Myanmar House Logo

Myanmar House

Real Estate in Myanmar

ပါမစ်မြေကို ဂရန်အမည်ဖေါက်လို့ရလား?

ပါမစ်မြေကို ဂရန်အမည်ဖေါက်လို့ရလား?

ပါမစ်မြေကို ဂရန်အမည်ဖေါက်လို့ရလား? 
===========================

ရန်ကုန်မှာ ပါမစ်မြေကို ဂရန်အမည်ဖေါက်လို့ရပါသလား?
ရပါတယ်။

ပါမစ်မြေဆိုတာဘာလဲ?
+++++++++++++
ရန်ကုန်မှာတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စည်းကမ်းသတ်မှတ်ချက်တွေနဲ့  လူနေအိမ်တွေ၊ အဆောက်အအုံတွေ ဆောက်လုပ်ပြီးနေထိုင်ခွင့်ပြုထားတဲ့ မြေဖြစ်ပါတယ်။
အဲ့ဒီမြေနဲ့ပတ်သက်တဲ့ အထောက်အထားတွေဟာ မြေပေးမိန့်၊ မြေစလစ်၊ မြေကွက်ချကြောင်း အကြောင်းကြားစာ စသည်ဖြင့် အမည်အားဖြင့်အမျိုးမျိုးရှိနိုင်ပါတယ်။ 
အများအားဖြင့် ဟောင်းနေပြီဖြစ်တဲ့ ဝါကျန်ကျန်စာရွက်လေးတွေပါ။

ပါမစ်မြေကို ဘယ်သူတွေက ဂရန်အမည်ဖေါက်နိုင်ပါသလဲ?
+++++++++++++++++++++++++++++++++
ပါမစ်မြေကိုဂရန်အမည်ဖေါက်နိုင်တဲ့သူ (၃)ဦးရှိပါတယ်။ သူတို့တွေ့ကတော့ -
(၁)။ ပါမစ်မှာနာမည်ပေါက်တဲ့သူ
(၂)။ အမည်ပေါက်ဆီကနေ စာချုပ်အဆက်ဆက်တွေနဲ့ လက်လွှဲရယူထားသူ
(၃)။ မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တရားရုံးဒီကရီရရှိသူ တွေဖြစ်ပါတယ်။

ပါမစ်မြေကို ဂရန်အမည်ဖေါက်မယ်ဆိုရင် ဘာတွေရှိထားရမလဲ?
+++++++++++++++++++++++++++++++++++
(၁) ပါမစ်မူရင်း။

(၂) မြေငှားခကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက် (သို့မဟုတ်) မြေငှားခနောက်ဆုံးပေးဆောင်ခဲ့သည့် ပြေစာ။ (အခါအားလျှော်စွာ ပါမစ်နှင့်ပတ်သက်သော အဖိုးအခသတ်မှတ်လာပါက)

(၃) နိုင်ငံသားစိစစ်ရေးကဒ်ပြား (သို့မဟုတ်) အမျိုးသားမှတ်ပုံတင် မူရင်း။

(၄) အမည်ပေါက်သူသေဆုံးသွား၍ အမွေစားအမွေခံက လျှောက်ထားပါက ဥပဒေနှင့်အညီ အမွေဆက်ခံခွင့် ရှိကြောင်း ကျမ်းကျိန်လွှာ မူရင်း၊ ထောက်ခံကျမ်းကျိန်လွှာ(၂)စောင်၊ သေစာရင်း၊ အိမ်ထောင်စုစာရင်း။

(၅) အမည်ပေါက်ထံမှ ဝယ်ယူထားခြင်း ဖြစ်ပါက ပိုင်ဆိုင်မှုကိုအဆင့်ဆင့်လွှဲပြောင်းရယူခဲ့သည့် ကတိစာချုပ်မူရင်းများ။

(၆) တရားရုံး၏ ဒီကရီအရ မြေကိုရရှိထားသူဖြစ်လျှင် တရားရုံး၏ အမိန့် ဒီကရီမူရင်း။

ဘာတွေလုပ်ရမှာလဲ?
++++++++++++
(၁) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံမှာ ဖြည့်စွက်ပြီး လျှောက်ထားရပါမယ်။

(၂)  ပါမစ် စတဲ့ မူရင်းစာရွက်တွေရဲ့ မိတ္တူတွေကို လျှောက်လွှာနဲ့အတူတင်ရပါမယ်။ မူရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီး သက်ဆိုင်ရာကလက်ခံပါတယ်။

(၃) မြေကို ဂရန်လျှောက်တာနဲ့ပတ်သက်ပြီး ကန့်ကွက်ရန်ကြော်ငြာစာကို မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူ ကာယကံရှင်သို့ (၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ (၁)စောင်စီကို လျှောက်ထားသူမှပေးပို့နိုင်ရေး သက်ဆိုင်ရာမှ ထုတ်ပေးပါတယ်။
နောက် .. ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့မှ ကြော်ငြာစာကို လက်ခံရရှိကြောင်း အထောက်အထားတွေ ယူလာပြီး လျှောက်ထားသူက ပြန်လည်တင်ပြရပါမယ်။

(၄) သက်ဆိုင်ရာကမြေကို ကွင်းဆင်းတိုင်းတာပါမယ်။

(၅) အထက်ကအဆင့်တွေပြီးရင် သတင်းစာမှာ ကန်ကွက်ရန် ရှိ/မရှိ ကြော်ငြာရပါမယ်။

(၆) ကန့်ကွက်သူမရှိဘူးဆိုရင်တော့ စည်ပင်သာယာရေးကော်မတီဝင်များရဲ့ အစည်းအဝေးကို တာဝန်ရှိသူက တင်ပြပြီး အစည်းအဝေးမှာ တည်ပြုရင် လျှောက်ထားသူဟာ မြို့နယ်အလိုက်သတ်မှတ်ထားတဲ့ ဝန်ဆောင်ခ နှုန်းထားကို ပေးသွင်းရပါမယ်။

(၇) အထက်က အဆင့်တွေပြီးရင် သက်ဆိုင်ရာကနေ ဂရန်မှာ မြေပုံရေးဆွဲပြီး ဂရန်ပေါ်မှာ အမည်ပေါက်မဲ့သူနဲ့ သက်သေတစ်ဦးကို လက်မှတ်ထိုးခိုင်းပါတယ်။ နောက် သက်ဆိုင်ရာဌာနမှူးဆီပြန်လည် တင်ပြပြီး ဌာနမှူးက အတည်ပြုလက်မှတ်ထိုး ပြီးသွားရင်တော့ ဂရန်ကို လျှောက်ထားသူဆီကို ထုတ်ပေးပါလိမ့်မယ်။
#credit #ZLA Law Firm

Related Posts