Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ဘဏ်ချိတ်၊ အရစ်ကျစနစ်နဲ့ အိမ်ဝယ်မယ်ဆိုရင် ဘာတွေသိထားဖို့လိုပါသလဲ။

November 14, 2022 565 views
ဘဏ်ချိတ်၊ အရစ်ကျစနစ်နဲ့ အိမ်ဝယ်မယ်ဆိုရင် ဘာတွေသိထားဖို့လိုပါသလဲ။

ဘဏ်ချိတ်၊ အရစ်ကျစနစ်နဲ့ အိမ်ဝယ်မယ်ဆိုရင် ဘာတွေသိထားဖို့လိုပါသလဲ။

၂၀၁၇ ခုနှစ်လောက်ကတည်းက မြန်မာနိုင်ငံမှာ အရစ်ကျ အိမ်ဝယ်တဲ့စနစ် စတင်ခေတ်စားလာခဲ့ပြီ ဖြစ်ပါတယ်။ ဘဏ်ချိတ်၊ အရစ်ကျစနစ်နဲ့ အိမ်ရောင်းတယ် ဆိုတာကတော့ ဆောက်လုပ်ရေး ကုမ္ပဏီတွေက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အိမ်ရာဝယ်ယူလိုသူတွေဆီ အရစ်ကျ ရောင်းချခြင်းပဲ ဖြစ်ပါတယ်။ နားလည်လွယ်အောင် ပြောရမယ်ဆိုရင်တော့ အိမ်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း Down Payment သွင်းပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ဘဏ်တွေကနေ ချေးလို့ရတဲ့စနစ် ဖြစ်ပါတယ်။  

ဘဏ်တွေကနေ အရစ်ကျစနစ်ကို ၁၀ နှစ်၊ ၁၅ နှစ်မှ ၂၅ နှစ်အထိ ပေးနေတာကို တွေ့ရပါတယ်။ ရိုးရိုးတိုက်ခန်းတွေအတွက်  အများဆုံး ၁၅ နှစ် အထိနဲ့ ကွန်ဒိုတိုက်ခန်းတွေအတွက် အနည်းဆုံး၅ နှစ်ကနေ အများဆုံး ၂၅ နှစ်အထိ အရစ်ကျ ငွေပေးချေလို့ ရပါတယ်။ အဲ့ဒီလို ချေးငွေတွေကို ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ ကမ္ဘောဇဘဏ်၊ ရိုးမဘဏ်နဲ့ ဧရာဝတီဘဏ်တွေကနေ သတ်မှတ်ထားတဲ့ အတိုးနှုန်းနဲ့ အိမ်ရာချေးငွေ ထုတ်ချေးပေးတာပဲ ဖြစ်ပါတယ်။ အခုတလောမှာတော့ ဒီအရစ်ကျ အိမ်ရောင်းစနစ်အပေါ် ဝယ်ယူလိုသူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်နေသလို အခြားတစ်ဖက်မှာလည်း  အတိုးနှုန်း ကြီးမြင့်နေတာ တွေ့ရပါတယ်။

ဘဏ်တွေကနေ အိမ်ဝယ်ယူသူတွေအတွက် အိမ်ရာချေးငွေ လျှောက်ထားရာမှာ ကြုံရတတ်တဲ့ အခက်အခဲလေးတွေကို ဖော်ပြလိုက်ပါတယ်။

- ပထမအချက်ကတော့ ဘဏ်တွေက အိမ်ရာချေးငွေ ထုတ်ချေးတဲ့အခါ စာရွက်စာတမ်းတွေ တောင်းလေ့ရှိတယ်။ လစာဝင်ငွေရှိကြောင်း စာရွက်စာတမ်းတွေ၊ တကယ်လို့ စီးပွားရေး လုပ်နေတယ် ဆိုရင်လည်း စီးပွားရေး လုပ်နေတယ်ဆိုတဲ့ စာရွက်စာတမ်းတွေ ပြဖို့ လိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းအသေးတွေရော၊ လုပ်ငန်းအလတ်စားတွေရောမှာ စာရွက်စာတမ်း အထောက်အထားပြဖို့ အခက်အခဲ ရှိနေပါတယ်။

- ဒုတိယအချက်ကတော့ အတိုးနှုန်းပါ။ ဘဏ်တိုးဟာ တစ်နှစ်ကို ၁၃ ရာခိုင်နှုန်း ဖြစ်တာကြောင့် အတိုးရော အရင်းပါ ဆပ်ပြီးတဲ့အခါမှာ ကိုယ်ဝယ်လိုက်တဲ့ တိုက်ခန်းဟာ မူရင်းဈေးထက် အများကြီး ပိုပေးပြီး ဝယ်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ဒီအချက်ကြောင့်ပဲ ဘဏ်ချိတ်နဲ့ ချိတ်ဆက်မဝယ်တော့သူတွေ ရှိပါတယ်။

အဲဒီတော့ ဘဏ်ချေးငွေနဲ့ အိမ်ဝယ်ခြင်းဟာ ထိုက်သင့်တဲ့ အကျိုးကျေးဇူးနဲ့ ရွေးချယ်စရာတစ်ခု ပိုတိုးလာပေမယ့် အလွန်အကျိုးကျေးဇူးများလာတာတော့ မဟုတ်သေးတာကြောင့် သေချာစဉ်းစားကာ အကောင်းဆုံးဖြစ်မယ့် အရာကိုသာ ရွေးချယ်ဖို့ အကြံပြုလိုက်ပါတယ်

Credit
Shweproperty မှ ကူးယူဖော်ပြပါသည်။

Related Posts