Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

#မြန်မာနိုင်ငံယာဉ်နှင့်မော်တော်ယာဉ်ဥပဒေနည်းဥပဒေများ

November 4, 2022 589 views
#မြန်မာနိုင်ငံယာဉ်နှင့်မော်တော်ယာဉ်ဥပဒေနည်းဥပဒေများ

#မြန်မာနိုင်ငံယာဉ်နှင့်မော်တော်ယာဉ်ဥပဒေနည်းဥပဒေများ

သယ်ယူပို့ဆောင်ရေးက လူတွေရဲ့ အခြေခံလိုအပ်ချက် များအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး (ကိုယ်ပိုင်ကား) အသုံးပြုကြသူရှိသလို အများသုံးသယ်ယူပို့ဆောင်ရေး (လိုင်းကား) အသုံးပြုကြသူလည်းရှိပါတယ်။

ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးဖြစ်စေ၊ အများသုံးသယ်ယူပို့ဆောင်ရေးဖြစ်စေ စီမံခန့်ခွဲတဲ့ ဥပဒေ၊ နည်းဥပဒေတွေရှိပါတယ်။

ဖော်ပြပါသယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခုခု အသုံးပြုသူအနေနဲ့ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပ‌ဒေ‌တွေကို သိထားရင် တစ်ချိန်ချိန်မှာ အသုံးဝင်လာနိုင်ပါတယ်။

ကိုယ်တိုင်လည်း သယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခုခု အသုံးပြုသူဖြစ်သည့်နည်းတူ သက်ဆိုင်ရာ ယာဉ်နှင့် မော်တော်ယာဉ် ဥပဒေ၊ နည်းဥပ‌ဒေ‌တွေကို လက်လှမ်းမီသလောက် ရှာ‌ဖွေစုစည်းဝေမျှပေးချင်ပါတယ်-

မှတ်ချက်- URL link ထည့်ခွင့်မပြုသဖြင့် ‌ဖော်ပြပါဥပဒေ၊နည်း‌ဥပဒေများကို သက်ဆိုင်ရာ website သို့မဟုတ် google မှတဆင့် ဝင်ရောက်ရှာ‌ဖွေဖတ်ရှုသိမ်းဆည်းနိုင်ပါတယ်။

✅မြန်မာနိုင်ငံအတွင်းသို့ ၁၈၈၄ ခုနှစ်တွင် ရေနွေးငွေ့နှင့် မောင်းနှင်သည့် ယာဉ်များ၊ ၁၉၀၅ ခုနှစ်တွင် မော်တော်ယာဉ်များ စတင်ရောက်ရှိအသုံးပြုကြပါတယ်။

✅၁၉၀၆ ခုနှစ်တွင်မူ မော်တော်ယာဉ်ဥပဒေကို ပြဌာန်းပြီး ၁၉၁၃ ခုနှစ်တွင် အများပြည်သူနှင့်ဆိုင်သောယာဉ်များ စတင်တင်သွင်းအသုံးပြုကြပါတယ်။

✅၁၉၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမော်တော်ယာဉ်အက်ဥပဒေ ထုတ်ပြန်ကျင့်သုံးခဲ့ပါတယ်။

✅၁၉၁၅ ခုနှစ်တွင် မြန်မာနိုင်ငံမော်တော်ယာဉ်နည်းဥပဒေကို ပြဌာန်း၍ ဤနည်းဥပဒေဖြင့် ၁၉၀၆ မော်တော်ယာဉ်ဥပဒေ ကို ရုပ်သိမ်းခဲ့ပါတယ်။

✅၁၉၂၀ ခုနှစ်တွင် အဌားယာဉ်များ စတင်အသုံးပြုပြီး ၁၉၃၅ ခုနှစ်တွင် မြန်မာနိုင်ငံ အဌားမော်တော်ယာဉ် နည်းဥပဒေကို ပြဌာန်းခဲ့ပါတယ်။

#ဤနည်းဥပေဒကိုအင်တာနက်ပေါ်တွင်ရှာမတွေ့ပါ

✅၁၉၃၇ ခုနှစ်တွင် ထော်လာဂျီများ စတင်အသုံးပြုပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံအတွင်း မော်တော်ယာဉ် အသုံးပြုမှုများပြားလာတဲ့အတွက် ဥပဒေနဲ့အညီ စစ်ဆေးမှတ်ပုံတင်ဖို့ လိုအပ်လာပါတယ်။

✅၁၉၆၃ ခုနှစ်တွင် ကုန်းလမ်းနှင့်ပြည်တွင်းရေးကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပဒေကို ပြဌာန်းခဲ့ပါတယ်။

