“တစ်သောင်းတန်ငွေစက္ကူအတု ဖြင့် အရေးယူခြင်းကိစ္စ နှင့် ဒေါ်လာငွေဝယ်ယူခဲ့ခြင်းကိစ္စများအတွက် သိသင့် သိထိုက်သော မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေ ကောက်နှုတ်ချက်ကို တင်ပြလိုက်ရပေသည်”
“တစ်သောင်းတန်ငွေစက္ကူအတု ဖြင့် အရေးယူခြင်းကိစ္စ နှင့် ဒေါ်လာငွေဝယ်ယူခဲ့ခြင်းကိစ္စများအတွက် သိသင့် သိထိုက်သော မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေ ကောက်နှုတ်ချက်ကို တင်ပြလိုက်ရပေသည်”
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေကို ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် - ၁၆ ဖြင့် ၁၃၇၅ - ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက်နေ့၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။
ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက် ၊ ရည်မှန်းချက်များကို ပုဒ်မ ၃ မှ ပုဒ်မ ၇ အထိ ပြဋ္ဌာန်းထားရာ သိသင့်သိထိုက်သော အချက်များကို ကောက်နှုတ်ဖော်ပြရလျှင် အောက်ပါ အတိုင်းဖြစ်သည်။
ပုဒ်မ ၅ ။ ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်မှာ ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှု ရရှိရန်နှင့် ထိန်းသိမ်းရန်ဖြစ်သည်။
ပုဒ်မ - ၆။ ဗဟိုဘဏ်သည် မိမိ၏ အဓိကရည်မှန်းချက်နှင့် အညီ အောက်ပါရည်ရွယ်ချက်များတိုးတက်အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ရမည် -
(က) ငွေကြေးတည်ငြိမ်ရေး၊
(ခ) ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေး၊
(ဂ) ထိရောက်သော ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ခိုင်မာတိုးတက်ရေး၊
(ဃ) ရှင်သန်သောစီးပွားရေးဖွံ့ဖြိုးမှုရရှိစေရန် အစိုးရအဖွဲ့၏ အထွေထွေစီးပွားရေးမူဝါဒများကို အထောက်အကူပြုရေး။
ပုဒ်မ- ၇။ ဗဟိုဘဏ်သည် မိမိ၏အဓိကရည်မှန်းချက်နှင့် ရည်ရွယ်ချက်များအောင်မြင်စေရန် ဤ ဥပဒေ ပါလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိအားအပ်နှင်းထားသည့် လုပ်ပိုင်ခွင့် များကို လွတ်လပ်စွာ ကျင့်သုံးဆောင်ရွက်နိုင်သည်။
ထို့ကြောင့် ဗဟိုဘဏ်သည် ငွေကြေးတည်ငြိမ်ရေးအတွက် အဓိကဆောင်ရွက်ရန်ဖြစ်သည်။
လတ်တလော ငွေကျပ်တစ်သောင်းတန်အတုကိစ္စနှင့် ဆက်စပ်၍ ပြောဆိုရလျှင် မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၁ တွင် “မည်သူမျှ ဗဟိုဘဏ်ကထုတ်ဝေသော ငွေစက္ကူ၊ ဒဂါၤးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း တစ်မျိုးမျိုးကို အတုမှန်းသိလျက်နှင့် သုံးစွဲခြင်း မပြုလုပ်ရ။” ဟု ပြဋ္ဌာန်းထားသည်။
ငွေစက္ကူအတုမှန်းသိလျှက် သုံးစွဲသူအတွက် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ သို့ဖြစ်၍ မိမိကို တစ်စုံတစ်ယောက်က ပေးလိုက်၍ အတုမှန်းမသိဘဲ သုံးစွဲသူအနေဖြင့် ဤ ဥပဒေအရ အရေးယူခံရနိုင်ရန် အကြောင်းမရှိပေ။
ထို့ကဲ့သို့ ငွေစက္ကူအတုမှန်းသိလျှက် သုံးစွဲသူသည် ပုဒ်မ ၁၀၅ အရ အရေးယူခြင်းခံရမည်ဖြစ်သည်။ ထိုပုဒ်မဖြင့် အရေးယူခြင်းခံရလျှင် ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်စလုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်သည်။
အဆိုပါပုဒ်မကို မြန်မာနိုင်ငံဗဟိုဘဏ် ဥပဒေတွင် ရဲအရေးပိုင်သော ပြစ်မှု အဖြစ်သတ်မှတ်ထားခြင်း မရှိပါ။
ရဲအရေးယူနိုင်သော ပုဒ်မမှာ ပုဒ်မ ၁၀၃ နှင့် ၁၀၄ သာဖြစ်သည်။
