Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေသူက မြန်မာပြည်က အိမ်ခြံမြေတွေကိုဝယ်လို့ရလား

နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေသူက မြန်မာပြည်က အိမ်ခြံမြေတွေကိုဝယ်လို့ရလား

နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေသူက
မြန်မာပြည်က အိမ်ခြံမြေတွေကိုဝယ်လို့ရလား

နိုင်ငံရပ်ခြားမှ ဖုန်းကော (phone call) ဝင်လာသဖြင့် ဖုန်းကို ဖွင့်၍ နားထောင်လိုက်မိတယ်။

“ကျွန်တော်က၊ ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့သူပါ၊ ဆရာ့ရဲ့ ဆောင်းပါးတွေကိုဖေ့စ်ဘုတ်မှာ ဖတ်ရပါတယ်။ ဒါကြောင့်အကူအညီတောင်းချင်လို့ဖုန်းဆက်လိုက်တာပါ” ဟု တစ်ဖက်မှ အသံကိုကြားလိုက်ရသည်။

“ဟုတ်ကဲ့ဘယ်လိုများ အကူအညီပေးရပါ့မလဲ၊ ပြောကြည့်ပါ ခင်ဗျာ”

“ဒဂုံမြို့သစ်ဘက်မှာ မြေတစ်ကွက်ဝယ်ချင်လို့ဆရာ၊ ကျွန်တော့် အမည်ပေါက်ဆိုရင်ဘယ်လို ဆောင်ရွက် ရမလဲဆိုတာ သိချင်လို့ပါ။ ကျွန်တော် ကလည်းချက်ချင်း ပြန်မလာနိုင်သေးဘူး။

“မောင်ရင့်အမည်နဲ့ မြေကွက် အမည်ပေါက်ချင်တာလား”

“ဟုတ်ကဲ့ဆရာ။ ကိုယ်တိုင်လက်မှတ်ရေးထိုး အရောင်းအဝယ် စာချုပ်ပြုလုပ်မှ မြေကွက်အမည် ပေါက်ရမယ်လို့ သိထားပါတယ် ဆရာ။ အဲဒါ ဟုတ်ပါသလား”

“ဟုတ်ပါတယ်။ စာချုပ်စာတမ်းရုံးမှာ အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီးမှ သက်ဆိုင်ရာ မြေ ယာဌာနမှာ အမည်ပြောင်းလျှောက်ထားရမှာဖြစ်ပါတယ်။ ကိုယ်တိုင်လာရောက် ချုပ်ဆိုရင်တော့ အကောင်းဆုံး ပေါ့”။

“ကိုယ်စားလှယ်လွှဲစာနဲ့ ချုပ်ဆိုလို့ မရဘူးလား ဆရာ”

“ရပါတယ်။ ဒါပေမယ့် လုပ်ဆောင်ရမယ့်အချက်တွေရှိတယ်။ မောင်ရင့်မှာက အိမ်ထောင်ရှိလား၊ ဇနီးထံ ကိုယ်စားလှယ်လွှဲပေးအပ်ဆောင်ရွက်ရင်တော့ဖြစ်တယ်။

“ကျွန်တော်က၊ Single တစ်ယောက်တည်းသမားပါ။ အမေနဲ့ ညီမတစ်ယောက်ရှိပါတယ်။ ညီမက တော့ အိမ်ထောင်ရှိတယ်။ အမေနဲ့ အတူနေတာဆရာ”

“ဒါဆိုရင် ညီမကိုဖြစ်စေ၊ အမေ့ကိုဖြစ်စေ၊ ကိုယ်စားလှယ်လွှဲစာ ပေး အပ်ပြီး အရောင်းအဝယ်စာချုပ် ပြု လုပ် ချုပ်ဆိုနိုင်ပါတယ်”။

“အမေက အသက် ၇၀ နီးပါးရှိပြီဆိုတော့၊ အစိုးရရုံးတွေကို သွားရတာ အဆင်မပြေဖြစ်မှာ စိုးရိမ်ရတယ် ဆရာ”

“ဒါဆိုလည်း အတူနေညီမကို မိမိရဲ့ ကိုယ်စားလှယ်ဆောင်ရွက်ဖို့ ကိုယ်စားလှယ်လွှဲစာပေးနိုင်တာပဲ”

“ကိုယ်စားလှယ်လွှဲစာနဲ့ဆိုရင် ကျွန်တော့်အမည် ထွက်နိုင်ပ့ါမလား”

