Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ဦးစွာဝယ်ယူပိုင်ခွင့်

November 30, 2022 263 views
ဦးစွာဝယ်ယူပိုင်ခွင့်

ဦးစွာဝယ်ယူပိုင်ခွင့်

မြန်မာဗုဒ္ဓဘာသာဝင်တွေမှာ အမွေဆိုင်ပစ္စည်းနဲ့ပတ်သက်ပြီး ဦးစွာဝယ်ယူပိုင်ခွင့် ဆိုတဲ့အခွင့်အရေးတစ်ရပ်ရှိပါတယ်။ ဦးစွာဝယ်ယူပိုင်ခွင့်ပေးခြင်းက မိဘဘိုးဘွားတွေပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းတွေကို တစ်ခြားသောတစ်စိမ်းများလက်ထဲ မရောက်ရှိစေဘဲ သားစဉ်မြေးဆက် အစဉ်အဆက်ထားရှိနိုင်စေရန်အတွက်ပဲဖြစ်ပါတယ်။

ဦးစွာဝယ်ယူပိုင်ခွင့်ဆိုတာက မိဘဘိုးဘေးတို့ဆီက ဆင်းသက်တဲ့ အမွေစုကို မခွဲဝေရသေးခင် အမွေခံ တစ်ဦးဦးက တစ်စိမ်းသူများထက် ဦးစွာ ဝယ်ယူပိုင်ခွင့်ရှိတာကိုဆိုလိုပါတယ်။ ဥပမာ- မိဘ နှစ်ဦး သေဆုံးပြီးတဲ့နောက်မှာ အိမ်တစ်လုံးကို အမွေ ပစ္စည်းအဖြစ်ချန်ထားခဲ့တယ်ဆိုပါစို့။အဲဒီအိမ်ကို ကျန်ရစ်သူ အမွေဆိုင် သားသမီးများအနက်က တစ်ဦးဦးက ဝယ်ယူလိုလျှင် တစ်စိမ်းများထက် သားသမီးကို သာဦးစားပေးရောင်းချရမှာဖြစ်ပါတယ်။

ဦးစွာဝယ်ယူပိုင်ခွင့်နှင့်ပတ်သက်သောအချက်များ

-ဦးစွာ ဝယ်ယူပိုင်ခွင့်ကို တစ်နှစ်အတွင်းတောင်းဆိုရမှာဖြစ်ပါတယ်။
-ရောင်းမဲ့သူဟာ အမွေပစ္စည်းကို ဆက်ခံရရှိပြီးသူများဖြစ်ရပါမယ်။
-အမွေပစ္စည်းကို သက်ဆိုင်ရာ အမွေဆိုင်တို့ ထုခွဲရောင်းချ ခွဲဝေမယူမီအချိန်မှာသာ ဦးစွာဝယ်ယူပိုင်တဲ့အခွင့်အရေးရှိပါတယ်။ အမွေခွဲပြီးနောက် အခွင့်အရေးမရှိတော့ပါ။
-အမွေမခွဲဝေရသေးတဲ့ ပစ္စည်းကို တစ်စိမ်းသူအား ရောင်းချခဲ့လျှင် မည်သည့်အမွေဆိုင်မဆို ထိုအရောင်းအဝယ်ကိုပယ်ဖျက်ပေးရန်နှင့် ပြန်လည်ဝယ်ယူခွင့်ရရှိရန် လျှောက်ထားတောင်းဆိုနိုင်ပါတယ်။
-အမွေဆိုင်တစ်ဦးက မခွဲဝေရသေးတဲ့ အမွေပစ္စည်းမှ ၎င်းဝေစုကို ရောင်းချလိုလျှင် အခြားအမွေဆိုင်များအား ဝယ်ယူရန် ပထမအခွင့်အရေးပေးရပါမယ်။
-ဖခင်သေဆုံးသောအခွ ဩရသသားက အမွေစု လေးပုံတစ်ပုံရယူပြီး ဖြစ်သော်လည်း ကျန်အမွေဆိုင်ပစ္စည်းများကို တခြားအမွေဆိုင်များက ရောင်းချလျှင် ဦးစွာဝယ်ယူပိုင်ခွင့်ကို ဩရသက တောင်းဆိုနိုင်ပါတယ်။
-မိဘများသေဆုံးပြီး သားသမီးများအမွေခွဲဝေပြီးနောက် မြေးများလက်ထက်တွင် အမွေရပစ္စည်းကို သက်ဆိုင်ရာအမွေရသည့်မြေးက ရောင်းချလျှင် အခြားမြေးများတွင် ဦးစွာဝယ်ယူပိုင်ခွင့်မရနိုင်ပါ။
-ဖခင်သေဆုံး၍ မိခင်ဖြစ်သူက ကျန်ရှိသောပစ္စည်းတစ်စုံတစ်ရာကို တစ်စိမ်းသူများသို့ရောင်းချလျှင် သားသမီးများက ဦးစွာဝယ်ယူပိုင်ခွင့်မရှိပါ။ သားသမီးများက မိခင်နှင့် အမွေဆိုင်များမဟုတ်တဲ့အတွက်ဖြစ်ပါတယ်။ ဦးစွာဝယ်ယူပိုင်ခွင့်က အမွေဆိုင်အချင်းချင်းသာ တောင်းဆိုခွင့်ရှိပါတယ်။
-ဖခင်သေဆုံးသောအခါ ပထမအိမ်ထောင်နဲ့ ရတဲ့ သားသမီးများဟာ ၎င်းတို့ ဖခင်နဲ့ မိထွေး နှစ်ဦးပိုင်ပစ္စည်းကို ဦးစွာဝယ်ယူပိုင်ခွင့်ရှိတဲ့အတွက် မိထွေးထံမှ အခွင့်အရေးကို တောင်းဆိုနိုင်ပါတယ်။