ပုဒ်မ ၁၀၃ အရ အရေးယူခံရသူမှာ ငွေစက္ကူကို ဆုတ်ဖြဲခြင်း၊ တစ်နည်းနည်းဖြင့် ပုံသဏ္ဍာန်ပျက်ယွင်းအောင်ပြုခြင်း၊ အကျိုအမြတ်ရယူရန် အလို့ငှာရောင်းဝယ်ဖောက်ကားခြင်းဖြစ်သည်။
ပုဒ်မ ၁၀၄ အရ အရေးယူသော ကိစ္စရပ်များမှာ ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင်၊ ဝန်ထမ်းတို့က တာဝန်ဝတ္တရားဆောင်ရွက်ရာမှ သိရှိလာသော သတင်းအချက်အလက်တို့ကို ခွင့်ပြုချက်မရဘဲ ထုတ်ဖော်ပြောဆို၍ အရေးယူသော ပုဒ်မ ဖြစ်သည်။
အဆိုပါ ပုဒ်မ (၂) ခုသာ ရဲအရေးပိုင်သည် ဟုသတ်မှတ်ထား၍ ငွေစက္ကူအတုမှန်းသိလျှက် သုံးစွဲသူမှာ ရဲအရေးမပိုင်ဟု ဆိုသည်။ ထို့ကြောင့် ရဲက အတုလုပ်သည့် ပုဒ်မဖြင့် တရားစွဲဆိုအရေးယူပုံရပေသည်။ ထိုပုဒ်မ များဖြင့် တရားစွဲမည်ဆိုက ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို ရယူရန် လိုပေသည်။
ထို့နောက် ဗဟိုဘဏ်သည် ငွေရေးကြေးရေးကို တည်ငြိမ်အောင်ထိန်းသိမ်းရန်တာဝန်ရှိသည့် အလျှောက် ဒေါ်လာငွေများဝယ်ယူသည့်ကိစ္စမှာ ဗဟိုဘဏ်ဥပဒေတွင် ပြဋ္ဌာန်းထားသည့် အခန်း(၈) တွင် နိုင်ငံခြားသုံးငွေနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲခြင်း အပိုင်းတွင် ပါဝင်ပေသည်။
ပုဒ်မ ၅၆ (ခ) အရ ဗဟိုဘဏ်သည် “နိုင်ငံခြားသုံးငွေ အပေးအယူပြုလုပ်မှုများတွင် အများလက်ခံအသုံးပြုသော နည်းလမ်းတစ်ခုခု ဖြင့် နိုင်ငံခြားငွေကြေးများကို ဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းနှင့် ရောင်းဝယ်ဖောက် ကားခြင်း” ကို ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားပေသည်။
အဆိုပါ လုပ်ပိုင်ခွင့်အရ ှဗဟိုဘဏ်က ဒေါ်လာငွေများကို ဝယ်ယူခဲ့ခြင်းဖြစ်ပေမည်။ ဈေးနှုန်းသင့် မသင့်မှာ တစ်ကိစ္စဖြစ်ပေသည်။ ထိုကဲ့သို့ဆောင်ရွက်နိုင်ကြောင်းကိုလည်း ှဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ထားသည့် ပုဒ်မ ၄၁ (ဂ) တွင်လည်း “ ငွေရေးကြေးရေးဈေးကွက်များတွင် လိုအပ်သလို ဝင်ရောက် ရောင်းဝယ်နိုင်သည်ဟု” ပြဋ္ဌာန်းထားပေသည်။
ထို့ကြောင့် လိုရင်းကို ဆိုလိုရလျှင် ငွေစက္ကူအတုမှန်းသိလျှက် သုံးစွဲမှသာ ပုဒ်မ ၁၀၅ အရ အပြစ်ရှိပေမည်။ အတုမှန်းသိလျှက် ဆိုသည်မှာ ငွေစက္ကူအတု လုပ်သူများက ငွေးကြေးလည်ပတ်မှုအတွင်း သို့ ငွေအတုများကို ပိုက်ဆံပေး၍ ဖြန့်ချီခိုင်းခြင်း၊ သုံးစွဲခိုင်းစေခြင်းကို ပြုတတ်ကြပေသည်။ ထိုသို့ ငွေစက္ကူအတုများကို သုံးစွဲသူမှသာလျှင် ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅ အရ အပြစ်ရှိပေမည်။
ရဲအရေးလည်း မပို်င်ဟု ဆိုထားသည်။. ရဲအရေးမပိုင်လျှင် ဗဟိုဘဏ်တာဝန်ရှိသူများကသာ တရားရုံးသို့ ဦးတိုက်လျှောက်ထားစွဲဆိုရပေမည်။
ဗဟိုဘဏ်က ဒေါ်လာဝယ်ယူသော ကိစ္စမှာ ၎င်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အရ ဝယ်ယူခြင်းဖြစ်၍ ဗဟိုဘဏ်သည် ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေး တည်ငြိမ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု သတင်း အချက်အလက်များကို အများပြည်သူသိရှိစေရန် ဒါရိုက်တာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုံးလပတ်အလိုက် ထုတ်ပြန်ရန် တာဝန်ရှိပေသည်။ ပုဒ်မ ၃၉ အရဖြစ်သည်။
ယခု လတ်တလောကိစ္စရပ်များတွင် မူဗဟိုဘဏ်က အများပြည်သူသိရှိရန် ထုတ်ပြန်သော သတင်းများကို မကြားမိပေ။
လေ့လာမိသလောက်တင်ပြခြင်းဖြစ်၍ အမှားပါက ထောက်ပြဝေဖန်ကြပါရန် ဖိတ်ခေါ်လျှက်
ဗဟိုဘဏ်ဥပဒေ ကောက်နှုတ်ချက်ကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်..
မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေ
အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက် ခေါင်းစဉ်ဖြင့် ပုဒ်မ ၁ တွင် ဥပဒေအမည် - ပုဒ်မ ၂(က) မှ (ထ) အထိ အဓိပ္ပာယ်ဖော်ပြချက်များကို ပြဋ္ဌာန်းထားသည်။
အခန်း(၂)
တည်ထောင်ခြင်း၊ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်
ပုဒ်မ ၃ မှ ပုဒ်မ ၇ အထိ ပြဋ္ဌာန်းထားသည်။ သိသင့်သော အချက်များကို ဖော်ပြရလျှင် -
ပုဒ်မ ၅ ။ ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်မှာ ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှု ရရှိရန်နှင့် ထိန်းသိမ်းရန်ဖြစ်သည်။
ပုဒ်မ - ၆။ ဗဟိုဘဏ်သည် မိမိ၏ အဓိကရည်မှန်းချက်နှင့် အညီ အောက်ပါရည်ရွယ်ချက်များတိုးတက်အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ရမည် -
(က) ငွေကြေးတည်ငြိမ်ရေး၊
(ခ) ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေး၊
(ဂ) ထိရောက်သော ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ခိုင်မာတိုးတက်ရေး၊
(ဃ) ရှင်သန်သောစီးပွားရေးဖွံ့ဖြိုးမှုရရှိစေရန် အစိုးရအဖွဲ့၏ အထွေထွေစီးပွားရေးမူဝါဒများကို အထောက်အကူပြုရေး။
ပုဒ်မ- ၇။ ဗဟိုဘဏ်သည် မိမိ၏အဓိကရည်မှန်းချက်နှင့် ရည်ရွယ်ချက်များအောင်မြင်စေရန် ဤ ဥပဒေ ပါလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိအားအပ်နှင်းထားသည့် လုပ်ပိုင်ခွင့် များကို လွတ်လပ်စွာ ကျင့်သုံးဆောင်ရွက်နိုင်သည်။
အခန်း(၃)
ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းခြင်း
ပုဒ်မ ၈ မှ ပုဒ်မ ၂၃ အထိ ပြဋ္ဌာန်းထားသည်။
ပုဒ်မ - ၈။ ဗဟိုဘဏ်ကို ဒါရိုက်တာအဖွဲ့ဖြင့် စီမံခန့်ခွဲရမည်။
ပုဒ်မ- ၉။ (က) ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ကို ပုဂ္ဂိုလ် ၉ ဦးဖြင့် အောက်ပါအတိုင်းဖွဲ့စည်း၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးရမည် -
(၁) ဗဟိုဘဏ်ဥက္ကဋ္ဌ ဥက္ကဋ္ဌ
(၂) ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ သုံးဦး အဖွဲ့ဝင်
(၃) အစိုးရအဖွဲ့ကရွေးချယ်ပေးသော ပြင်ပမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ ငါးဦး အဖွဲ့ဝင် အဖွဲ့ဝင်
(ခ) ဗဟိုဘဏ် ဥက္ကဋ္ဌ ၏ သက်တမ်းသည် ငါးနှစ်ဖြစ်သည်။ ကျန် ဒါရိုက်တာအဖွဲ့ဝင်များ၏ သက် တမ်းသည် လေးနှစ်ဖြစ်သည်။ ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ဆက်တိုက်သက်တမ်းနှစ်ခုထက် ပို၍ ထမ်းဆောင်ခွင့်မရှိစေရ။
အခန်း(၄)
မတည်ငွေရင်းနှင့် အမြတ်ခွဲဝေမှု
ပုဒ်မ- ၂၄။ နိုင်ငံတော်သည် ဗဟိုဘဏ်၏ တစ်ဦးတည်းသော အစုရှယ်ယာပိုင်ရှင်ဖြစ်သည်။ ဗဟိုဘဏ်၏ ခွင့်ပြုမတည်ငွေရင်းသည် ကျပ်သန်းပေါင်း သုံးသိန်းဖြစ်သည်။ ယင်းအနက် ငွေကျပ်သန်းပေါင်း တစ်သိန်းကို နိုင်ငံတော်က ထည့်ဝင်ပြီးဖြစ်ရမည်။ ဗဟိုဘဏ်၏ ခွင့်ပြု မတည်ငွေရင်းနှင့် ထည့်ဝင်ပြီးမတည်ငွေရင်းတို့ကို အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တိုးမြှင့်နိုင်သည်။ မတည်ငွေရင်းများကို လျော့ချခြင်းမပြုရ။
ဤ အခန်းတွင် ပုဒ်မ ၂၄ မှ ပုဒ်မ ၃၆ အထိ ပြဋ္ဌာန်းထားသည်။
အခန်း(၅)
တာဝန်ခံမှုနှင့် သတင်းအချက်အလက်ထုတ်ပြန်မှု
ပုဒ်မ ၃၇ မှ ပုဒ်မ ၃၉ အထိ ပြဋ္ဌာန်းထားသည်။ သိသင့်သည့်ပုဒ်မကို ဖော်ပြရလျှင် -
ပုဒ်မ- ၃၉။ ဗဟိုဘဏ်သည် ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေးတည်ငြိမ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုသတင်းအချက်အလက်များကို အများပြည်သူ သိရှိစေရန် ဒါရိုက်တာ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုံးလပတ်အလိုက် ထုတ်ပြန်ကြေညာရမည်။
အခန်း(၆)
ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ
၄၀။ ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ
(က) ငွေကြေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ခ) နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ မူဝါဒကို ဆုံးဖြတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊
(ဂ) အစိုးရအဖွဲ့အား နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်နှင့်စပ်လျဉ်း၍ အကြံပြုခြင်း၊
(ဃ) နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊
(င) ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ်ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊
(စ) ငွေရေးကြေးရေးစနစ်တည်ငြိမ်ခိုင်မာမှုကို ထိန်းသိမ်းနိုင်ရန် ကြီးကြပ်ထိန်းကျောင်းခြင်း၊
(ဆ) ငွေရေးကြေးရေးစနစ်အဖွဲ့အစည်းများကို ကြီးကြပ်စစ်ဆေးခြင်းနှင့် ကြပ်မတ်ကွက်ကဲခြင်း၊
(ဇ) ငွေကြေးဈေးကွက်နှင့်နိုင်ငံခြားငွေဈေးကွက်များ စနစ်တကျနှင့် ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်ထိန်းကျောင်းကွပ်ကဲခြင်း၊
(ဈ) လုံခြုံစိတ်ချရပြီး ခိုင်မာ၍ စွမ်းဆောင်ရည်ပြည့်ဝသော ပေးချေမှုစနစ်တစ်ရပ် တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း၊
(ည) ဘဏ်များ၏ နောက်ဆုံးအားထားရာ ကာလတိုချေးငွေထုတ်ချေးသူအဖြစ် ဆောင်ရွက်ခြင်း၊
(ဋ) အစိုးရအဖွဲ့၏ ငွေစာရင်းများကို ထိန်းသိမ်းပေးခြင်းဖြင့် အစိုးရအဖွဲ့၏ ဘဏ်အဖြစ် ဆောင်ရွက်ခြင်း၊
(ဌ) အစိုးရအဖွဲ့၏ ငွေရေးကြေးရေးဆိုင်ရာအကြံပေးနှင့် ဘဏ္ဍာရေးကိုယ်စားလှယ်အဖြစ် ဆောင်ရွက် ခြင်း၊
(ဍ) ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ ဘဏ်အဖြစ်ဆောင်ရွက်ခြင်း၊
( ငွေရေးကြေးရေးအဖွဲ့အစည်းများအတွက် စာရင်းများဖွင့်၍ အပ်ငွေများလက်ခံခြင်း၊
(ဏ) ဘဏ်လုပ်ငန်း၊ ချေးငွေနှင့် ငွေကြေးနယ်ပယ်ရှိ အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး အဖွဲ့အစည်းများတွင် နိုင်ငံတော်၏ ပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသော အပေးအယူပြုလုပ်မှုများကို ဆောင်ရွက်ခြင်းနှင့် တာဝန်ဝတ္တရားအားလုံးကို အစိုးရအဖွဲ့အမည်ဖြင့်တာဝန်ခံဆောင်ရွက်ခြင်း၊ အစိုးရအဖွဲ့ကိုယ်စား အဆိုပါ အဖွဲ့အစည်းများနှင့်ဆက်သွယ်ဆောင်ရွက်ခြင်း ၊
(တ) ဤဥပဒေအရသော်လည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ မိမိအား အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်တာဝန်များကို ဆောင်ရွက်ခြင်းကြောင့်ပေါ်ပေါက်လာသော သို့မဟုတ် အကြောင်းသင့်ဆက်စပ်ဖြစ်ပေါ်လာသော လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်း။
၄၁။ ဗဟိုဘဏ်သည် အောက်ပါလုပ်ငန်းများဝန်များကိုလည်းဆောင်ရွက်ခွင့်ရှိသည် -
(က) မိမိအတွက် မိမိအမည်ဖြင့် ငွေချေးသက်သေခံလက်မှတ်များထုတ်ဝေခြင်းနှင့် ယင်းငွေချေးသက်သေခံလက်မှတ်များကို ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့်လည်းကောင်း၊ အများပြည်သူနှင့်လည်းကောင်း ရောင်းဝယ်ဖောက်ကားခြင်း၊
(ခ) ငွေချေးသက်သေခံလက်မှတ်များကို အာမခံရယူ၍ ကာလတိုချေးငွေနှင့် ကြိုတင်ပေးငွေများထုတ် ပေးခြင်း၊
(ဂ) ငွေရေးကြေးရေးဈေးကွက်များတွင် လိုအပ်သလိုဝင်ရောက်ရောင်းဝယ်ခြင်း၊
(ဃ) ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများအားလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးခြင်း၊
(င) မိမိရရန်ရှိသော ကြွေးမြီအတွက် လက်ခံရရှိသည့် ရွှေ့ပြောင်းနိုင်သောပစ္စည်းကိုဖြစ်စေ၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုဖြစ်စေ ရောင်းချ၍ တန်ဖိုးကိုရယူခြင်း၊
(စ) မိမိသင့်လျော်သည်ဟုယူဆသော စည်းကမ်းချက်များနှင့်အညီ မည်သည့်နိုင်ငံခြားငွေကြေး အမျိုးအစားဖြင့်မဆို ပြည်ပမှ ချေးငွေရယူခြင်းနှင့် အဆိုချေးငွေများအတွက် အာမခံများထုတ် ပေးခြင်း၊
(ဆ) ဤဥပဒေအရ တရားစွဲဆိုရန်ခွင့်ပြုမိန့်တောင်းခံလာသည့် ကိစ္စရပ်များကိုအဆုံးအဖြတ်ပေးခြင်း၊
(ဇ) စာရင်းအင်းနှင့်သတင်းအချက်အလက်များကောက်ယူခြင်းနှင့် ပြုစုရေးဆွဲခြင်း၊ အဓိကအားဖြင့် နိုင်ငံခြားငွေပေးငွေယူစာရင်းများရေးဆွဲခြင်းနှင့် တည်ငြိမ်၍ကောင်းမွန်သည့် နိုင်ငံခြားငွေပေးငွေယူစာရင်း အခြေအနေတစ်ရပ်ရရှိစေရန် လိုအပ်သောနည်းလမ်းများကို တာဝန်ယူဆောင်ရွက်ခြင်း၊
(ဈ) ငွေကြေးပမာဏကို လိုအပ်သလိုထိန်းချုပ်နိုင်ရန် ဗဟိုဘဏ်၏ အတိုးနှုန်းကို အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်ခြင်း။
ဤ အခန်းသည် ပုဒ်မ ၃၇ မှ ပုဒ်မ ၄၄ အထိ ပြဋ္ဌာန်းထားသည်။
အခန်း(၇)
ငွေကြေးတည်ငြိမ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ခြင်း
ပုဒ်မ ၄၅ မှ ပုဒ်မ ၅၃ အထိ ပြဋ္ဌာန်းထားသည်။
အခန်း(၈)
နိုင်ငံခြားသုံးငွေနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲခြင်း
ပုဒ်မ ၅၄ မှ ပုဒ်မ ၆၀ အထိ ပြဋ္ဌာန်းထားသည်။
သိသင့်သည့်ပုဒ်မ ကို ဖော်ပြရလျှင် -
၅၆။ ဗဟိုဘဏ်သည် အခါအားလျော်စွာသတ်မှတ်ထားသည့် စည်းကမ်းများနှင့် အညီ အောက်ဖော်ပြပါ လုပ်ငန်းများကို ဆောင်ရွက်နိုင်သည် -
(က) ရွှေ သို့မဟုတ် အခြားအဖိုးတန်သတ္တုများကို ဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း၊
(ခ) နိုင်ငံခြားသုံးငွေ အပေးအယူပြုလုပ်မှုများတွင် အများလက်ခံအသုံးပြုသော နည်းလမ်းတစ်ခုခု ဖြင့် နိုင်ငံခြားငွေကြေးများကို ဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းနှင့် ရောင်းဝယ်ဖောက် ကားခြင်း၊
(ဂ) နိုင်ငံခြားအစိုးရ သို့မဟုတ် နိုင်ငံခြားဗဟိုဘဏ်များက ထုတ်ဝေသည့် သို့မဟုတ် အာမခံသည့် ငွေတိုက်လက်မှတ်များနှင့် အခြားငွေချေးသက်သေခံလက်မှတ်များ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ယင်းတို့၏ အပြည်ပြည်ဆိုင်ရာ အသင်း အဖွဲ့များက ထုတ်ဝေသော အစုရှယ်ယာ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်များကို ဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း၊
(ဃ) အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ပြည်ပရှိဗဟိုဘဏ်များ ၊ ငွေကြေးအာဏာပိုင်များနှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများတွင် မိမိ၏ ငွေစာရင်းများကို ဖွင့်လှစ်ထားရှိခြင်း၊
(င) အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ပြည်ပရှိဗဟိုဘဏ်များ ၊ ငွေကြေးအာဏာပိုင်များနှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရများနှင့် ယင်းတို့အား ကိုယ်စားပြုသူများအတွက် ကိုယ်စားလှယ်အဖြစ် သို့မဟုတ် ဆက်သွယ်သူအဖြစ် ဆောင်ရွက်ခြင်း၊ ငွေစာရင်းများကို ဖွင့်လှစ်ပေးခြင်းနှင့် လုပ်ငန်းဆောင်ရွက်ပေးခြင်း၊
(စ) ဗဟိုဘဏ်က သင့်လျော်သည်ဟုယူဆသော စည်းကမ်းချက်များနှင့်အညီ မည်သည့်နိုင်ငံခြားငွေကြေးဖြင့်မဆို ငွေချေးယူခြင်းနှင့် အဆိုပါချေးငွေများအတွက် အာမခံပေးခြင်း။
အခန်း(၉)
ပြည်တွင်းသုံးငွေထုတ်ဝေခြင်း
ပုဒ်မ ၆၁ မှ ပုဒ်မ ၆၇ အထိ ပြဋ္ဌာန်းထားသည်။
ဗဟိုဘဏ်ကသာလျှင် ငွေစက္ကူနှင့် ဒင်္ဂါးများထုတ်ပိုင်ခွင့်ရှိခြင်း၊ ဗဟိုဘဏ်က ထုတ်သော ငွေစက္ကူနှင့် ဒဂါၤးများသည် နိုင်ငံတော်တစ်ဝန်းလုံးတွင် တရားဝင်ငွေအဖြစ်တည်ရှိစေရမည်။ ဟု အဓိက ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
အခန်း(၁၀)
ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခြင်း
ပုဒ်မ ၆၈ မှ ပုဒ်မ ၇၅ အထိ ပြဋ္ဌာန်းထားသည်။
ဗဟိုဘဏ်သည် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများကို လိုင်စင်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် လုပ်ငန်းခိုင်မာကောင်းမွန်စေရန် ကြီးကြပ်စစ်ဆေးခြင်း၊ ကြပ်မတ်ကွပ်ကဲခြင်း ဆိုင်ရာတို့ကို ပြဋ္ဌာန်းထားသည်။
အခန်း(၁၁)
ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်ကို ကြီးကြပ်ထိန်းကျောင်းခြင်း
ပုဒ်မ ၇၆ မှ ပုဒ်မ ၇၈ အထိ ပြဋ္ဌာန်းထားသည်။
ဗဟိုဘဏ်သည် ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်ကို ကြီးကြပ်ထိန်းကျောင်းနိုင်ရန် အတွက် -
ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်တွင်ပါဝင်ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ၏လုပ်ငန်းခွင်သို့ အခါအားလျော်စွာသွားရောက်၍ စာရင်းများ၊ စာရင်စာအုပ်များ၊ အထောက်အထားစာရွက် စာတမ်းများနှင့် အခြားမှတ်တမ်းများအား စစ်ဆေးခြင်း၊
ကာလအလိုက်စာရင်းများ၊ မှတ်တမ်းများနှင့် သတင်းအချက်အလက်များကို ၎င်းတို့ထံမှ ရယူ၍ စစ်ဆေးခြင်း စသည့် တာဝန်များကို ပြဋ္ဌာန်းထားသည်။
အခန်း(၁၂)
ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်ကို ကြီးကြပ်ထိန်းကျောင်းခြင်း
ပုဒ်မ ၇၉ မှ ပုဒ်မ ၈၄ အထိ ပြဋ္ဌာန်းထားသည်။
ဗဟိုဘဏ်သည် လုံခြုံမှုနှင့် ထိရောက်မှုရှိသော ငွေပေးချေမှုဖြစ်ပေါ်လာစေရန်အတွက် ဗဟိုဘဏ်ဥပဒေအရ လျှောက်ထားလာသည့် အဖွဲ့အစည်းများကို လိုင်စင်ထုတ်ပေးခြင်း၊ ရုပ်သိမ်းခြင်း၊ ငြင်းပယ်ခြင်း အကြောင်းတို့ကို ပြဋ္ဌာန်းထားသည်။
အခန်း(၁၃)
ဘဏ်များ၏ နောက်ဆုံးအားထားရာ ကာလတိုချေးငွေထုတ်ချေးသူအဖြစ် ဆောင်ရွက်ခြင်း
ပုဒ်မ ၈၅ မှ ပုဒ်မ ၈၉ အထိ ပြဋ္ဌာန်းထားသည်။
ငွေရေးကြေးရေးစနစ်ကောင်းမွန်စေရန် ဘဏ်များအား ကာလတိုချေးငွေထုတ်ချေးပေးသည့် အကြောင်းတို့ကို ပြဋ္ဌာန်းထားသည်။
အခန်း(၁၄)
အစိုးရအဖွဲ့၏ ငွေရေးကြေးရေးကိစ္စများကို ဆောင်ရွက်ခြင်း
ပုဒ်မ ၉၀ မှ ပုဒ်မ ၉၅ အထိ ပြဋ္ဌာန်းထားသည်။
ဗဟိုဘဏ်သည် အစိုးရအဖွဲ့၏ အပ်ငွေများကို လက်ခံပြီး အစိုးရအဖွဲ့ကိုယ်စား ယင်းငွေစာရင်းများကို ပေးချေမှုပြုုလုပ်ခြင်း၊ အစိုးရအဖွဲ့သို့ချေးငွေထုတ်ပေးခြင်း၊ အစိုးရအဖွဲ့သို့လိုအပ်သည့် အကြံဉာဏ်များပေးခြင်း စသည့် အကြောင်းတို့ကို ပြဋ္ဌာန်းထားသည်။
အခန်း(၁၅)
စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူခြင်း
ပုဒ်မ ၉၆ မှ ပုဒ်မ ၉၈ အထိ ပြဋ္ဌာန်းထားသည်။
ဗဟိုဘဏ်သည် ဤဥပဒေပုဒ်မ ၄၉ နှင့် ၅၀ တို့အရ သတ်မှတ်ထားသော အချိုးနှင့် အညီ သီးသန့်ငွေထားရန် ပျက်ကွက်သည့် ဘဏ်များကို ဒဏ်ကြေးသတ်မှတ်တောင်းခံခြင်း၊ ဗဟိုဘဏ်က သတ်မှတ်သော ငွေရေးကြေးရေး အချိုးတို့ကို လိုက်နာရန် ပျက်ကွက်သော ဘဏ်များကို အရေးယူဆောင်ရွက်ခြင်း အကြောင်းတို့ကို ပြဋ္ဌာန်းထားသည်။
အခန်း(၁၆)
တားမြစ်ချက်များ
ပုဒ်မ ၉၉ မှ ပုဒ်မ ၁၀၁ အထိ ပြဋ္ဌာန်းထားသည်။
၉၉။ မည်သူမျှ ဗဟိုဘဏ်၏ ခွင့်ပြုချက်မရရှိဘဲ အောက်ပါတို့ကို မပြုလုပ်ရ -
(က) ငွေစက္ကူ သို့မဟုတ် ဒဂါၤးတစ်ခုခုကို ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ပုံသဏ္ဍာန်ပျက်ယွင်းအောင်ပြုလုပ်ခြင်း၊
(ခ) ငွေစက္ကူကိုဖြစ်စေ၊ ဒဂါၤးကိုဖြစ်စေ အကျိုးအမြတ်ရယူလိုခြင်းငှာ ရောင်းဝယ်ဖောက်ကားခြင်း၊
၁၀၀။ ဗဟိုဘဏ်၏ မည်သည့်ဒါရိုက်တာအဖွဲ့ဝင်၊ ဝန်းထမ်း သို့မဟုတ် ကိုယ်စားလှယ်မျှ မိမိ၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာမှ သိရှိလာသည့် ပုဂ္ဂိုလ်တစ်ဦးဦးသည် မည်သူမည်ဝါဖြစ်ကြောင်းကိုသော်လည်းကောင်း၊ ယင်း ပုဂ္ဂိုလ်၏ ငွေအပေးအယူပြုလုပ်မှုများ၊ ဝင်ငွေပမာဏ၊ ဝင်ငွေရလမ်း၊ အမြတ်များ၊ အရှုံးများ၊ အသုံးစရိတ်များနှင့် စပ်ဆိုင်သည့် သတင်းအချက်အလက်များကိုသော်လည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုချက် ညမရှိဘဲ ထုတ်ဖော်ပြောဆိုခြင်း၊ စစ်ဆေးစေခြင်း သို့မဟုတ် ကြေညာခြင်း မပြုလုပ်ရ။
