Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အရောင်းအဝယ်လုပ်ချိန်မှာစရန်ငွေချတော့မယ်ဆိုရင် မည်မျှစရန်ချမလဲဆုံးဖြတ်ရမည့်ကိစ္စ

October 18, 2022 113 views
အရောင်းအဝယ်လုပ်ချိန်မှာစရန်ငွေချတော့မယ်ဆိုရင် မည်မျှစရန်ချမလဲဆုံးဖြတ်ရမည့်ကိစ္စ

အရောင်းအဝယ်လုပ်ချိန်မှာစရန်ငွေချတော့မယ်ဆိုရင် မည်မျှစရန်ချမလဲဆုံးဖြတ်ရမည့်ကိစ္စ

အိမ်ခြံမြေ အရောင်းအဝယ်ပဲဖြစ်ဖြစ်၊ အခြားအရောင်းအဝယ်ပြုလုပ်ချိန်မှာ ခိုင်မာမှု၊ ဈေးကွက်အခြေအနေပေါ်မူတည်ပြီးတော့ ဝယ်ယူဘက်သေချာတယ်ဆိုလျှင်ပိုင်ရှင်ဘက်က ငွေပြန်မအမ်းနိုင်တဲ့ အခြေအနေမျိုးအထိ ဝယ်ယူသူအနေနဲ့ စရန်ငွေချထားကျပါသည်။

အဝယ်လိုက်တဲ့မြေနေရာတွေမှာဝယ်ယူကစရန်အနည်းငယ်သာချထားမည်ဆိုလျှင်နောက်ဝယ်လက်ကဈေးကိုအများကြီးပိုပေးတာမျိုးနဲ့ကြုံလျှင်စရန်ငွေနည်းတဲ့အတွက်ရောင်းသူကစရန်ငွေ၂ဆပြန်အမ်းပြီးနောက်လူကိုရောင်းချထားမျိုးတွေအများအပြားရှိပါသည်။

စရန်ငွေကို အရောင်းအဝယ်ပြုလုပ်တဲ့ တန်ဖိုးငွေစုစုပေါင်းရဲ့ မည်ရွေ့မည်မျှပေးရမယ်လို့ ပုံသေသတ်မှတ်ထားတာ မရှိသလို မည်မျှပေးရမယ်လို့ အစဉ်အလာ အတိအကျမရှိပါဘူး။ရောင်းသူ၊ဝယ်ယူနှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီးစရန်ငွေသတ်မှတ်ပေးချေရမှာဖြစ်ပါသည်။

စရန်ငွေပေးခြေရာမှာ ဝယ်သူအနေနဲ့ သတိပြုရမယ့်အချက်မှာ အရောင်းအဝယ်ပြုလုပ်တဲ့ မြေကွက်၊ အဆောက်အုံကို မိမိစရန်ငွေပေးထားစဉ်ကာလအတွင်းမိမိထက်ဈေးပိုပြီး ဈေးကောင်းပေးသူ၊ ဈေးပိုပေးသူ ပေါ်ပေါက်လာရင် ဖော်ပြပါစရန်ငွေရဲ့ ၂ဆကိုလျော်နိုင်အောင် လုံလောက်စိတ်ချရတဲ့စရန်ငွေကို ပေးချေဖို့ ဖြစ်ပါသည်။

ရောင်းသူအနေနဲ့လည်း လုံလောက်ခိုင်မာတဲ့၊ စိတ်ချရမယ့် စရန်ငွေကိုသာ လက်ခံသင့်ပါတယ်။ မဖြစ်စလောက် မပြောပလောက်တဲ့ စရန်ငွေကို လက်ထဲပိုက်ပြီး အကြောင်းကြောင်းကြောင့် မဝယ်ဖြစ်တော့တဲ့ဝယ်သူကို လူမှုရေးငဲ့တဲ့အနေနဲ့ စရန်ငွေကိုလည်း အဆုံးခံစေပြီး မသိမ်းပဲ ကာလရှည်စွာ စောင့်မျှော်နေရင် အရောင်းအဝယ်လည်းမဖြစ်၊ တခြားဝယ်လက်ကောင်းကိုလည်း ဆုံးရှုံးပြီး အချိန်ကုန်လူပန်းဖြစ်မှာကို သတိပြုဖို့ လိုအပ်ပါတယ်။

အလားတူ တချို့ရောင်းသူအနေနဲ့ ရောင်းချမယ့် အဆောက်အအုံရှိ အိမ်ငှားတွေရဲ့ အိမ်လခတွေ၊ စပေါ်ငွေတွေပြန်အမ်းရန်၊ မြေကိစ္စတွေရှင်းလင်းရန်စတဲ့ ငွေကြေးလိုအပ်ချက်တွေ ရှိနိုင်တာကြောင့် ရောင်းသူအနေနဲ့ စရန်ငွေကို လက်ခံရာမှာ မိမိအခြေအနေအလျှောက် အဲသည် စရိတ်စကတွေကိုလည်း ထည့်သွင်းစဉ်းစားပြီးမှ စရန်ငွေကို လက်ခံဖို့ လိုအပ်ပါသည်။

ဝယ်သူအနေနဲ့ စရန်ငွေမပေးချေမီ အစစအရာရာ အသေးစိတ်လေ့လာ ဆုံးဖြတ်ပြီးမှ ပေးချေသင့်ပါတယ်။ စရန်ငွေပေးချေပြီးမှ အရောင်းအဝယ် သဘောတူစာချုပ်ပါ စည်းကမ်းတချို့ကိုမကြိုက်လို့ဖြစ်စေ၊ ထပ်မံဖြည့်စွက်စရာရှိလို့ဖြစ်စေ ထပ်မံဆွေးနွေးဖို့ရှိလာရင် စရန်ငွေပေးထားပြီးဖြစ်တာကြောင့် ဝယ်သူအနေနဲ့ အားနည်းချက်ရှိနေမှာဖြစ်ပါတယ်။

အိမ်ခြံမြေ ဝယ်ယူရာမှာ အရေးကြီးတဲ့ အချက်အခြာတစ်ခုမှာ မြေအကျယ်အဝန်းကို စာချုပ်ပါအတိုင်း အမှန်အကန် အတိအကျရှိမရှိကို စစ်ဆေးပြီးမှ စရန်ငွေပေးခြေဖို့ လိုအပ်ပါတယ်။အကယ်၍စရန်ငွေပေးချေပြီးမှမြေတိုင်းတာစစ်ဆေးပြီးအကျယ်အဝန်းလျော့နည်းမှုရှိလာလျှင်လည်းမြေတန်းဖိုးတွက်ချက်ပြီးလျော့သည့်မြေအကျယ်အဝန်းအပေါ်တန်းဖိုးလျော့ချရန်ထည့်သွင်းချုပ်ဆိုဖို့လိုအပ်ပါသည်။

အထက်ပါအချက်များကိုစရန်ငွေပေးချေခြင်းမပြုမည်အသေအချာစဉ်းစားရန်လိုအပ်ပြီးအရေးကြီးသည့်အချက်များဖြစ်ကြောင်းဥပဒေဗဟုသုတရရှိစေရန်ရေးသားဖော်ပြအပ်ပါသည်။

Credit: iMyanmarHouse.com
ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts