Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

နိုင်ငံတော်အစိုးရက သိမ်းပြီး ပြန်ပေးသည့် မြေကွက်ကို ဝယ်မည်ဆိုလျှင်

September 21, 2022 417 views
နိုင်ငံတော်အစိုးရက သိမ်းပြီး ပြန်ပေးသည့် မြေကွက်ကို ဝယ်မည်ဆိုလျှင်

နိုင်ငံတော်အစိုးရက သိမ်းပြီး ပြန်ပေးသည့် မြေကွက်ကို ဝယ်မည်ဆိုလျှင်

“နိုင်ငံတော် အစိုးရက သိမ်းထားပြီး ပြန်ပေးတဲ့ မြေကွက်ကိုဝယ်ရင် တရားဝင်ပါသလား”ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးပါသည်။

“တရားဝင်စာထုတ်ပြီး ပိုင်ရှင်ထံ လွှဲအပ်ပေးကြောင်း အထောက်အထား စာရွက်စာတမ်းဖြစ်ရင်တော့ တရားဝင် ပါတယ်။ ဘယ်လို အခက်အခဲရှိနေလို့လဲ”

“အစိုးရက သိမ်းတာတော့ကြာပြီ၊ ဒါပေမယ့် လျော်ကြေးလည်း မရဘူး။ အစကတော့ အစိုးရရုံးတစ်ရုံး ဆောက်ထားတယ်။ နောက်ပိုင်း မီးလောင်သွားတယ်ပြောတယ်။ အခု အဲဒီမြေကွက်ကို ပိုင်ရှင်အမည်ပေါက်ရဲ့ သားသမီးတွေက ပြန်လျှောက်ခဲ့တယ်။ ဒီအစိုးရခေတ်မှ ပြန်လည်ရခဲ့တယ်လို့ ပြောပါတယ်”

“သူငယ်ချင်းရဲ့ ပြောစကားအရဆိုရင်တော့ မြေကွက်အမည်ပေါက်က မိဘအမည်ပေါက်ဖြစ်နေသေးတဲ့ သဘောလားလို့”

“သူတို့ ပြောစကားအရတော့ မြေသိမ်းအက်နဲ့ ကြေညာပြီး သိမ်းထားတာလို့ မြေရာဇဝင်မှာ မရှိဘူး ပြောတယ်”

“သားသမီးက ဘယ်နှယောက် ကျန်ရှိနေလဲ”

“သားသမီးလေးယောက်ကျန်ခဲ့တယ်။ တစ်ဦးကတော့ မကြာသေးတဲ့ လထဲကပဲ ကွယ်လွန်သွားတယ်ပြော ပါတယ်”

“ဒါဆိုရင် ပြန်လည်လျှောက်ထားစဉ်ကတော့ သားသမီးလေးဦးအနေနဲ့ လျှောက်ထားခဲ့တာဖြစ်မယ်”

“ဟုတ်ပါတယ်။ အခုသုံးဦးပဲရှိ တော့တယ်ဆိုတော့ သုံးဦးလုံး သဘောတူရင် အရောင်းအဝယ်လုပ်လို့ရ တယ် မဟုတ်လား”

“ကွယ်လွန်သွားသူက အိမ်ထောင်ရှိမယ်၊ သားသမီးရှိမယ်ဆိုရင်တော့ သူတို့က အမွေဆက်ခံသူအနေနဲ့ ရပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်”

“အိမ်ထောင်ရှိမယ်ထင်တယ် ဆရာ၊ အကြီးဆုံးသားက အသက်ခြောက်ဆယ်ကျော်နေပြီ ဆရာ”

“ကွယ်လွန်သူမှာ ဇနီးရှိသေးရင် တော့ ဇနီးက ဆက်ခံခွင့်ရမှာ ဖြစ်တယ်”

“ကျွန်တော် ကြားဖူးတာက သားမက်နဲ့ ချွေးမက ယောက္ခမရဲ့ အမွေကို ရပိုင်ခွင့်မရှိဘူးလို့ ကြားဖူးတယ်”

“အဲဒီ အခြေအနေမျိုးက အခုကိစ္စနဲ့ မတူဘူး။ ယောက်ခမဖြစ်သူက သားဖြစ်သူထက် အရင်စောကွယ် လွန်တာမျိုးဆိုရင်တော့ ချွေးမက အမွေမရနိုင်ဘူးပေါ့။ အခုကိစ္စမှာ သားဖြစ်သူက အမွေရှင်မိဘတွေရဲ့ နောက်မှ ကွယ်လွန်တာဖြစ်လို့ ဇနီးရှိရင် ဇနီးက အမွေဆက်ခံခွင့်ရှိတယ်။ ဇနီးမရှိရင်တော့ သားသမီးတွေက အမွေဆက်ခံခွင့်ရမှာ ဖြစ်ပါတယ်”

“ဟုတ်ကဲ့ ဆရာ၊ ဒါဆိုရင် အရောင်းစာချုပ် ချုပ်မယ်ဆိုရင် သားသမီး သုံးဦးနဲ့ ကျန်ခဲ့တဲ့ ဇနီးတို့က လက်မှတ်ရေးထိုးရမှာပေါ့”

မှန်ပါတယ်။ တစ်ခုရှိတာက အမည်ပေါက် (မြေအမည်ပေါက်) ပေါ့နော်၊ လက်ရှိမြေယာဌာနမှာ မိဘ တွေအမည်ပေါက်ဟုတ် မဟုတ်သွား ရောက်စုံစမ်းဖို့ လိုပါတယ်။ မြေကွက်ကို ပိုင်ရှင်ထံပြန်ပေးကြောင်း အ ကြောင်းကြားစာကိုလည်း သက်ဆိုင်ရာ မြေစာရင်းဌာန၊ ဒါမှမဟုတ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြေယာဌာနတို့ကို အကြောင်းကြားခြင်း ရှိ မရှိ။ မိတ္တူပို့ထားခြင်းရှိ မရှိ။ စုံစမ်းဖို့လိုပါတယ်”

“လိုအပ်ရင် သတင်းစာထဲမှာ ထည့်ပြီး အရောင်းအဝယ် ကန့်ကွက်ရန် ရှိ မရှိ ကြော်ငြာပါမယ့် ဆရာ”

“ဟုတ်ပါပြီ။ ဒါနဲ့ အဲဒီ မြေကွက်က မီးလောင်ပြင်အဖြစ် ကျန်ရှိနေတယ်လို့ ပြောလိုက်သလားလို့”

“မီးလောင်ပြင်မြေကွက် အလွတ်တော့ မဟုတ်ဘူး ဆရာ လူနေအိမ်တွေရှိတယ်”

“ယခင်အစိုးရရုံးက လူတွေပဲနေတာလား။ ဘယ်လို ရောက်လာကြသလဲ။ ရာဇဝင်တော့ ရှိမှာပေါ့”

“သူတို့ ပြောတာကတော့ ကျူးကျော်နေကြသလို ပြောတာပဲ ဆရာ။ တချို့ကလည်း အဲဒီဝန်ကြီးဌာနလား၊ အိုးအိမ်ဦးစီးဌာနကိုလား မြေငှားခ သဘောပေးရတယ်လို့လည်း ပြောကြတယ်။ သေချာ မသိဘူး”

“အဆောက်အအုံတွေရှိတဲ့ မြေ ကို ရောင်းမယ့် သဘောပေါ့”

“ဟုတ်ပါတယ် ဆရာ။ ဒါကြောင့် သူတို့ကိုလည်း ဘယ်လိုနှင်ရမယ်ဆိုတာလည်း သိချင်လို့ပါ”

“အဆောက်အအုံကများသလား”

“ငါးဦးလောက်တော့ရှိမယ် ဆရာ။ သီးခြား နှစ်ထပ်အိမ်တစ်လုံးနဲ့ တန်းလျားလို့ အဆောက်အအုံတစ်ခု ရှိတယ်။ အဲဒီမှာတော့ အိမ်ထောင်စု သုံးဦး၊ နှစ်ထပ်အိမ်က အထက်၊ အောက်တစ်ဦးစီဆိုတော့ အိမ်ထောင်စုငါးဦးတော့ ရှိတယ် ပြောပါတယ်”

“မြေဆိုတော့ လုပ်ဆောင်ရတာ အဆင့်ဆင့် ရှုပ်ထွေးတာပေါ့။ တိုက်ခန်းကတော့ ရှင်းတာပေါ့လေ။ အိမ် ငှားဟုတ်မဟုတ်။ ကျူးကျော်နေသူ ဟုတ်မဟုတ် ခွင့်ပြုချက်နဲ့ထားတာ လားဆိုတာစုံစမ်းရတာလွယ်ကူတယ်”

“နှစ်ထပ်တိုက်အိမ်ကတော့ မြေငှားရမ်းခပေးရတယ်လို့ ပြောတယ်။ တန်လျားလို တိုက်ခန်းကတော့ သူတို့ မိဘတွေ လက်ထက်ကတည်းကနေခဲ့တာလို့ ပြောတယ်။ နှစ်ပေါင်း နှစ်ဆယ်နီးပါးရှိပြီလို့လည်း ပြောတယ်”

“မြေကွက်ပိုင်ရှင်ကို မြေကွက် ပြန်လည်လွှဲပြောင်းပေးတယ်ဆိုရင်တော့ မြေကွက်လပ်ကိုပဲ လက်ရောက် ပြန်လည်လွှဲအပ်ပေးရမှာ ဖြစ်တယ်။ တိုက်ခန်းဆိုရင်တော့ရှင်းတယ်။ တိုက်ခန်းလွတ်ကို ပြန်လည်လွှဲအပ် ပေးရမှာဖြစ်တယ်”

“အခုလို မြေငှားထားတာ ကျူးကျော်နေထိုင်တာမျိုးဆိုရင် ဘယ်လို ဆောင်ရွက်မလဲ ဆရာ”

“ဥပဒေအရတော့ မူလထားရှိသူက တာဝန်ယူဖြေရှင်းပေးရမှာ ဖြစ်တယ်”

“အဲဒီလိုတော့ ဖြေရှင်းပေးမယ် မထင်ဘူး။ ဥပဒေအရ ဘယ်လိုရှိပါသလဲ။ သိခွင့်ရမလား”

“ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ -၁၀၉ မှာ အငှားချထား သူက အငှားချထားသည့် ပစ္စည်းကို လွှဲပြောင်းပေးလျှင် လွှဲပြောင်းပေးသည့် ပစ္စည်းနှင့် ပတ်သက်သည့် အငှားချထားသူ၏ အခွင့်အရေးအားလုံး လွှဲပြောင်းခံယူသူက လက်ခံရရှိသည်လို့ ပြဌာန်းထားတယ်။ ဒါကြောင့် တရားရုံးချုပ်က ဆုံးဖြတ်တဲ့ ဒေါ်စန်း နိုင်နှင့် ဦးဝင်းကိုပါ (၂) ၂၀၀၂ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ-၂၇၀ အမှုမှာ အချင်းဖြစ်တိုက် ခန်းသည် ပြည်သူပိုင်သိမ်းထားသော တိုက်ခန်းဖြစ်ပြီး၊ အိုးအိမ်ဦးစီးဌာနမှ အငှားချထားသဖြင့် ပြည်သူပိုင်သိမ်း ခြင်းမှ ရပ်စဲ၍ ပိုင်ရှင်သို့ပြန်လည်လွှဲ ပြောင်းပေးအပ်သည့်အခါ အဆိုပါ ပြည်သူပိုင်သိမ်းထားသည့် အခန်းတွင် အငှားချထားခြင်းခံရသူသည် ပိုင်ရှင်၏ အိမ်ငှားအဖြစ်ဆက်လက် ရပ်တည်သည်လို့ ဆုံးဖြတ်ထားပါတယ်”

“ဒါဆိုရင် အခုကိစ္စမှာ မြေငှားနေသူတွေကလွှဲပြောင်းရရှိတဲ့ မြေရှင်ရဲ့ မြေငှားအဖြစ် အလိုအလျောက် ရောက်ရှိသွားတဲ့ သဘောလားဆရာ”

“ဟုတ်ပါတယ်။ ဒါကြောင့် လက်ရှိနေထိုင်သူတွေဟာ မြေငှားလား၊ ကျူးကျော်နေထိုင်သူတွေလားဆိုတာ သေချာစုံစမ်းပြီးမှ ဝယ်သင့်တယ်”

“ကျူးကျော်သူဆိုရင်တော့ တရားစွဲနှင်ရမှာပေါ့ ဆရာ”

“ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာပေါ့။ တချို့ကလည်း ကန်ထရိုက် တိုက်ဆောက်မယ်ဆိုပြီး လက်ရှိနေထိုင်သူ တွေနဲ့ ညှိပြီးဝယ်တာလည်း ရှိတာပေါ့။ ကိုယ့်အတွက် အကျိုးအမြတ်တွက်ချက်စဉ်းစားဝယ်ပါလို့ပဲ ပြောပါရ စေ”ဟု အကြံပေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

Credit to: ဈေးကွက်ဂျာနယ်

Related Posts