Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

လျှပ်စီး၊ မိုးကြိုးပစ်နေချိန် နေအိမ်မှာ ဒါတွေမလုပ်မိအောင် ရှောင်ကြဉ်ပါ

October 31, 2022 313 views
လျှပ်စီး၊ မိုးကြိုးပစ်နေချိန် နေအိမ်မှာ ဒါတွေမလုပ်မိအောင် ရှောင်ကြဉ်ပါ

မိုးကြိုးဆိုတာဟာ ကောင်းကင်မှာရှိတဲ့ လျှပ်စစ်အမဓာတ် စုဝေးနေတဲ့ (Negative Charge)  တိမ်တိုက် နဲ့ မြေပြင်ရှိ လျှပ်စစ်အဖိုဓာတ် စုဝေးနေတဲ့ (Positive Charge) နေရာ (သစ်ပင်၊ အဆောက်အဦ အမြင့်) တို့အကြား လျှပ်စစ်ဓာတ်ကူးခြင်း (Electric Discharge) တစ်နည်းအားဖြင့် လျှပ်စစ်အဖိုဓာတ်နဲ့ အမဓာတ် ပေါင်းစပ်ခြင်းကြောင့် အလင်းရောင်တန်း (လျှပ်စီးလက်ခြင်း) နဲ့ ကျယ်လောင်သော အသံ ( မိုးကြိုးပစ်ခြင်း) တို့ ဖြစ်ပေါ်လာခြင်းကို ခေါ်ပါတယ်။ 

ဥတုရာသီ သုံးပါးလုံးမှာ မိုးဦး၊ မိုးနှောင်းကာလဟာဆိုရင် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ပို ဖြစ်ပွားတတ်ပါတယ်။ အဲဒီလို မိုးကြိုးတွေ အဆက်မပြတ် ပစ်နေချိန်အတွင်းမှာ မိမိတို့ နေအိမ်မှာလည်း သတိထားရှောင်ကြဉ်ရမယ့် အချက်တွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့ - 

- မိုးကြိုးပစ်နေတုန်းမှာ ရေချိုးခြင်း၊ ပန်းကန်ဆေးခြင်းတို့ ရှောင်ကြဉ်ခြင်း

လျှပ်စီးတွေလက် မိုးကြိုးပစ်နေတဲ့ အချိန်မှာ အိမ်ပြင်ထွက် ပန်ကန်ဆေးခြင်း၊ ရေထွက်ချိုးခြင်းတို့ မပြုလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရေခွက်၊ ဒန်ခွက်၊ စတီးတွေရဲ့ ရောင်ပြန်ဟာ မိုးကြိုးကို ဆွဲဆောင်သလိုဖြစ်စေပြီး မိုးကြိုးပစ်ခံရနိုင်ပါတယ်။ 

- ရာသီဥတု ရုတ်တရက်ပြောင်းလဲလာပါက ဟင်းလင်းပြင် (သို့) မြင့်မားသော နေရာအနီး သွားလာခြင်းကို ရှောင်ကြဉ်ပါ

ရာသီဥတု ရုတ်တရက် အုံ့မှိုင်းလာပြီး လျှပ်စီးတွေလက် မိုးကြိုးတွေ ပစ်လာပြီဆိုရင် ဟင်းလင်းပြင် မြေကွက်လပ်ထဲမှာ မနေသင့်တော့ပါဘူး။ အထူးသဖြင့် ယာခင်း၊ စိုက်ခင်းများမှာ အပင်ရေလောင်းခြင်း၊ ပေါင်းသင်ခြင်းများ ဒီအချိန်မှာ မလုပ်သင့်ပါဘူး။ သင့်ရဲ့တည်နေရာ ရှင်းရှင်းလင်းလင်း ဖြစ်နေခြင်းဟာလည်း မိုးကြိုးပစ်ခံရဖို့ အလားအလာရှိပါတယ်။ 
- လျှပ်စစ်စီးကူးနိုင်သော ပစ္စည်းများနှင့် ဝေးရာမှာ နေထိုင်ပါ 

လျှပ်စစ်စီးကူးနိုင်တဲ့ ဥပမာ - ဟန်းဖုန်း၊ တီဗွီ၊ ကွန်ပြူတာ၊ ကြည့်မှန်၊ ကက်ဆက်၊ ပန်းကန်
ဆေးစက်၊ အဝတ်ခြောက်ခံစက်၊ စက်ယန္တရားများနဲ့ ဝေးဝေးမှာ နေပါ။ ၎င်းတို့မှ လျှပ်စစ် စီးဝင်မှု ဖြစ်နိုင်ပြီး ဓာတ်လိုက်ခြင်း၊ မိုးကြိုးပစ်ခံရခြင်းတို့ ဖြစ်နိုင်ပါတယ်။

- မှန်ပြတင်းပေါက်၊ မှန်တံခါးများနဲ့ ဝေးဝေးမှာ နေပါ။

ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်း အခြေအနေများမှာ လေပြင်းရိုက်ခတ်ခြင်း၊ အသံရဲ့ တုန်ခါမှုကြောင့် မှန်ပြတင်းပေါက်များ ကွဲသွားနိုင်ခြေ ရှိတာကြောင့် မှန်ပြတင်းများနဲ့ ဝေးဝေးမှာနေဖို့ အကြံပြုပါတယ်။ 

- ခြံဝန်းထဲရှိ ခွေးလှောင်အိမ်များကိုလည်း ပြောင်ပြောင်လက်လက် အရာများနဲ့ အလှဆင်ခြင်း မလုပ်သင့်ပါ။
အဝေးကမြင်ရနိုင်တဲ့ ပြောင်ပြောင်လက်လက် အရာတွေဟာ မိုးကြိုးထိမှန်နိုင်ခြေ များပါတယ်။ ဒါ့ကြောင့် သင့်ခြံဝန်းထဲမှာရှိတဲ့ ခွေးလှောင်အိမ်လေးတွေကို ပြောင်ပြောင်လက်လက်ပါဝင်တဲ့ အလှဆင်ပစ္စည်း မတပ်ဆင်ရန် သတိပြုပါ။ 

- မိမိအိမ်ပတ်ဝန်းကျင်ရှိ သစ်ပင်သစ်ကိုင်းများကို ဓာတ်ကြိုးနှင့် မထိမိအောင် ခုတ်ထွင်ရှင်းလင်းပါ။

ဒါကတော့ အားလုံးသိပြီးသား အချက်တစ်ခုဖြစ်ပါတယ်။ မိုးရာသီရောက်တာနဲ့ အိမ်ရှေ့က သစ်ပင်နဲ့ ဓာတ်တိုင်လွတ်ရဲ့လား၊ ခုတ်လိုက်ရတော့မလားဆိုတာဟာ အိမ်ရှင်တွေအတွက် အလုပ်တစ်ခုပါပဲ။ ဓာတ်တိုင်ကြိုးတွေနဲ့ သစ်ပင် သစ်ကိုင်းသစ်ခတ်တွေ မထိတွေ့နေမှ လေပြင်းမုန်တိုင်း တိုက်တဲ့အခါ၊ မိုးကြိုးလျှပ်စီးလက်တဲ့အခါ မိမိအိမ်အတွက် အန္တရာယ် အကင်းဆုံး ဖြစ်စေမှာပါ။ 

- မိုးကြိုးလွှဲ တပ်ဆင်ပါ

မိုးကြိုးပစ်ရာမှာ လျှပ်စီးလိုင်းဟာ ဓာတ်အားလိုင်းမှ တစ်ဆင့် အိမ်တွင်းမီးလိုင်းကို ရောက်လာတတ်ပြီး မီးလိုင်းနဲ့ ဆက်သွယ်အသုံးပြုနေရတဲ့ ရေဒီယို၊ တီဗွီ၊ ကွန်ပျူတာ စတဲ့ လျှပ်စစ်ပစ္စည်းများ လောင်ကျွမ်း ပျက်စီးလေ့ ရှိတဲ့အတွက် မိုးထစ်ချုန်း ရွာချိန်တွေမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး မီးကြိုးကို ဖြုတ်ထားသင့်ပါတယ်။ ဒါမှမဟုတ် မိုးကြိုးလွှဲစနစ်ကို စနစ်တကျ တပ်ဆင်ပေးခြင်းဖြင့် မိုးကြိုး ပစ်ခတ်ခြင်းကြောင့် အဆောက်အဦး စက်ပစ္စည်းများ ၊ လျှပ်စစ်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်ပါတယ်။ 

သတိထားဖွယ် အချက်တွေကို သိထားပြီဆိုတော့ အခုလို မိုးရာသီမှာ မိုးကြိုးအန္တရာယ်ကို အလွယ်တကူနဲ့ ကြိုတင် ရှောင်ရှားနိုင်ပြီနော်။
 

Credit : Original Uploader
 

Related Posts