၁၀၁။ မည်သူမျှ ဗဟိုဘဏ်ကထုတ်ဝေသော ငွေစက္ကူ၊ ဒဂါၤးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း တစ်မျိုးမျိုးကို အတုမှန်းသိလျက်နှင့် သုံးစွဲခြင်း မပြုလုပ်ရ။
၁၀၂။ မည်သူမျှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒဂါၤးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း တစ်မျိုးမျိုးကို အတုပြုလုပ်ခြင်း၊ အတုကို ပြည်ပမှတင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်း မပြုလုပ်ရ။
အခန်း(၁၇)
ပြစ်မှုနှင့် ပြစ်ဒဏ်များ
ပုဒ်မ ၁၀၃ မှ ပုဒ်မ ၁၀၇ အထိ ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၁၀၃ အရ ပုဒ်မ ၉၉ ပါပြဋ္ဌာန်းချက်ကို ဖော်ဖျက်ကျူးလွန်လျှင် ကျူးလွန်သူကို ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်စလုံးဖြစ်စေချမှတ်ခြင်း၊ သက်ဆိုင်သည့် သက်သေခံပစ္စည်းတို့ကို ဘဏ္ဍာသိမ်းခြင်းခံရမည်
ပုဒ်မ ၁၀၄ အရ ှဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်၊ ဝန်ထမ်းတို့ ပုဒ်မ ၁၀၀ ပြဋ္ဌာန်းချက်ကို ကျူးလွန်လျှင် ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်စလုံးဖြစ်စေချမှတ်ခံရမည် ဖြစ်သည်။
ပုဒ်မ ၁၀၅ အရ ပုဒ်မ ၁၀၁ ပါ ပြဋ္ဌာန်းချက် ယခုလတ်တလောဖြစ်ပျက်နေသော တစ်သောင်းတန်ငွေစက္ကူကိစ္စမျိုး အတုမှန်းသိလျှက်နှင့် သုံးစွဲလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထပ် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်သည်။
ပုဒ်မ ၁၀၆ အရ ပုဒ်မ ၁၀၂ တွင် ပြဋ္ဌာန်းထားသော ငွေစက္ကူအတုလုပ်ခြင်းဖြစ်ပါက အနည်းဆုံး ထောင်ဒဏ်(၁၀) နှစ်မှ အများဆုံးထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ခြင်းခံရမည်ဖြစ်သည်။ သက်ဆိုင်သည့် သက်သေခံပစ္စည်းအားလုံးဘဏ္ဍာသိမ်းခံရမည်ဖြစ်သည်။
ပုဒ်မ ၁၀၇ မှာ အားပေးကူညီသူ၊ ကျူးလွန်ရန်အားထုတ်သူ ၊ ကျူးလွန်ရန် ပူးပေါင်းကြံစည်သူ တို့အတွက် ၎င်းတို့ကျူးလွန်ရန် ကြံစည်သည့် ပုဒ်မ အတိုင်း အရေးယူအပြေစ်ပေးခြင်းခံရမည် ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
အခန်း(၁၈)
အထွေထွေ
ပုဒ်မ ၁၀၈ မှ ပုဒ်မ ၁၂၁ အထိ ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၁၀၈ မှာ ဗဟိုဘဏ်ဥက္ကဋ္ဌသည် ပြည်ထောင်စုဝန်ကြီးအဆင့်ဖြစ်၍ ဒုတိယဥက္ကဋ္ဌ များသည် ဒုတိယဝန်ကြီးအဆင့်ဖြစ်ကြောင်းကိုလည်းကောင်း၊
ပုဒ်မ ၁၀၉ ။ ဤဥပဒေပါပြစ်မှုများအနက် ပုဒ်မ ၁၀၃ နှင့် ပုဒ်မ ၁၀၄ တို့ကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ်သတ်မှတ်သည်။
ပုဒ်မ ၁၁၀။ ပုဒ်မ ၁၀၃ သို့မဟုတ် ပုဒ်မ ၁၀၄ အရ တရားစွဲဆိုရာတွင် ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်။
Crd (original writer )
#payphoohlwarlawbookshop
#law