စီရင်ထုံးများ

ဦးစွာ ဝယ်ယူပိုင်ခွင့်ကို အမွေဆိုင်များသာတောင်းဆိုနိုင်သည်။အမွေဆိုင်မဟုတ်သူတို့ တောင်းဆိုခွင့်မရှိပေ။အရွယ်မရောက်သေးသည့် သားသမီးများမှာ မိခင်မုဆိုးမနှင့်အတူ ဖခင်၏ ပစ္စည်းတွင် အမွေဆိုင်မဟုတ်သောကြောင့် ဦးစွာဝယ်ယူပိုင်ခွင့်မရနိုင်ချေ (အတွဲ ၂ ရန်ကုန် ၄၃၇)မောင်ဘချို နှင့် မောင်စံတင် အမှုစီရင်ထုံး

လင်မယားနှစ်ယောက်တွင်လယ်တစ်ကွက်ရှိရာလင်သေဆုံးသောအခါ မယားက ထိုလယ်ကို တစ်စိမ်းသူအားရောင်းချလိုက်သည်။ ပစ္စည်းမှာ အမွေမခွဲဝေရသေးသဖြင့် သားဖြစ်သူက ယင်းပစ္စည်းနှင့် ပတ်သက်၍ ဦးစွာဝယ်ယူပိုင်ခွင့်တောင်းဆိုနိုင်ကြောင်း (အတွဲ ၄ အယ်လ်ဘီ၊အာရ် ၁၂၈) မိုးသီးနှင့် သာမွေးအမှု စီရင်ထုံးတွင် ဆုံးဖြတ်ထားသည်။

သားနှစ်ယောက်ရှိမုဆိုးမက နောက်အိမ်ထောင်ပြုရာတွင် နောက်ထပ်သားနှစ်ယောက်ရရှိသည်။ နောက်အိမ်ထောင်နှင့်နေစဉ် မြေတစ်ကွက်ဝယ်သည်။ မုဆိုးမသေဆုံးသောအခါ လင်ဖြစ်သူက မြေကွက်ကို တစ်စိမ်းသူအားရောင်းချခြင်းမှာတရားမဝင်ပေ။ သားလေးယောက်က ထိုမြေကွက်ကိုဦးစွာဝယ်ယူပိုင်ခွင့်ရှိကြောင်း (အတွဲ ၂ ရန်ကုန် ၅၂၉) မောင်ဖိုးသောင်းနှင့် မောင်အေးဖေ အမှုစီရင်ထုံးတွင်ပြဆိုထားပါသည်။
ဦစွာ ဝယ်ယူပိုင်ခွင့်ဆိုသည်မှာ မိဘဘိုးဘေးတို့မှ ဆင်းသက်လာသော မခွဲဝေရသေးသည့် အမွေပစ္စည်းများမှ အမွေစားတစ်ဦး၏ ဝေစုကို အခြားအမွေဆိုင်များက တစ်စိမ်းသူထက် ဦးစွာ ဝယ်ယူပိုင်ခွင့်ရှိသည်။ အကယ်၍ အဆိုပါ အမွေဆိုင်တစ်ဦး၏ ဝေစုကို တစ်စိမ်းသူ သို့ ရောင်းချပြီးလျှင် အခြားအမွေဆိုင်များက  ဝယ်ယူသူအား ၎င်းတို့သို့ ပြန်လည်ရောင်းချရန် တောင်းဆိုနိုင်သည့် အခွင့်အရေးရှိသည်။ ထိုသို့ ဝယ်ယူပိုင်ခွင့်ကိုဦးစွာဝယ်ယူပိုင်ခွင့်ဟုခေါ်သည်။ (အတွဲ ၈ အယ်လ်ဘီအာရ် ၄၆၆ ရဲနံအိုနှင့် အောင်မြတ်စံ)အမှုစီရင်ထုံး။

မြန်မာဓလေ့ထုံးတမ်းပါ ဦးစွာဝယ်ယူပိုင်ခွင့်အကြောင်းကို သိရှိနားလည်၍ ဗဟုသုတများတိုးပွားနိုင်ကြပါစေရှင့်

ဒေါ်မေသဇင်ဆွေ
တရားလွှတ်တော်ရှေ့နေ

ကိုးကား-မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ

Related Posts