Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ခန်းဆီး (ကန့်လန့်ကာ) များ ထားရှိခြင်းရဲ့ အကျိုးကျေးဇူး ၅ ချက်

October 27, 2022 258 views
ခန်းဆီး (ကန့်လန့်ကာ) များ ထားရှိခြင်းရဲ့ အကျိုးကျေးဇူး ၅ ချက်

ခန်းဆီး ( ကန့်လန့်ကာ ) တွေကို ပြတင်းပေါက်၊ အခန်းတံခါး၀ စတဲ့နေရာတွေမှာ အသုံးပြုလေ့ ရှိပါတယ်။ မြန်မာအိမ်တွေမှာဆို ကန့်လန့်ကာလေးနဲ့ အခန်းခွဲထားတာတို့၊ အိမ်အတွင်းခန်းကို တံခါးမတပ်ဘဲ ကန့်လန့်ကာလေးသာချပြီး ကာဆီးထားတာတို့ကို အများအားဖြင့် တွေ့ရတတ်ပါတယ်။ ဟိုး.....အရင်ခေတ်တွေထဲက ခေတ်အဆက်ဆက် အသုံးပြုလာခဲ့တဲ့ ခန်းဆီးတွေဟာ အရံအတား တစ်ခုတည်းသာ အသုံးပြုနိုင်တာ မဟုတ်ပါဘူး။ အိမ်ရဲ့ ကျက်သရေ၊ ခေတ်မီတဲ့ နေချင့်စဖွယ် အိမ်ခန်း၊ ရုံးခန်းလေး ဖြစ်ဖို့အတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။ အသွင်သဏ္ဍာန်၊ အရောင်အဆင် ဒီဇိုင်းဆန်းစွာနဲ့ ပုံစံမျိုးစုံ ထွက်တာကြောင့် ကိုယ့်အိမ်၊ ကိုယ့်ရုံးခန်းနဲ့ လိုက်ဖက်မယ့် အရောင်လေးတွေ၊ အဆင်ဒီဇိုင်းလေးတွေကို ရွေးချယ်အသုံးပြုတတ်မယ်ဆိုရင်တော့ စိတ်ကြည်လင်လန်းဆန်းစေမယ့် နေချင့်စဖွယ်၊ အိမ်ခန်း၊ ရုံးခန်း ပုံစံကို ဖန်တီးနိုင်မှာပါ။ 

ခန်းစီး၊ ကန့်လန့်ကာတွေကို လိုက်လျောညီထွေစွာ အသုံးပြုခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ ဆိုတာကတော့ အောက်မှာ ဆက်ဖတ်ကြည့်လိုက်ရအောင်- 

၁။ သီးသန့် ဖြစ်စေတယ်

ခန်းဆီး( ကန့်လန့်ကာ )တွေဟာ အိမ်ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ကာကွယ်ရန်နဲ့ အတားအဆီးမရှိ စူးရှစွာ ကျရောက်လာတဲ့ အလင်းတန်းတွေကို ကာကွယ် ကန့်သတ်ရန် အကောင်းဆုံးပါပဲ။ သင်နဲ့ ပြင်ပကမ္ဘာကြား အကာအကွယ်ပေးတဲ့ သဘောဖြစ်ပြီး အိမ်ရဲ့ လုံခြုံရေးကို တိုးစေပါတယ်။ 

