှိတတ်တာကြောင့် စရိတ်စက အလွန်များသွားနိုင်ပါတယ်။  

ကျူးကျော်အိမ်တွေကို ဖယ်ရှားရာမှာလည်း လျော်ကြေးငွေမတန်တစ်ဆ တောင်းခံရခြင်းမျိုးစတဲ့ ညှိနှိုင်းရခက်တဲ့ ပြဿနာတွေ ကြုံရတတ်သလို တရားစွဲဆိုပြီး နှင်ထုတ်ရတဲ့အခါမှာလည်း အချိန်၊ ငွေကြေးများစွာ ကုန်ကျနိုင်ပါတယ်။ ဒါ့ကြောင့် ကျူးကျော်နေထိုင်သူရှိနေတဲ့ မြေကွက်ကို ဝယ်ယူမယ်ဆိုရင် စရန်ငွေပေးချေတဲ့ စာချုပ်မှာ အသေးစိတ်ထည့်သွင်းချုပ်ဆိုဖို့ လိုအပ်ပြီး ရောင်းဖိုးငွေအကြေပေးချေခြင်းမပြုမီ ရောင်းသူရဲ့ တာဝန်နဲ့ ကျူးကျော်အိမ်များ ဖယ်ရှားရှင်းလင်းဖို့နဲ့ ပျက်ကွက်ခဲ့ရင် စာချုပ်ပါစည်းကမ်းချက်တွေအတိုင်း လျော်ကြေးပေးချေဖို့ သဘောတူညီချက်များရယူကာ စာချုပ်မှာ ရှင်းရှင်းလင်းလင်း ထည့်သွင်းချုပ်ဆိုထားမှသာ ဝယ်ယူသူအတွက် ဆုံးရှုံးမှုမဖြစ်ပအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ 

အကောင်းဆုံးကတော့ ကျူးကျော်နေထိုင်သူတွေ မရှိတဲ့ မြေကွက်ကို ဝယ်ယူခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း  ကိုယ့်အတွက် ဈေးလည်းသက်သာမယ်၊ ဝန်းကျင်လည်းကောင်းမယ်ဆိုရင်တော့ အထက်မှာပြောသလိုပဲ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး စာချုပ်စာတမ်းနဲ့ သေချာဆောင်ရွက်ဖို့ အကြံပြုလိုက်ပါတယ်နော်။

Related Posts