Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အိမ်မှာအလွယ်စိုက်နိုင်တဲ့ ခြင်ပြေးပင်လေးများ

November 18, 2022 211 views
အိမ်မှာအလွယ်စိုက်နိုင်တဲ့ ခြင်ပြေးပင်လေးများ

စိုစွတ်တဲ့ မိုးရာသီတွေမှာ ညနေမှောင်ရီတရော ရောက်ပြီဆိုတာနဲ့ ခြင်ကျားကြီးတွေ တဝီဝီအော်ပြီး ဟိုမှဒီမှ အပြိုင်အဆိုင်ထွက်လာတတ်ကြပါတယ်။ အဲ့ဒီ့ခြင်ကျားကြီးတွေဟာ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနဲ့ အခြားရောဂါပိုးမွှားတွေကိုလည်း သယ်ဆောင်လာတတ်တာကြောင့် အကိုက်ခံလို့တော့ မဖြစ်ဘူးနော်။ တိုးတက်လာတဲ့ ဒီနေ့ခေတ်မှာ ခြင်တွေရန်မှ ကာကွယ်ဖို့ ခြင်ဆေးခွေအမျိုးမျိုး၊ လိမ်းဆေးအမျိုးမျိုး၊ ခြင်ပြေးကပ်ခွာနဲ့ ခြင်လုံဇကာ စတာတွေကို အသုံးပြုလာကြပါတယ်။ ဒါပေမယ့် သဘာဝကြီးက ဖန်ဆင်းထားတဲ့ ခြင်ပြေးအပင်လေးတွေလည်း ရှိသေးတယ်နော်။ အိမ်မှာ အလွယ်စိုက်နိုင်ပြီး မီးခိုးငွေ့တွေထက် ကျန်းမာတဲ့ ခြင်ပြေးပင်လေးတွေကို လေ့လာကြည့်ရအောင်....

၁။ ပူစီနံ

အတို့အမြုပ်အနေနဲ့ရော ဟင်းချက်စရာ အနေနဲ့ပါ စားသုံးနိုင်တဲ့ ပူစီနံပင်လေးတွေဟာ ခြင်တွေကိုလည်း ပြေးစေနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။ ပူစီနံပင်လေးတွေဟာ ခြင်ကိုပြေးစေတဲ့ အနံ့တစ်မျိုးကို ထုတ်လွှတ်ပေးနိုင်တဲ့အပြင် အပင်လေးကလည်းသေးပြီး နေရာမယူတာကြောင့် တိုက်ခန်းတွေမှာပါ အလုပ်မရှုပ်ဘဲ စိုက်ထားနိုင်ပါတယ်။ 

၂။ ပင်စိမ်းပင်

ဟင်းခတ်အမွှေးအကြိုင်ရဲ့ ဆရာကြီး ပင်စိမ်းပင်လေးတွေကတော့ အညှီနံ့တွေကိုပျောက်ကင်းစေတဲ့အပြင် သူ့ရဲ့အနံ့ဟာ ခြင်တွေကိုလည်း ပြေးစေနိုင်ပါတယ်တဲ့။ ပူစီနံပင်လိုပဲ အပင်သေးပြီး နေရာမယူတာကြောင့် အိမ်ခန်းအတွင်းမှာပါ စိုက်ပျိုးနိုင်ပြီး အလွယ်တကူလည်း ရှင်သန်နိုင်ပါတယ်။ 



၃။ ကြက်သွန်ဖြူ 

ဟင်းချက်တိုင်း မပါမဖြစ် ဟင်းခတ်အမွှေးအကြိုင်လေးဖြစ်တဲ့ ကြက်သွန်ဖြူလေးတွေဟာ ကျန်းမာရေးအတွက် အံ့မခန်း အကျိုးကျေးဇူးတွေ ရှိတဲ့အပြင် အိမ်မှာစိုက်ထားမယ်ဆိုရင်လည်း ခြင်ကိုပြေးစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ကြက်သွန်ဖြူဥလေးကို မြေဆွေးလေးထဲ ထည့်စိုက်ထားရုံနဲ့ အလွယ်တကူ ရှင်သန်နိုင်ပြီး အပင်ဖြစ်လာတဲ့ ကြက်သွန်မြိတ်လေးတွေကိုလည်း ဟင်းချက်ရာမှာ အသုံးပြုနိုင်တာကြောင့် အိမ်မီးဖိုချောင်အတွက် အလွန်အသုံးဝင်စေပါတယ်။ 

ဒီအပင်လေးတွေကို အိမ်မှာစိုက်ထားမယ်ဆိုရင် ခြင်ဆေးခွေအတွက် ဈေးဖိုးကုန်ကျလည်း သက်သာစေသလို အိမ်ထဲမှာပဲ အပင်စိမ်းစိမ်းလေးတွေနဲ့ ထိတွေ့ရလို့ စိတ်ကိုကြည်လင်လန်းဆန်းစေမှာ သေချာတယ်နော်။  ဒီလိုအကျိုးကျေးဇူးများတဲ့ အပင်လေးတွေကို အိမ်မှာ  နေရာသေးသေးလေးပေးပြီး ကိုယ်တိုင်စိုက်ပျိုးကြည့်ဖို့ အကြံပြုလိုက်ပါတယ်ရှင်။

Credit : Original Uploade
 

Related Posts