Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူမိထား နောက်ထပ်ဖြေရှင်းရမည် အခက်အခဲများ

November 15, 2022 338 views
အိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူမိထား နောက်ထပ်ဖြေရှင်းရမည် အခက်အခဲများ

အိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူမိထား နောက်ထပ်ဖြေရှင်းရမည် အခက်အခဲများ
-------------------------------------------------------------------------------------
လွှတ်တော်ရှေ့နေ “မောင်ကောင်းဖေ”
☎️ 09251015089
အိမ်ခြံမြေ ရောင်း ဝယ် ဌား ကိုယ်တွေ့
“””””””””””””””””””””””””””””””””””””””
စာအုပ်များ ရေးသားပြုစု ထုတ်ဝေသူ
“””””””””””””””””””””””””””””””””””””””
အိမ်ခြံမြေ အရောင်းအဝယ်တွေ ကောင်းနေတဲ့ ကာလတွေမှာတောင် ဝယ်ရသူတွေဟာ “ရော့ပတ္တမြား၊ ရော့နဂါး” ဆိုသလို လွယ်လွယ်နဲ့ ပိုင်ဆိုင်လက်ခံရရှိသူ နည်းပါးလှပါတယ်။ ခက်ခက်ခဲခဲနဲ့ ကြိုးစားယူကြရလိမ့်မယ်လို့ "မောင်ကောင်းဖေ" ထင်ပါတယ်။
လက်ရှိအနေအထားမှာတော့ မြေချပါမစ်မြေကွက်ဝယ်ရင်လည်း ပေါ့ပေါ့ဆဆဝယ်လို့မရ၊ ဂရန်မြေဝယ်ပြန်ရင်လည်း စာချုပ်အဆက်အစပ်တွေက ခပ်များများနဲ့မို့ မြေနဲ့အိမ် ဝယ်လိုသူတွေအဖို့ ပိုင်ဆိုင်မှုခိုင်ခိုင်မာမာနဲ့ စိတ်အေးလက်အေးနေထိုင်နိုင်ဖို့ အတော်ကြိုးစားယူရတာကို" မောင်ကောင်းဖေ"တွေ့ရပြန်ပါတယ်။
ဂရန်မြေဆိုရင်လည်း မြေအမည်ပေါက်မှန်ကန်ရင် ဝယ်ရတာ အလိမ်မခံရဘူးဆိုပေမယ့် အချို့သောသူများက ဂရန်မြေနဲ့ အိမ်ကို ဝယ်ထားသော်လည်း ကိုယ်အမည်မဖောက်ဘဲ မူလအမည်ပေါက်ထံက (General Power)ဖြစ်စေ၊ (Special Power) ဖြစ်စေ ယူထားပြီး သိမ်းထားတတ်ကြတယ်။
အချို့ဝယ်သူတွေကျပြန်တော့ လမ်းမကြီးတန်းက (40'x60') မြေကွက်ကြီးတစ်ခုလုံး မဝယ်နိုင်လို့ (20'x60')ပဲ ခွဲပြီး ဝယ်ထားတာကို တွေ့ရပြန်တယ်။ (20'x60') ဝယ်ထားပေမယ့် တရားဝင်ခွဲစိပ်ပြီး အမည်မပြောင်းဘဲ (20'x60') တစ်ခြမ်းဝယ် အရောင်းအဝယ်စာချုပ်ကို အခွန်ဆောင်ပြီး မှတ်ပုံတင်ထားတတ်ကြတယ်။ ဒါပေမဲ့ တချို့သောသူများက အမည်မပြောင်းဘဲ တစ်ခြမ်း (20'x60') အရောင်းအဝယ်မှတ်ပုံတင်စာချုပ်နဲ့ ဂရန်မူရင်းကြီးကို ကိုင်ထားတတ်ကြပြန်တယ်။