“ထွက်ပါတယ်။ မောင်ရင့်ရဲ့အမည် ဥပမာ ဦးတင်မောင် ဆိုပါတော့”

“မောင်မောင်ဦးပါဆရာ”

“ကောင်းပြီး။ အဲ့ဒါဆိုရင် ဝယ်သူကဦးမောင်မောင်ဦး (၎င်း၏ ကိုယ်စားလှယ်စာရသူဒေါ်လှ) ဆိုတာမျိုး စာချုပ်မှာဖော်ပြရပါတယ်။ အမည်ပေါက် လျှောက်တော့လည်းမြေကွက် အမည်ပေါက်အဖြစ် ဦးမောင်မောင်ဦး (၎င်း၏ ကိုယ်စားလှယ်လွဲစာရသူ ဒေါ်လှ) ဆိုပြီး မြေရာဇဝင်မှာ ဖော်ပြမှာဖြစ်ပါတယ်”

“ဟုတ်ကဲ့ဆရာ G .P နဲ့ S.P ဆိုတာကဘယ်လိုကွာသလဲဆရာ။ အချို့ကပြောတော့ G.P ဆိုရင် မိမိမသိ လိုက်ဘဲ ပြန်ရောင်းတာမျိုးလည်း ရှိတတ်တယ်လို့ပြောကြတယ်။ ဒါကြောင့် သေချာတာမျိုးလုပ်ချင်ပါတယ်။ ဘယ်လိုစပြီးဆောင်ရွက်ရပါ့မလဲ”

“ပထမဆုံးအနေနဲ့ G.P ပဲ ဖြစ်ဖြစ် S.P ပဲဖြစ်ဖြစ် ပုံစံစာရွက်မှာ တံဆိပ်ခေါင်းအပြည့်အစုံ ကပ်ပြီးဖြည့် စွတ်ရပါမယ်။ ပြီးရင် ကိုယ်စားလှယ်အဖြစ်လက်ခံမယ့်သူရဲ့ မှတ်ပုံတင်နိုင်ငံသားကတ် ဓာတ်ပုံမိတ္တူနဲ့အတူ မောင်ရင့်ဆီ ပို့ပေးရမှာဖြစ်ပါတယ်။ အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)ကတော့ အကြောင်းအရာ ထည့် သွင်းဖော်ပြဖို့မလိုဘူး။ အထူးကိုယ်စားလှယ်လွှဲစာ (S.P) ကတော့ မိမိကိုယ်စားဆောင်ရွက်ရမယ့်အကြောင်း အရာကိစ္စကို အတိအကျဖော်ပြရပါတယ်။

“ဆရာပြောတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (S.P)ဆိုရင် ဘာတွေထည့်သွင်းဖော်ပြရပါသလဲ”

“ယခု ဝယ်မယ်ဆိုတဲ့ မြေကွက်၊ အဆောက်အအုံပါရင် အဆောက်အအုံအမျိုးအစား၊ ပျဉ်ထောင်၊ အုပ်ညှပ် နှစ်ထပ်တိုက်၊ နှစ်ထပ်အိမ်စတဲ့အတိ အကျဖော်ပြရပါမယ်။ နေအိမ်အမှတ်၊ လမ်း၊ ရပ်ကွက်အပြည့်အစုံ ဖော်ပြရ မယ်။ အဓိကအချက်က၊ မြေကွက် အမည်ပေါက်၊မြေကွက်အမှတ်၊ မြေတိုင်းအမှတ်တို့ကို အသေးစိတ်ဖော်ပြ ပြီး၊ အဆိုပါမြေနဲ့အိမ်အတွက် အဝယ်စာချုပ်ချုပ်ဆိုခြင်း၊ အမည်ပြောင်းခြင်း၊ မှတ်ပုံတင်စာချုပ်ရုံးနှင့် အခွန်ရုံးတို့ တွင် မိမိကိုယ်စား လက်မှတ်ရေးထိုးခြင်း၊ ထွက်ဆိုပြောကြားခြင်းစတဲ့ အချက်များကို အသေးစိတ် ဖော်ပြရပါ့မယ်။

“ဟုတ်ကဲ့ဆရာ။ လုပ်ဆောင် မယ်ဆိုရင်တော့ ဆရာနဲ့အတိအကျ ဆောင်ရွက်မှာပါဆရာ”

“ကောင်းတာကတော့။ အထူးကိုယ်စားလှယ်စာ (S.P) ကကောင်း ပါတယ်။ ကိုယ်စားလှယ်အလွှဲခံရသူအနေနဲ့ အဆိုပါ မြေနဲ့အဆောက်အအုံကို အဝယ်စာချုပ်ကိစ္စနဲ့ အမည်ပြောင်းကိစ္စသာ ဆောင်ရွက်ခွင့်ပေးထားတာဖြစ် လို့ ပြန်ရောင်းချခြင်းကိစ္စကို ဆောင်ရွက်ခွင့်ရှိမှာ မဟုတ်ပါဘူး”

“ဟုတ်ကဲ့ပါ ဆရာ။ အထူးကိုယ်စားလှယ်လွှဲစာ (S.P) ကျွန်တော်ထံရောက်ရှိရင် ဘယ်လိုလုပ်ဆောင်ရပါ သလဲ”

“အဲဒါနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက လက်ခံကျင့်သုံးတဲ့ စနစ်ကို ပြောပြပါမယ်”

“ဟုတ်ကဲ့ဆရာ၊ ကျွန်တော် သေချာမှတ်ထားပါ့မယ်။

တရားရုံးချုပ်ကဆုံးဖြတ်ထားတဲ့ Seasons overseas pte.Ltd ပါ(e) နှင့် Great Light Co.Ltd ပါ(၇)၊ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ-၄၃၊ အမှုမှာ- နိုင်ငံခြား တိုင်းပြည်တွင်ပြုလုပ်သည့် ကိုယ်စား လွှဲစာကိုဖြစ်စေ၊ အခြားစာရွက်စာ တမ်းတစ်စုံတစ်ရာဖြစ်စေ၊ သက်ဆိုင်ရာနိုင်ငံရှိ နိုတြီပဗ္ဗလစ်က ၎င်းရှေ့တွင် ပြုလုပ်ခြင်း မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီး ယင်းလက်မှတ်ရေးထိုးသူ နိုတြီပဗ္ဗလစ်သည် သက်ဆိုင်နိုင်ငံဥပဒေအရ ခန့်ထားသည့် နိုတြီပဗ္ဗလစ်ဖြစ်ကြောင်း အဆိုပါနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ် သံအရာရှိ သို့မဟုတ် ကောင်စစ်ဝန်က ထပ်ဆင့် လက်မှတ်ရေးထိုး အတည်ပြုမှသာ ယင်းကိုယ်စားလှယ်လွှဲစားကို မြန်မာနိုင်ငံ တရားရုံးက၊ သက်သေခံ ဥပဒေပုဒ်မ ၈၅ အရ မှန်သည်ဟု မှတ်ယူခွင့်ရှိကြောင်း၊ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် (S.P) စာရွက်ရရင် ဂျပန်နိုင်ငံမှာရှိတဲ့ နိုတြီ ပဗ္ဗလစ် တစ်ဦးရှေ့မှာ လက်မှတ်ရေးထိုးရမယ်။ နိုတြီပဗ္ဗလစ်အရာရှိ ကိုယ်တိုင်တံဆိပ်နဲ့တကွ လက်မှတ်ပါရှိပြီး ဂျပန်နိုင်ငံရှိ မြန်မာသံရုံးမှာ မှတ်ပုံတင် စာရင်းသွင်းရပါမယ်။ မြန်မာသံရုံးက သံအရာရှိ၊ ဒါမှမဟုတ် ကောင် စစ်ဝန် တစ်ဦးဦးက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီး မူရင်းစာရွက်ကို ပြန်လည်ပေးပို့ရမှာဖြစ်ပါတယ်။”

“ကျွန်တော်ရဲ့ ပတ်စ်ပိုစ့်စာရွက်လိုပါသလား”

“သက်တမ်းမကျော်သေးကြောင်း ပတ်စ်ပို့မိတ္တူကို ပူးတွဲတင်ပြရပါမယ်။ ဒါမှ အရောင်းအဝယ်စာချုပ်ချုပ်ဆို ရာမှာ စာချုပ်စာတမ်းမှတ် ပုံတင်ရုံးက လက်ခံချုပ်ဆိုပေးမှာဖြစ်တယ်” ဟု အကြံပြု ဆွေးနွေးပြောကြားလိုက် ပါသည်။
Crd; ဆရာထီယု၊ ဥပဒေရေးရာ အတိုင်ပင်ခံ

Related Posts