Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အိမ်ရဲ့ လသာဆောင်လေးကို အပန်းဖြေနေရာလေးဖြစ်အောင် ဖန်တီးကြမယ်

November 28, 2022 254 views
 အိမ်ရဲ့ လသာဆောင်လေးကို အပန်းဖြေနေရာလေးဖြစ်အောင် ဖန်တီးကြမယ်

အိမ်တစ်အိမ်မှာ လသာဆောင်ဟာ လတ်ဆတ်တဲ့လေကို ရှုရှိုက်နိုင်တဲ့အပြင် ပတ်ဝန်းကျင်ကို ရှုမြင်နိုင်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ လသာဆောင် ထားရှိခြင်းအားဖြင့် အခန်းတွင်း အေးမြစေပြီး အိမ်တွင်း လှောင်ပိတ်နေခြင်းကြောင့်ဖြစ်တဲ့ အနံ့ဆိုးတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် ကိုယ့်အိမ်ရဲ့ လသာဆောင်လေးကို  အပန်းဖြေစရာ နေရာလေး သဖွယ် ဖန်တီးပေးမယ်ဆိုရင် ပိုပြီးသက်တောင့်သက်သာနဲ့ Luxury ဆန်တဲ့ ခံစားချက်ကို ရရှိစေနိုင်ပါတယ်။ 

ညနေခင်းဖြစ်စေ၊ ညအချိန်ဖြစ်စေ၊ မနက်အစောပိုင်းဖြစ်စေ ကော်ဖီတစ်ခွက်ကို အဖော်ပြုရင်း ဝရန်တာမှာ ငြိမ်ငြိမ်လေး ထိုင်လိုက်ခြင်းဟာ တစ်နေ့တာ စိတ်ဖိစီးမှုတွေကို အနည်းနဲ့အများ လွင့်စင်သွားစေနိုင်ပါတယ်။ လူတစ်ယောက်၊ နှစ်ယောက်စာ နေရာကျဉ်းကျဉ်းလေးပေမယ့် private ဆန်လို့ လသာဆောင်လေးတွေဆိုရင် မကြိုက်တဲ့လူတောင် ခပ်ရှားရှားရယ်ပါ။ 

ဒါ့ကြောင့် လသာဆောင် ချစ်သူတို့အတွက် ကိုယ့်အိမ်ရဲ့ လသာဆောင်ကို နေချင့်စဖွယ် အလှဆင်တော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့၊ အကူအညီ ဖြစ်စေမယ့် စိတ်ကူးကောင်းလေးတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။ 

၁။ ရာသီဥတု 

လသာဆောင်လေးတွေဟာ ပူပြင်းတဲ့ ရာသီဥတုမှာ အခန်းတွင်း အပူချိန်ကို လျှော့ချပေးနိုင်ပြီး အေးမြစေပါတယ်။  ဆောင်းရာသီအတွက် အရှေ့ဘက်လှည့်ထားတဲ့ လသာဆောင်တွေဟာ နံနက်ခင်းကို သာယာစေနိုင်ပြီး နွေရာသီမှာဆိုရင်တော့ နေထွက်ချိန်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အနောက်ဘက်နဲ့ တောင်ဘက်လှည့်ထားတဲ့ လသာဆောင်တွေဟာ ပိုပြီး သက်တောင့်သက်သာ ရှိစေပါတယ်။ ပွင့်လင်းရာသီရဲ့ ညတွေမှာ လသာဆောင်မှာထိုင်ရင်း ကြယ်လေးတွေကို ရေတွက်ရတာလည်း စိတ်အေးချမ်းရတဲ့ အခိုက်အတန့်လေးပါပဲ။ မိုးရာသီအတွက်ဆိုရင်လည်း လသာဆောင်လေးတွေကို  မိုးလုံလေလုံ ဖြစ်စေမယ့် ဒီဇိုင်းကို တစ်ခါတည်း စဉ်းစားထားသင့်တယ်နော်။  

၂။ အပင်လေးတွေ စိုက်မယ်

အပင်စိမ်းစိမ်းလေးတွေဖြစ်စေမယ့် ရွှေလာငွေလာပင်လေးတွေ၊ ရွက်လှပင်ငယ်လေးတွေ၊ အခြား ဘွန်ဆိုင်းပင်လေးတွေနဲ့ လသာဆောင်လေးကို အလှဆင်လိုက်မယ်ဆိုရင် လျို့ဝှက် အိုအေစစ်လေးလို အမြင်အေးပြီး နေချင်စဖွယ်လေး ဖြစ်နေမှာ အမှန်ပဲနော်။ ရေလောင်းဖို့ အဆင်ပြေအောင် ရေများများ လောင်းစရာမလိုတဲ့ အပင်လေးတွေကို ရွေးချယ်ပြီး ဝရန်တာ ထောင့်စွန်းလေးတွေမှာ အိုးလေးတွေနဲ့ စိုက်နိုင်ပါတယ်။ ဒါ့အပြင် လသာဆောင်မျက်နှာကျက်မှာ အိုးငယ်လေးတွေ ချိတ်ဆွဲထားမယ်ဆိုရင်လည်း အမြင်တစ်မျိုးနဲ့ ဆွဲဆောင်မှုရှိနေစေမှာပါ။  



၃။ ဆေးရောင်လှလှလေးတွေ

ဝရန်တာအတွက် ချစ်စရာကောင်းပြီး အေးချမ်းတဲ့ အသွင်ဖြစ်စေဖို့ အပြာရောင်၊ အဖြူရောင်၊ ပန်းနုရောင်၊ အညိုရောင်၊ အစိမ်းနုရောင်လေးတွေကို နံရံ Wallpaper အရောင်အဖြစ် ရွေးချယ်နိုင်ပါတယ်။

၄။ စားပွဲနဲ့ ထိုင်ခုံလေး ထားရှိမယ်

ကော်ဖီထိုင်သောက်ဖို့ စားပွဲနဲ့ ထိုင်ခုံလေးလည်း မရှိမဖြစ် လိုအပ်တာပေါ့။ ဝရန်တာ မြင့်မြင့်လေး ရှိမယ်ဆိုရင် စားပွဲခုံကို ဝရန်တာနဲ့ တစ်ဆက်ထဲ လုပ်လိုက်မယ်၊ ထိုင်ခုံမြင့်မြင့်လေးလည်း ထားလိုက်မယ်ဆိုရင်တော့ Private Bar လေးသဖွယ် ဆွဲဆောင်မှု ရှိနေမှာပါနော်။ 

၅။ မီးအိမ်လေးတွေနဲ့ အလှဆင်မယ်

ဝရန်တာလေးကို လုံး၀ Luxury ဆန်ချင်တယ်ဆိုရင် မီးအိမ်လေးတွေကို မေ့ထားလို့မရပါဘူး။ အိမ်နံရံနဲ့ ကပ်လျှက်မှာ မီးအိမ်ငယ်လေးတစ်လုံး ထားရှိလိုက်ခြင်းဟာ ရိုးရိုးရှင်းရှင်းလေးနဲ့ လှနေစေမှာ အမှန်ပဲပေါ့။

ကဲ..... သင့်အိမ်ရဲ့ လသာဆောင်လေးကို ပုံစံပြောင်း ဒီဇိုင်းထုတ်ဖို့ စဉ်းစားနေပြီဆိုရင်တော့ ဒီအချက်လေးတွေကို  မမေ့နဲ့နော်။
 

Credit : Original Uploade

Related Posts