ဘာကြောင့် အဲဒီလို ပထမဝယ်သူက ဂရန်မူရင်းကြီးလည်း ကိုင်ထားပြီး (20×60' ) တစ်ခြမ်းဝယ် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကြီးကိုလည်း အမည်မပြောင်းသေးဘဲ ထားရသလည်းဆိုရင် အမည်ပြောင်းခ ကုန်ကျစရိတ်နဲ့ ဂရန်ခွဲကုန်ကျစရိတ်တွေ အကုန်အကျမခံချင်ကြလို့ပဲပေါ့။အမည်မပြောင်းသေးသရွေ့ကတော့  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့မြေစာရင်းမှာတော့ မူလဂရန်အမည်ပေါက်သူရဲ့နာမည်နဲ့ပဲ ရှိနေမှာပဲဖြစ်ပါတယ်။
မူလဂရန်အမည်ပေါက်သူတွေကတော့ ဘာဖြစ်လို့ ဂရန်မူရင်းကြီးကို ပေးလိုက်ရသလဲဆိုရင် ဂရန်မူရင်းပေးလိုက်ရင် ဈေးပိုရလို့ပါပဲ။ ဥပမာ~~မြေနဲ့ အိမ်တန်ဖိုးက သိန်း (၁၅၀၀)တန်တယ်ဆိုပါတော့ ရောင်းသူက ဂရန်မူရင်းလိုချင်ရင် (20'x60')တစ်ခြမ်းမြေကွက်ကို သိန်း (၈ဝဝ) သတ်မှတ်ပြီး ရောင်းတယ်။ ကျန်တဲ့မြေကွက်ကို ဝယ်သူ အနေနဲ့ကျတော့ ဂရန်မိတ္တူပဲရတယ်။ မြေဈေးနှုန်းကျတော့ သိန်း(၇ဝဝ) နဲ့ရောင်းလိုက်တယ်။ အဲဒီ မြေကွက်ထဲမှာရှိတဲ့ အိမ်ကိုတော့ ဂရန်အမည်ပေါက်သူတွေက ဖျက်ယူသွားတတ်ကြတယ်။
အဲဒီတော့ တစ်ဦးက ဂရန်မူရင်းကြီးကိုင်ထားပြီး ကျန်တစ်ဦးကျတော့ ဂရန်မိတ္တူပဲ ကိုင်ထားရတာလေ။ ပြန်ရောင်းတဲ့အခါမှာ မျက်နှာငယ်ရတာပေါ့။ ဂရန်မူရင်းကိုင်ထားသူကတော့ ခေါင်းရင်းခြမ်း(20'x60')ဝယ်ထားတဲ့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ပြပြီး ဝယ်သူလာရင် အပေါ်စီးကနေ ဈေးတင်ရောင်းတာကို တွေ့ရတယ်။
ခြေရင်းဘက်ခြမ်း (20'x60')ဝယ်ထားသူကတော့ သူ့လက်ထဲရှိတာ အမည်ပေါက်ရဲ့မိတ္တူနဲ့ အရပ်ကတိအရောင်းအဝယ်စာချုပ်ပဲရှိတာလေ။ ပိုင်ဆိုင်မှုဆိုလို့ မြေကွက်ကိုပဲ လက်ညှိုးထိုးပြလို့ရတယ်။ ဂရန်မူရင်းနဲ့ ပိုင်ဆိုင်မှုတွေအားလုံးက ခေါင်းရင်းဘက်ခြမ်းက လူဆီမှာရှိနေတော့ စီးပွားရေးအဆင်မပြေလို့ ပြန်ရောင်းမယ်လို့ ပြင်ဆင်လိုက်တာနဲ့ ဂရန်မူရင်းရှိတဲ့သူကို မျက်နှာချိုသွေးရပြီပေါ့။
ဂရန်မူရင်းကိုင်ထားသူဆီကလည်း ဒီအတိုင်းတော့ အလွယ်တကူနဲ့ မငှားဘူး။ တန်ဖိုးတစ်ခုပေးမှ ဂရန်ကိုငှားတာလေ။ တန်ဖိုးတစ်ခုဆိုတာကလည်း တစ်သိန်း၊ နှစ်သိန်းအောက်မဟုတ်ဘူး၊ ဂရန်ငှားပြီး တစ်ခြမ်းအရောင်းအဝယ်လုပ်ဖို့ စည်ပင်မှာ အရောင်းမြေပုံကူးလိုက်ပေးရလို့၊ စာချုပ်ရုံးမှာ လိုက်ပေးရလို့၊ အခွန်ရုံးမှာလိုက်ပေးရလို့ဆိုပြီး (၁၅) သိန်းတောင် တောင်းတဲ့သူ "မောင်ကောင်းဖေ" ကြုံခဲ့ဖူးတယ်ဗျာ။အင်း..ဒါလည်း မှတ်သားစရာပါပဲ။
ဒါကြောင့် ဂရန်မိတ္တူနဲ့ မြေကွက်တစ်ခြမ်းဝယ်ထားမိသူတွေရဲ့ ဒုက္ခကလည်း မသက်သာလှပါဘူး။ ဒါကြောင့် ပြောတာ မြေဝယ်ရင် မိတ္တူနဲ့ဝယ်ရတာ “သူများနှာခေါင်းပေါက်နဲ့အသက်ရှူရသလို” ခံစားရတယ်ဆိုတာပေါ့။ 'ရွှေအကြောင်းဖယောင်းမှသိ၊ လူအကြောင်း ပေါင်းမှသိ” ဆိုတာ ဒီလိုလူမျိုးတွေပြောတာထင်ပါရဲ့။ အချို့ဂရန်မူရင်း​ခေတ္တအငှားလိုက်သူများဆိုရင် သူတို့ရဲ့ ဂုဏ်သိက္ခာကိုကြည့်ပြီး (၁၀)သိန်းတောင်းလိမ့်မယ်လို့ ထင်တောင်ထင်ရက်စရာမရှိပါဘူး။  ဒါပေ့မယ်လည်း ငွေနဲ့ပတ်သက်လာရင် “ဘယ်သူသေသေ ငတေမာရင် ပြီးရော’ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ရှိတတ်ကြတယ် မဟုတ်ပေဘူးလား။
အချို့သော ဂရန်မူရင်းကိုင်ထားသူများဟာဆိုရင် "ပြောတော့ဖြင့် တရားသဘောတွေပြောလိုက်ကြတာ၊ ကြားရသူအပေါင်း တရားကျလောက်ပါရဲ့။ သို့ပေမယ့် မထင်နဲ့ဗျို့။ တကယ်ဆက်ဆံကြည့်တော့မှ ငွေမျက်နှာတစ်ခုပဲ'ကြည့်တာကိုတွေ့ခဲ့ရတယ်။" ဘုရားမှတ်လို့ ကိုးကွယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ' ဆိုတာ ဒီလိုလူမျိုးကို ပြောတာထင်ပါရဲ့လို့ “မောင်ကောင်းဖေ” တွေးမိတယ်ဗျာ။
ဒီတော့ “မောင်ကောင်းဖေ” အနေနဲ့ အိမ်ခြံမြေဝယ်ကြတဲ့ သူများကို အသိပေးပါရစေ…မြေကွက် တစ်ကွက်လုံးဝယ်နိုင်ရင် ဝယ်ပါ။ မဝယ်နိုင်လို့၊ ဂရန်မိတ္တူပဲ ဝယ်ရတော့မယ်ဆိုရင်တော့ တစ်ခြမ်းဝယ် အထူးကိုယ်စားလှယ်လွှဲစာလုပ်ပါ။ ဒါအပြင် အရောင်းမြေပုံကူးနဲ့၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဖို့ ဂရန်မူရင်းကိုင်ထားသူက လိုက်ပါဆောင်ရွက်ပေးအောင်လည်း တာဝန်ယူပေးပါရန် တောင်းဆိုသင့်ပါကြောင်း အကြံပေး တင်ပြလိုက်ရပါတယ်။
သုခိ အတ္တာနံ ပရိဟရန္တု။
✍️စာဖတ်သူပရိသတ်များ ရွှင်လန်းကျန်းမာ သုခအဖြာဖြာနှင့် ပြည့်စုံနိုင်ကြပါစေ✍️
#လွှတ်တော်ရှေ့နေမောင်ကောင်းဖေ
#မောင်ကောင်းဖေ
#အိမ်ခြံမြေစာချုပ်စာတမ်း
#တိုက်ခန်းစာချုပ်စာတမ်း
#အရောင်းမြေပုံ 
#အရောင်းအဝယ်စာချုပ်
#စည်ပင်မြေယာဌါန
#အိမ်ခြံမြေပါမစ်
#အိမ်ခြံမြေဗဟုသုတ
#အိမ်ခြံမြေစာရေးဆရာ
#ယနေ့ရန်ကုန်အိမ်ခြံမြေအပြောင်းအလဲရောင်းကြဝယ်ကြကိုယ်တွေ့ကြုံရသည့်ဖြစ်ရပ်များ
#မြေရှင်သူဌေးကြီးဖြစ်ပါရစေ
#အိမ်ခြံမြေရောင်းဝယ်ငှါးသိထားရမည့်အချက်များ
#တိုက်ခန်းအိမ်ခြံမြေရောင်းဝယ်ငှါးသိထားရမည့်အချက်များ
#Credit

Related Posts