၂။ ကောင်းကောင်း အိပ်ပျော်စေတယ် 

မနက်ဆို "နေဖင်ထိုးမှ ထတယ်"လို့ အပြောမခံရအောင် ကန့်လန့်ကာ ထူထူလေးသာ ပြတင်းပေါက်မှာ တပ်ထားလိုက်ပါ။ နေထွက်ချိန်ရော၊ နေဝင်ချိန်ရော မေ့ထားလို့ရတယ်။ နေရောင်ခြည်ကို ခံစားချင်မှ ကန့်လန့်ကာကို ဖွင့်လိုက်ပေါ့။ အိပ်ခန်းကန့်လန့်ကာတွေအတွက် ကန့်လန့်ကာ အထူကို သုံးသင့်ပြီး အလင်းရောင် လုံး၀ မဝင်ချင်ရင်တော့ အမည်းရောင်၊ အညိုရောင်ကို ရွေးချယ်သင့်ပါတယ်။ အထူးသဖြင့်၊ အမည်းရောင် ကုလားကာတွေဟာ အိပ်ခန်းအတွင်း အေးချမ်းသော ပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်ပြီး ညဘက် အိပ်ပျော်စေပါတယ်။ အလင်းရောင် ဖျော့ဖျော့လေးပဲ ဝင်စေချင်ပါတယ် ဆိုရင်တော့ အဖြူရောင် ကန့်လန့်ကာတွေကို ရွေးချယ်နိုင်ပါတယ်။ 

၃။ အိမ်ကျက်သရေကို မြှင့်တင်ပေးတယ် 

အိမ်ရှင်တိုင်းဟာ သူတို့ရဲ့ စိတ်တိုင်းကျ အိမ်တွင်းအလှဆင်မှု ပုံစံတွေ ရှိကြပါတယ်။ အခန်းတစ်ခုနဲ့ တစ်ခုကြား Luxury ဆန်တဲ့ ကန့်လန့်ကာတွေကို ထားရှိခြင်းဟာ အိမ်ကိုတင့်တယ်ခြင်းနဲ့ ကျက်သရေရှိခြင်းတွေ ပေးစွမ်းနိုင်ပြီး  သက်တောင့်သက်သာရှိတဲ့ ခံစားမှုမျိုးကို ပေးစွမ်းနိုင်ပါတယ်။ 

၄။ ဖုန်မှုန့်တွေကို ကာကွယ်ပေးတယ်

"မနက်ကမှ လှည်းကျင်းပြီးတယ်၊ ညနေရောက်တော့ ဖုန်တွေတက်နေပြန်ပြီ" ဒီလိုပြဿနာမျိုး အိမ်ရှင်မတွေ မကြာခဏ ကြုံရတတ်ပါတယ်။ ကိုယ့်ရဲ့ အိမ်ခန်း၊ ပြတင်းပေါက်တွေမှာ ကန့်လန့်ကာများ တပ်ဆင်လိုက်ခြင်းက အခန်းများအတွင်း ဖုန်မှုန့်များ ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ ပြတင်းပေါက် ဖွင့်လိုက်တာနဲ့ ဖုန်မှုန့်တွေ ဝင်လာနိုင်ပေမယ့် ကန့်လန့်ကာ ရှိနေခြင်းက ဒါကို အဟန့်အတား ဖြစ်စေပါတယ်။ ဒါပေမယ့် ကန့်လန့်ကာတွေကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးဖို့တော့ လိုပါတယ်။ 

၅။ တာရှည်ခံတယ်

ကန့်လန့်ကာ ဆိုတာဟာ တစ်ခါဝယ်ထားရင် ၁၀ နှစ် ၁၀ မိုး အသုံးခံတာကြောင့် မကြာခဏ ထုတ်ဝယ်စရာ မလိုအပ်တဲ့ အိမ်တွင်းအလှဆင် ပစ္စည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဘက်ဂျက်နဲ့ ကိုက်ညီတဲ့ ကန့်လန့်ကာကို ရွေးချယ်နိုင်တာကြောင့် ငွေကုန်ကြေးကျ အလွန်သက်သာပြီး အိမ်ရဲ့သပ်ရပ်လှပမှုကို ပံ့ပိုးပေးပါတယ်။

သေချာတာကတော့ ကန့်လန့်ကာတွေဟာ သင့်အိမ်အတွက် အလှအပရော၊ ကျန်းမာရေးအတွက်ပါ အလွန်အကျိုးရှိစေမှာ အမှန်ပါပဲ။ အခုဆောင်းပါးလေးက ကန့်လန့်ကာနဲ့ အိမ်အလှဆင်ဖို့ Idea တစ်ခုရသွားမယ်လို့ မျှော်လင့်မိပါတယ်ရှင်။ 

Credit : Original Uploader

Related Posts