Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ကလေးတွေအတွက် သီးသန့်အခန်းလေး ဖန်တီးပေးမယ်

October 27, 2022 245 views
ကလေးတွေအတွက် သီးသန့်အခန်းလေး ဖန်တီးပေးမယ်

အနောက်နိုင်ငံတွေက မိသားစုတွေမှာ ကလေးတွေကို ငယ်ငယ်တည်းက သီးသန့်အခန်းလေး ဖန်တီးပေးထားလေ့ ရှိပါတယ်။ ဒါဟာ ကလေးအတွက် ငယ်ငယ်တည်းက ကိုယ့်ကိုကိုယ် အားကိုတတ်အောင်၊ ကိုယ့်ရဲ့ Privacy၊ အခြားလူရဲ့ Privacy ကို တန်ဖိုးထားတတ်အောင် သင်ကြားပေးခြင်းလည်း ဖြစ်သလို ကလေးကိုလည်း လွတ်လပ်တဲ့ ခံစားချက် ပေးစွမ်းနိုင်ပါတယ်။ ကလေးတွေ တစ်ယောက်တည်းအိပ်ဖို့ သင်ယူခြင်းဟာ ကိုယ်ရော၊ စိတ်ပါ လွတ်လပ်တဲ့ လူကြီးတစ်ယောက် ဖြစ်လာဖို့ ပထမဆုံးခြေလှမ်းတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အရင်ခေတ်တွေတုန်းကတော့ အိပ်ခန်းနည်းခြင်း၊ ကလေးကို ရင်အုပ်မကွာ စောင့်ရှောက်လိုခြင်း၊ စိတ်မချခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် ကလေးအသက် မွေးစမှ ၁၅ နှစ်အတွင်း ခွဲအိပ်တာ သိပ်မရှိလှပါဘူး။ ဒါပေမယ့် ၂၁ ရာစု ယနေ့ခေတ်မှာတော့ မိဘတွေ အနေနဲ့လည်း သားသားမီးမီးလေးတွေအတွက် သီးသန့်အိပ်ခန်းငယ်လေးတွေ ဖန်တီးပေးလာကြပါပြီ။ 

ဒီနေ့မှာတော့ ကလေးတွေအတွက် အခန်းပြင်ဆင်မယ်ဆိုရင် ကလေးရဲ့ ကိုယ်ပိုင်လွတ်လပ်မှုနဲ့အတူ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေထည့်သွင်းပြင်ဆင်သင့်လဲ ဆိုတာကို မေမေတို့ ဗဟုသုတရဖွယ် ဖော်ပြပေးလိုက်ပါတယ်နော်။ 

၁။ ရိုးရိုးရှင်းရှင်းလေးသာ ပြင်ဆင်ပါ

ကလေးတွေအတွက် အခန်းလေးဟာ ကစားဖို့နေရာ ကျယ်ကျယ်နဲ့ ခုတင်တစ်လုံး၊ အဝတ်ဗီရိုတစ်လုံး၊ စာကြည့်စားပွဲတစ်လုံး ရှိရင်ကို လုံလောက်ပါပြီ။ အခန်းထဲမှာ ကစားနိုင်ဖို့ သူသဘောကျတဲ့ အရုပ်လေးတွေ၊ ဘောလုံးကန်လေးတွေ၊ ပန်းချီဆွဲဖို့ နေရာလေးတွေလည်း ထားပေးနိုင်ပါတယ်။ ဒါမှလည်း ကလေးရဲ့ စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာ ပျံသန်းခွင့် ပြုနိုင်မှာ ဖြစ်ပါတယ်။ 

၂။ Fresh ဖြစ်တဲ့ အရောင်လေးတွေနဲ့ အလှဆင်ပါ

ကလေးအခန်းလေးအတွက် တည်ငြိမ်တဲ့ အရောင်တွေချည်း သုံးစရာ မလိုပါဘူးနော်။ ကလေးတွေဟာ Fresh ဖြစ်တဲ့ အရောင်လေးတွေကို သဘောကျကြပါတယ်။ အရောင်တွေဟာလည်း ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေအတွက် အထောက်အကူဖြစ်စေပြီး အပြာရောင်၊ အစိမ်းနုရောင်၊ ပန်းနုရောင်၊ လိမ္မော်ရောင်၊ အနီရောင် စတဲ့ အရောင်လေးတွေဟာ ကလေးတွေအတွက် သင့်တော်တယ်လို့ ကျွမ်းကျင်သူများက အကြံပေးထားပါတယ်။ 



၃။ လေဝင်လေထွက်ကောင်းပါစေ

ကလေးတွေရဲ့ အခန်းဟာ အလင်းရောင်နဲ့ လေဝင်လေထွက် ကောင်းကောင်းရဖို့ လိုအပ်ပါတယ်။  အထူးသဖြင့် ကလေးတွေ စာကြည့်ဖို့၊ ပန်းချီဆွဲဖို့၊ ကွန်ပျူတာသုံးဖို့ လုံလောက်တဲ့ သဘာ၀ အလင်းရောင် ရရှိဖို့ လိုအပ်ပြီး ဒါမှသာ အဝေးမှုန်ခြင်း၊ မျက်စေ့စုံချက် မညီခြင်း အစရှိတဲ့ ဝေဒနာတွေကို ရှောင်တိမ်းနိုင်မှာ ဖြစ်ပါတယ်။

၄။ ညအိပ်မီးလေး တပ်ဆင်ပေးပါ

 အဖြူရောင် အလင်းရှိတဲ့ ဖန်ချောင်း၊ မီးလုံးတွေရဲ့ အလင်းရောင်ဟာ ကလေးတွေရဲ့ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေအိပ်ချိန်မှာ ထွန်းဖို့အတွက် အလင်းဖျော့တဲ့ ညအိပ်မီးလေးတွေကို ရွေးချယ်နိုင်ပါတယ်။ ကြယ်ပုံ၊ လပုံ အမျိုးမျိုးရှိတဲ့ အနုမြူ ရောင်ပြန် ညအိပ်မီး ကပ်ခွာလေးတွေကိုလည်း မျက်နှာကြပ်မှာ တပ်ဆင်ပေးခြင်းဖြင့် ကြယ်တွေစုံတဲ့ည အသွင် ဖြစ်စေပြီး ကလေးကိုလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။ 

ငယ်ငယ်ကတည်းက အမေနဲ့ ခွဲမအိပ်ဖူးတဲ့ ကလေးတွေအတွက်တော့ စစချင်း တစ်ယောက်တည်း အိပ်တဲ့အခါ နေသားမကျ ဖြစ်နိုင်ပေမယ့် ကလေးမအိပ်ခင် ပုံပြင်ဖတ်ပြခြင်း၊ သီချင်းဆိုချော့သိပ်ခြင်း စသဖြင့် တဖြည်းဖြည်း အကျင့်လုပ်ပေးနိုင်ပါတယ်နော်။
Credit : Original Uploader

Related Posts