✅၁၉၆၄ ခုနှစ်တွင် တည်ဆဲ၊ ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေကိုတော်လှန်ရေးကောင်စီ ဥပဒေအမှတ် (၁၇) အဖြစ် ထုတ်ပြန်ခဲ့ပြီး ဤဥပဒေဖြင့် ၁၉၁၄ မြန်မာနိုင်ငံမော်တော်ယာဉ်အက်ဥပဒေကို ရုပ်သိမ်းလိုက်ပါတယ်။

✅၁၉၈၉ ခုနှစ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်(၁/၈၉) ဖြင့် တည်ဆဲ ၁၉၈၉ မော်တော်ယာဉ်နည်းဥပဒေကို ထုတ်ပြန်ပြီး ၁၉၁၅ မြန်မာနိုင်ငံမော်တော်ယာဉ် နည်းဥပဒေ၊ ၁၉၃၅ မြန်မာနိုင်ငံအဌားမော်တော်ယာဉ်နည်းဥပဒေ၊ The Motor Vehicles International Circulation Rules, 1933 တို့ကို ရုပ်သိမ်းလိုက်ပါတယ်။

The Motor Vehicles International Circulation Rules, 1933 ကို သက်ဆိုင်ရာwebsite တွင် အခြားနည်းဥပဒေများနည်းတူဖော်ပြခြင်းမရှိသလို အင်တာနက်ပေါ်တွင်လည်း ရှာမတွေ့ပါ။

✅ထို့နောက် ၁၉၉၄ ခုနှစ်၊ မော်တော်ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံး၊ လုပ်နည်းများနှင့်ယာဉ်မောင်း လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ခဲ့ပါတယ်။

#ဤလုပ်ထုံးလုပ်နည်းများကိုအင်တာနက်ပေါ်တွင်ရှာမတွေ့ပါ

✅၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၅၅) ဖြင့် မော်တော်ယာဉ်ဥပဒေကို ပြဌာန်းပြီး ဤဥပဒေဖြင့် ၁၉၆၄ မော်တော်ယာဉ်ဥပဒေ ကို ရုပ်သိမ်းလိုက်ပါတယ်။

✅၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၇) ဖြင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဥပဒေကို ပြဌာန်းပြီး ၁၉၆၃ ကုန်းလမ်းနှင့်ပြည်တွင်းရေးကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေကို ရုပ်သိမ်းလိုက်ပါတယ်။

✅၂၀၂၀ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၆) ဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကို ပြဌာန်းပြီး ၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းလိုက်ပါတယ်။

✅၂၀၂၂ ခုနှစ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုနည်းဥပဒေ ကို ပြဌာန်း၍ ၁၉၈၉ မော်တော်ယာဉ်နည်းဥပဒေများကို ရုပ်သိမ်းလိုက်ပါတယ်။

ဖော်ပြပါအချက်အလက် များအရ

#ရုပ်သိမ်းပြီးဥပဒေနည်းဥပဒေများ
1️⃣၁၉၀၆ မော်တော်ယာဉ်ဥပဒေ
2️⃣၁၉၁၄ မြန်မာနိုင်ငံမော်တော်ယာဉ်အက်ဥပဒေ
3️⃣၁၉၁၅ မြန်မာနိုင်ငံမော်တော်ယာဉ် နည်းဥပဒေ 
4️⃣ The Motor Vehicles International Circulation Rules, 1933
5️⃣ ၁၉၃၅ မြန်မာနိုင်ငံအဌားမော်တော်ယာဉ်နည်းဥပဒေ 
6️⃣ ၁၉၆၃ ကုန်းလမ်းနှင့်ပြည်တွင်းရေးကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေ
7️⃣ ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေ
8️⃣၁၉၈၉ မော်တော်ယာဉ်နည်းဥပဒေများ
9️⃣၂၀၁၅ မော်တော်ယာဉ်ဥပဒေ

#တည်ဆဲဥပဒေနည်းဥပဒေများ 
1️⃣၂၀၁၆ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဥပဒေ
2️⃣၂၀၂၀ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ
3️⃣၂၀၂၂ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုနည်းဥပဒေ

မှတ်ချက်- ရုပ်သိမ်းပြီးဥပဒေ၊နည်းဥပဒေတွေအရ ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း‌တွေကို တည်ဆဲဥပဒေ၊နည်းဥပဒေ‌တွေနဲ့ မဆန့်ကျင်သ၍ ဆက်လက်ကျင့်သုံးနိုင်ပါတယ်။

ဓာတ်ပုံနှင့်ကိုးကား- ကညနwebsite, ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနwebsite, google search engine

 Credit : ‌Admin  /Myanmar Car License ဗဟုသုတ

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts