Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မိန်းမဖြစ်သူ၏အမည်ဖြင့်မြေကွက်ဝယ်ယူခြင်း နှင့် လင်ဖြစ်သူ၏ အကျိုးသက်ဆိုင်ခွင့်

November 15, 2022 165 views
မိန်းမဖြစ်သူ၏အမည်ဖြင့်မြေကွက်ဝယ်ယူခြင်း နှင့် လင်ဖြစ်သူ၏ အကျိုးသက်ဆိုင်ခွင့်

မိန်းမဖြစ်သူ၏အမည်ဖြင့်မြေကွက်ဝယ်ယူခြင်း နှင့် လင်ဖြစ်သူ၏ အကျိုးသက်ဆိုင်ခွင့်

မြေကွက်  အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးဖြစ်ခဲ့ပါတယ် ဝယ်သူကလင်မယား ၂ ယောက်ပါ။ ဒါပေမယ့် မိန်းမဖြစ်သူက အရောင်းအဝယ်စာချုပ်တွင် ဝယ်သူနေရာ၌ ယောက်ျား ဖြစ်သူ နာမည်မထည့်ပဲနဲ့ ၎င်းတစ်ဦးတည်းနာမည်သာ ထည့်လိုကြောင်းပြောလာပါတယ်။

ဘာကြောင့် လင်မယား၂ ယောက်အမည်မထည့်ရတာလဲဆိုတာ မေးမြန်းကြည့်တော့ ယောက်ျားဖြစ်သူကို စိတ်မချလိုတဲ့ဗျာ။ အမျိုးသမီးတွေ ဖြစ်တတ်တဲ့ စိတ်ပူပန်မှု့ပါ။ သူတို့အတွက်ကတော့ မိန်းမနာမည်ပေါက်နေရင် ယောက်ျားဖြစ်သူက ရောင်းလို့မရဘူးဆိုတဲ့ အတွေးရှိကြလို့ပါပဲ။

ယောက်ျားဖြစ်သူကို မေးလိုက်တော့လည်း မိန်းမစိတ်တိုင်းကျသာ ချုပ်ပေးလိုက်ပါဆရာတဲ့ နားလည်မှု့ရှိကြတဲ့ လင်မယားပါလားလို့ တွေးလိုက်မိပါတယ်။ ဒီလိုနဲ့ ဝယ်သူနေရာမှာ မိန်းမဖြစ်သူအမည်ကိုပဲထည့်ပြီး သက်သေနေရာမှာတော့ ခင်ပွန်းဖြစ်သူကို ထည့်ပေးလိုက်ပါတယ်။

မြေကွက်အရောင်းအဝယ်စာချုပ်ကိစ္စကတော့ ဒီမှာတင်ပြီးပါပြီ။ ဒါပေမယ့် ဥပဒေဗဟုသုတ ဆက်ပြီးတင်ပြလိုက်ပါတယ်။ မြန်မာဗုဒ္ဓဘာသာလင်မယားများဖြစ်ပါကမည်သူ၏ အမည်ဖြင့် ဝယ်ယူသည်ဖြစ်စေ အဆိုပါဝယ်ယူသည့် ပစ္စည်းတွင် လင်မယားနှစ်ဦးအညီအမျှပိုင်ဆိုင်ပါတယ်။ မယားအမည်ပေါက်ယုံဖြင့် မယားတစ်ဦးတည်းမပိုင်ပါ။ လင်ပါ အကျိူးသက်ဆိုင်ခွင့် ရှိပါတယ်။

ကွာရှင်းပြီးလျှင်တောင်မှ နှစ်ဦးပိုင်ပစ္စည်းကိုမခွဲရသေးလျင် ကွာရှင်းပြီး နောက်မှ လင် (သို့မဟုတ်) မယားအမည်ဖြင့် ဂရန်အမည်ပေါက်သွားဦးတော့။ အဆိုပါ ဂရန်အမည်ပေါက်သူ တစ်ဦးတည်းက အလုံးစုံမပိုင်ဆိုင်ပါ။ နှစ်ဦးစလုံးပိုင်ဆိုင်ခွင့်ရှိပါသည် ။ ( ၁၉၉၂ မတစ ၁၅၉) စီရင်ထုံးတွင် ထုံးဖွဲ့ထားပြီးဖြစ်ပါသည်။

ထို့ကြောင့် အချုပ်ဆိုရသော် လင် (သို့မဟုတ်) မယားတစ်ဦးဦးအမည်ဖြင့်ဝယ်ယူသော်ငြား လက်ထက်ပွားပစ္စည်းဖြစ်ပါက အမည်ပေါက်ဝယ်ယူသူသာ ပိုင်ဆိုင်မည်မဟုတ်ဘဲ လင်မယားနှစ်ဦး အညီအမျှပိုင်ဆိုင်ပါကြောင်း တင်ပြအပ်ပါသည်။

Credit: စာချုပ်ရှေ့နေ (U Aung Zay Ya)

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts