Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

တရားရုံးမှ လေလံတင် ရောင်းချမည့် အိမ်ခြံမြေသည် အမွေဆိုင် ဖြစ်နေလျှင်

November 21, 2022 345 views
တရားရုံးမှ လေလံတင် ရောင်းချမည့် အိမ်ခြံမြေသည် အမွေဆိုင် ဖြစ်နေလျှင်

တရားရုံးမှ လေလံတင် ရောင်းချမည့် အိမ်ခြံမြေသည် အမွေဆိုင် ဖြစ်နေလျှင်

“အိမ်ခြံမြေသည် အမွေဆိုင် တစ်ဦးတည်းသဘောနဲ့ ရောင်းချခွင့်ရှိပါသလား ဆရာ”ဟု မိတ်ဆွေတစ် ဦး၏ သမီးဖြစ်သူက စာရေးသူထံ လာရောက်တိုင်ပင်ဆွေးနွေးခြင်းဖြစ်သည်။

“သတင်းစာထဲမှာ ဝယ်သူက ကြေညာထားလို့လား”

“မဟုတ်ဘူး ဆရာ။ တရားရုံးက လေလံပစ်မယ်ကြားလို့ပါ ဆရာ”

“ဒါဆိုရင် တရားရှုံးဖြစ်သူက အဲဒီအိမ်မှာ နေထိုင်နေလို့ ဖြစ်မှာပေါ့”

“ဟုတ်တယ် ဆရာ။ အဲဒီညီမ အငယ်က အရှုပ်ထုတ်ဆရာ”

“ကဲ စိတ်အေးအေးထားပြီး ကျွန်တော်တို့ ဆွေးနွေးကြတာပေါ့ဗျာ”

“ဟုတ်ကဲ့ ဆရာ”ဟု သက်ပြင်းတစ်ချက်ချ၍ စိတ်အမောဖြေလိုက်ပုံရပါသည်။

“အိမ်ဆိုတော့ မြေနဲ့အိမ်လား၊ ဂရန်မြေဆိုရင် အမည်ပေါက်က ဘယ်သူလဲ။ ပြောပြပါဦး”

“အိမ်ဆိုပေမယ့် မြေနဲ့ အိမ် မဟုတ်ဘူး ဆရာ။ တိုက်ခန်းပါ”

“အဲဒီတိုက်ခန်းမှာ ညီမဖြစ်သူနဲ့ အတူနေတာလား”

“ကျွန်မက အတူမနေဘူး ဆရာ။ ချိုက … ကျွန်မအမည်က ချိုချို မြင့်”ပါ။

“ဟုတ်ပြီ၊ မချိုက သီးခြားနေတယ်ဆိုတော့ အခြားညီအစ်ကို မောင်နှမတွေရှိသေးလား”

“အစ်ကိုကြီးက မော်လမြိုင်မှာနေပါတယ်။ သူက ဘဏ်မန်နေဂျာ တစ်ယောက်ပါ။ ကျွန်မက အိမ်ထောင်ကျပြီး အိမ်ခွဲနေပါတယ်။ အငယ်ဆုံး ညီမက အမေ အဖေတို့နဲ့ အဲဒီကွန်ဒိုတိုက်ခန်းမှာ နေပါတယ်”

“မိဘတွေက ကွယ်လွန်သွားကြပြီလား”

“ဟုတ်ကဲ့ ဆရာ။ ချိုအိမ်ထောင် မကျမီကလည်း အဲဒီတိုက်ခန်းမှာ အတူနေခဲ့တာ ဆရာ”

“ညီမက အိမ်ထောင်ကျပြီလား။ သူတစ်ယောက်တည်းနေတာလား”

“အိမ်ထောင်ကျတာ နှစ်နှစ်နီးပါးရှိပြီ ဆရာ။ အမေ မကွယ်လွန်မီ လေးလခန့်က ဖြစ်မယ်ထင်တယ်။ အမေ ကွယ်လွန်ပြီးပေမယ့် ကျွန်မတို့ မောင်နှမအကြီး နှစ်ယောက်က ဘာမှမပြောတော့ အဲဒီတိုက်ခန်းမှာပဲ ဆက်နေ ခွင့်ရထားတယ်”

“ကဲ – ဆက်ပြောပါဦး။ အကြွေး ငွေတွေက ဘယ်လိုဖြစ်လာသလဲ”

“သူ့ယောကျ်ားနိုင်ငံခြား သင်္ဘောတက်ဖို့ လုပ်ဆောင်တာ ငွေလိုတယ်နဲ့ တူပါတယ်။ ကျွန်မတို့လည်း တတ် နိုင်သမျှ ပံ့ပိုးပေမယ့် အကြွေးတင်ထားတာ ဖြစ်မယ်။ ဒီကိစ္စတစ်ခုတည်းလည်း ဟုတ်မယ် မထင်ပါဘူး။ လောင်းကစားများ လုပ်ကြသလား မသိဘူး”

“အကြွေးရှင်က တရားစွဲတော့ မဆပ်နိုင်လို့သူနေတဲ့ အိမ်ကို ရောင်းဖို့ ဝရမ်းကပ်ပြီး လေလံတင်မယ့် သဘော ဖြစ်ပါလိမ့်မယ်”

“ဟုတ်တယ် ဆရာ၊ သူက ဝန်ခံလိုက်တယ် ပြောတယ်။ တစ်လအတွင်း ဆပ်ပါမယ်လို့ တရားရုံးမှာပြောပြီး မဆပ်နိုင်ဘဲ ရက်ကျော်သွားတယ် လို့ သိရပါတယ်”

“တော်သေးတာပေါ့ဗျာ။ တိုက်ခန်းကို ရောင်းသွားပြီး အကြွေးဆပ် ထွက်သွားရင် ပိုဆိုးသွားမှာ”

“အခုလည်း အကြွေးရှင်က တိုက်ခန်းကို လေလံတင်ဖို့ တရားရုံး တရားသူကြီးထံမှာ လျှောက်ထားတယ်လို့ သိရတယ်။ အဲဒါ ဘယ်လို ဆောင်ရွက်လို့ရမလဲ ဆရာ”

“အကြွေးငွေက ပမာဏအတော်များလို့လား။ အရစ်ကျပေးဆပ်ခွင့်ပြုပါလို့ တရားရုံးမှာ လျှောက်ထားခွင့်ရှိ ပါတယ်”

“တရားရုံးက ခွင့်ပြုပါ့မလား ဆရာ”

“မျှတတဲ့ ငွေကြေးပမာဏဆိုရင်တော့ သုံးလေးရစ်နဲ့ အပြီးပေးသွင်းဖို့ အမိန့်ချပေးနိုင်ပါတယ်”

“ကျွန်မတို့က ကန့်ကွက်ဖို့လိုပါသလား ဆရာ”

“မချိုတို့အနေနဲ့ ကန့်ကွက်ဖို့လိုပါတယ်။ အဓိကအချက်ကတော့ မိဘပိုင်အိမ်တိုက်ခန်းဆိုတာပြဖို့တော့ လိုလိမ့် မယ်”

“ဝယ်စဉ်က အမေအဖေအမည်နဲ့ ဝယ်ထားတဲ့ စာချုပ် ရှိပါတယ်။ ဝန်ဆောင်မှု ပြေစာလည်း အမေတို့ အမည်နဲ့ပဲ ထွက်ပါတယ်”

“ဒါဆိုရင်တော့ ညီမတစ်ဦးတည်းပိုင် မဟုတ်ဘဲ မချိုတို့ရဲ့ အမွေဆိုင်အိမ်အဖြစ် ဖော်ပြကန့်ကွက်ရမှာ ဖြစ်တယ်”

“ဥပဒေမှာ အဲဒီလို ကန့်ကွက်ရင် ဘယ်လိုအကျိုးကျေးဇူးခံစားခွင့်ရပါသလဲ”

“ဥပဒေအရ ပြောရရင်တော့ ဥပဒေပါ အခွင့်အရေးအရ ကုစားတယ်လို့ ခေါ်ပါတယ်။ တရားမကျင့်ထုံးဥပဒေအရ ရောင်းချရန် ဝရမ်းကပ်ထားသည့် ပစ္စည်းကို မရောင်းချမီ ဝရမ်းခွာပေးရန် လျှောက်လွှာတင်သွင်းရမည်။ ဝရမ်း ခွာပေးရန် လျှောက်ထားလာလျှင် ဝရမ်းကပ်သည့် ပစ္စည်းကို ရောင်းချခြင်းမပြုဘဲ ဆိုင်းငံ့ထားရမည်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထား တဲ့ ဦးအေးမောင်အမှု ၁၉၆၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက် နှာ ၇၇၁ အမှုမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် မချိုအနေနဲ့ ပူးတွဲ အမွေဆိုင်ပိုင်ရှင်တစ်ဦးအဖြစ် ရောင်းချခြင်းမပြုရန် ကန့်ကွက်ဖို့ လိုပါတယ်”

“တကယ်လို့ ဆရာ မကန့်ကွက် မိလို့ (မသိလိုက်မိလို့) ရောင်းပြီးသွားရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”

“ဥပဒေအရ ရောင်းချလို့ရတဲ့ ငွေကြေးထဲက အကြွေးငွေနဲ့ တရားရုံး ကုန်ကျစရိတ်အစုစုကို နှုတ်ပြီး ကျန်ငွေကို တိုက်ခန်းပိုင်ရှင်ထံပေးအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရောင်းချစဉ်မှာ မသိလိုက်ရင်တော့ မိမိရပိုင်ခွင့် ဆုံးရှုံးသွားနိုင်ပါတယ်”

“ဒါဆိုရင် ကျွန်မတို့ အမွေရပိုင်ခွင့် ဆုံးရှုံးသွားနိုင်တာပေါ့”

“မှန်ပါတယ်။ ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးမျိုးမင်းသိန်း (ကွယ်လွန်သူ ဦးခင်မောင် ရင်၏ တရားဝင် ကိုယ်စားလှယ်) နှင့် ဒေါ်ခင်ဌေးမြင့်ပါ (၆) ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတရားစီရင် ထုံး စာမျက်နှာ – ၈၇ အမှုမှာ အမွေပုံ စီမံခန့်ခွဲမှု စွဲဆိုရာတွင် အချင်းဖြစ်မြေကို အမွေဆိုင်တစ်ဦးဖြစ်သူ ဒေါ်ခင်ဌေးမြင့်၏ ခင်ပွန်းက တရားရုံး၏ ဒီကရီအရ ပေးရန်ရှိသည့် ငွေအတွက် တရားရုံးမှ လေလံတင် ရောင်းချခဲ့ပြီးဖြစ်၍ အမွေပုံပစ္စည်းအဖြစ် ကျန်ရှိခြင်းမရှိတော့သဖြင့် တရားစွဲခွင့်မရှိကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် အခုကိစ်္စမှာ မချိုအနေနဲ့ မကန့်ကွက်မီ လေလံတင်ရောင်းချပြီးပါက မိမိရပိုင်ခွင့်ရှိတဲ့ အမွေဝေစု ဆုံးရှုံးသွားနိုင်ပါတယ်”

“ကျွန်မတို့က ကန့်ကွက်လိုက်လို့ အကြွေးမဆပ်နိုင်တဲ့ အခြေအနေဖြစ်သွားရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”

“ဥပဒေအရတော့ တရားရှုံးပိုင် အခြားပစ်္စည်းကိုရှာပြီး တရားနိုင်က တင်ပြရမယ်။ တရားရှုံးက ပစ်္စည်းမ ရှိရင် တော့ တရားမထောင်ချနိုင်တယ် လို့ ပြဋ္ဌာန်းထားပါတယ်”

“ဒါဆိုရင် ညီမအတွက် အခက်အခဲရှိနေမလား ဆရာ”

“အကောင်းဆုံးကတော့ မောင်နှမတွေ ညှိနှိုင်းပြီး တိုက်ခန်းကို ရောင်းမယ်။ ရတဲ့ရောင်းဖိုးငွေကို သုံးပုံခွဲကာ အကြွေးဆပ်ရင် အကောင်းဆုံးလို့ အကြံပေးချင်ပါတယ်”ဟု ဆွေးနွေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

 

 

Related Posts