Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ပေါင်နှံထားသည့် မြေနှင့် အိမ်အား ရောင်းချမည်ဆိုလျှင်

November 9, 2022 738 views
ပေါင်နှံထားသည့် မြေနှင့် အိမ်အား ရောင်းချမည်ဆိုလျှင်

ပေါင်နှံထားသည့် မြေနှင့် အိမ်အား ရောင်းချမည်ဆိုလျှင်

“ပေါင်ထားတဲ့ မြေနဲ့အိမ်ကို ရောင်းဖို့ ဆောင်ရွက်ရာမှာ အ ပေါင်ခံသူက ရွေးနုတ်ခွင့်မပေးရင်ဘယ်လိုဆောင်ရွက်ရမလဲ” ဟု ဆွေးနွေးလာပါသည်။ မကြာမီက ဘဏ်၌ အပေါင်ထားသည့် မြေနှင့်အိမ်ကို ဝယ်ယူ ခြင်းနှင့် ပတ်သက်၍ ရေးသား ခဲ့ပြီး ဖြစ် သည်။ သို့ရာတွင် ယခုအခါ ရောင်းသူဘက်မှ ဆွေးနွေးလာသ ဖြင့် ဗဟုသုတအဖြစ် ရေးသား လိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သော ပစ်္စည်းကို ပေါင်နှံခြင်း

အိမ် ခြံ မြေ စသည့်မရွှေ့မ ပြောင်းနိုင်သော ပစ္စည်းကို ပေါင်နှံမည်ဆိုလျှင် ပေါင်နှံခြင်း ငါးမျိုး ရှိကြောင်း ဥပဒေအရ သတ်မှတ် ထားပေသည်။ သို့ရာတွင်
၁။ ပစ္စည်းလက်မဲ့ပေါင်နှံခြင်း
၂။ ပစ္စည်း လက်ရောက်ပေါင်နှံ ခြင်းနှင့်
၃။ စာချုပ်စာတမ်းများကို ပေး အပ်ပေါင်နှံခြင်း သုံးမျိုးကိုသာ လက်တွေ့ကျင့်သုံးနေကြောင်း တွေ့ ရသည်။

ပစ္စည်းလက်မဲ့ပေါင်နှံခြင်း ဆို သည်မှာ အပေါင်ပစ္စည်းကို အပေါင်ခံသူထံ မလွှဲအပ်ဘဲ ပေါင်နှံ သူက အပေါင်နှင့် ချေးယူမည့်ငွေ ကို မည်သို့ပေးဆပ်မည်ဟု ကိုယ် တိုင်ခံဝန်ချက်ရေးသား၍ စာချုပ် ချုပ်ဆိုရပါမည်။ သတ်မှတ်သည့် အတိုင်း မပေးဆပ်ပျက်ကွက်ခဲ့ လျှင် အပေါင်ခံသူက ထိုအပေါင်ထားသည့်ငွေကို တရားစွဲဆိုပြီး တရားရုံး၏ အမိန့်အရ ထိုအပေါင်ပစ်္စည်းကို တရားရုံးမှ ဝရမ်းကပ် ရောင်း ချနိုင် ခွင့်ရှိသည်ဟု အပေါင် စာချုပ်တွင် အတိအလင်းဖော်ပြ ချုပ်ဆိုကာ အဆိုပါ အပေါင်စာ ချုပ်ကို မှတ်ပုံတင်ရမည်ဖြစ်သည်။

အပေါင်စာချုပ်ကို မှတ်ပုံမတင်ပါက ဥပဒေအရ တရားမဝင် ပျက်ပြယ်သော အပေါင်စာချုပ် အဖြစ် သတ်မှတ်ပေသည်။ ဤ သည်နှင့် ပတ်သက်၍ တရားရုံး ချုပ်က ဆုံးဖြတ်ထားသော-

“ဒေါ်ယဉ်ယဉ်မြင့်နှင့် ဒေါ်ပါ လု၊ ၁၉၉၁ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၂၇” အမှုတွင် ဒေါ်ပါလုနှင့် သားမက် ဖြစ်သူ ဦးသောင်းစိန်တို့က ဒေါ် ယဉ်ယဉ်မြင့်နှင့် ခင်ပွန်းဦးခင် မောင်တို့ အိမ်ဆောက်လုပ်နေထိုင် သော မြေကွက်ကို တန်ဖိုး ငွေ ၅၀၀၀ (ငါးထောင်ကျပ်) ဖြင့် ပေါင်နှံထားသည်။ ထိုသို့ ပေါင်နှံ ရာတွင် ပေါင်နှံသည့် မြေကို နှစ်နှစ် အတွင်း ပြန်ရွေးမည်ဟု စည်းကမ်း ချက်ပါရှိသည့်အတိုင်း နှစ်နှစ်ပြည့် ရန် နှစ်လအလိုတွင် ပြန်လည် ရွေး ရာ ဒေါ်ယဉ်ယဉ်မြင့်တို့ဘက်မှ အ ရွေးမခံသဖြင့် တရားရုံးသို့ အပေါင် ပစ္စည်းကို ရွေးနုတ်လိုမှု စွဲဆိုခြင်း ဖြစ်သည်။

ဒေါ်ယဉ်ယဉ်မြင့်က ဒေါ်ပါ လုနှင့် သားမက်ဖြစ်သူ ဦးသောင်း စိန်တို့သည် အချင်းဖြစ်မြေကို မိမိ ၏ ခင်ပွန်းဦးခင်မောင်ထံတွင် ငွေ ကျပ် ငါးထောင်ဖြင့် ရောင်းပေါင်အ ဖြစ် ပေါင်ထားခြင်းဖြစ်ကြောင်း၊ နှစ်နှစ်အတွင်း ပြန်ရွေးမည်ဟု စည်းကမ်းချက်မရှိသော် လည်း ဒေါ်ပါလု တို့ သည် နှစ်နှစ်ကျော် သည့်တိုင် လာရောက်ရွေးခြင်းမရှိ ၍ မြေကွက်မှာ ဆုံးရှုံးသွားပြီ ဖြစ် ကြောင်း ထုချေသည်။

မူလတရားရုံးက ဒေါ်ပါလုတို့ ကို အနိုင်ဒီဂရီချမှတ်ပေးခဲ့သဖြင့် ဒေါ်ယဉ်ယဉ်မြင့်မှ တရားရုံးချုပ်ထိ အယူခံဝင်လာသော အမှုဖြစ် သည်။

တရားရုံးချုပ်က သုံးသပ်ဆုံး ဖြတ်သည်မှာ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ ၅၈ အရ မရွှေ့မ ပြောင်းနိုင်သော ပစ္စည်း ကို ပေါင်နှံ ခြင်းတွင် တန်ဖိုး ငွေကျပ် ၁၀၀ ထက်ပိုပါက မှတ်ပုံတင် စာချုပ် ချုပ်ဆိုရမည်ဖြစ်သည်။ ယခုအ ပေါင်စာချုပ်မှာ မှတ်ပုံတင် စာချုပ်အဖြစ် ချုပ်ဆိုထားခြင်းမဟုတ်သ ဖြင့် ရွေးနုတ်စေရန် ဒီကရီမချနိုင် ပေ။ ပေါင်နှံမှု အထမမြောက်သ ဖြင့် ပေါင်နှံသူသည် ပစ္စည်း ပိုင် ဆိုင်မှုကို အခြေတည်၍ လက် ရောက်ရလိုမှု တရားစွဲဆိုရမည်ဖြစ် ကြောင်း ဆုံးဖြတ်ခဲ့ပေသည်။

ထို့ကြောင့် မရွှေ့မပြောင်းနိုင် သော ပစ္စည်းကို ပစ္စည်းလက်မဲ့ ပေါင်နှံခြင်းဖြစ်စေ၊ ပေါင်နှံ ပစ္စည်း ကို လက်ရောက်ရယူပြီး အပေါင်ခံ သည်ဖြစ်စေ၊ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ အပေါင်စာချုပ်ကို မှတ်ပုံတင် ပြုလုပ်ချုပ်ဆိုကြရမည်ဖြစ်သည်။ ထိုသို့ မှတ်ပုံတင်ချုပ် ဆို ခြင်း မပြုပါက ပေါင်နှံခြင်း အထမ မြောက်သဖြင့် ပေါင်နှံခြင်း စာချုပ် မှာ အလိုအလျောက်ပျက်ပြယ်နေ ပြီး ဖြစ်နေပေသည်။

ထိုအခြေအနေမျိုးတွင် အပေါင်ခံသူက ရွေးနုတ်ခွင့်မပြုလျှင် ပေါင်နှံစာချုပ်ပျက်ပြယ်ကြောင်း ကြေညာ၍ အပေါင်ငွေကို လက်ခံ စေပြီး ပစ္စည်းလက်ရောက်ရလိုမှုကို တရားရုံးတွင် စွဲဆိုကာ ထိုမှတစ် ဆင့် အဆိုပါ မြေနှင့် အိမ်ကို ရောင်းချခွင့်ရမည် ဖြစ်ပေသည်။

အထူးသဖြင့် လက်ရှိအများဆုံး ပေါင်နှံသည့် ကိစ္စရပ်များမှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် သက်ဆိုင်သည့် စာချုပ်စာတမ်း များကို ပေးအပ်ပေါင်နှံကြခြင်းဖြစ်သည်။

(ဥပမာ-မြေဂရန်စာချုပ် နှင့် အရောင်းအဝယ်အဆင့်ဆင့်စာချုပ်များကို ပေး အပ်ပေါင်နှံ ခြင်း)။

ထိုသို့ စာချုပ်စာတမ်းများကို အာမခံထား၍ ပေါင်နှံကြရာတွင် ပစ္စည်းကို လက်ရောက်ပေးရန် မလိုအပ်ပေ။ ရွေးနုတ်ခွင့်ကို ပိတ်ပင်ခွင့်မရှိချေ။ ထူးခြားချက်မှာ စာချုပ်စာတမ်းပေးအပ်ပေါင်နှံခြင်း တွင် အပေါင်စာချုပ်ကို စာချုပ်စာ တမ်းမှတ်ပုံတင်ရုံး၌ မှတ်ပုံတင်ရန် မလိုအပ်ပေ။ အပေါင်ကတိစာချုပ်ဖြင့် တရားဝင်ဆောင်ရွက်နိုင် သည်။

ထို့ကြောင့် စာချုပ်စာတမ်း (ဥပမာ-ဂရန်စာချုပ်) များပေးအပ် ပေါင်နှံထားပါက ရောင်းချမည်ဆို လျှင် အဆိုပါ မြေနှင့် အိမ်ကို ပြန် လည်ရွေးကာ ရောင်းချခွင့်ရှိပေသည်။ အကယ်၍ အပေါင်ခံသူက ပြန်ရွေးခွင့်မပြုလျှင် တရားရုံးတွင် အပေါင်ရွေးခွင့်လျှောက်ထား ပြီး ရောင်းချ ခွင့်ရှိမည်ဖြစ်ကြောင်း ဗဟုသုတအဖြစ် ရေးသားလိုက်ပါ သည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts