Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အိမ်သန့်ရှင်းရေးလုပ်ရုံနဲ့ အံ့သြစရာကောင်းအောင်ရရှိမယ့် အကျိုးကျေးဇူး (၆) မျိုး

December 1, 2022 210 views
အိမ်သန့်ရှင်းရေးလုပ်ရုံနဲ့ အံ့သြစရာကောင်းအောင်ရရှိမယ့် အကျိုးကျေးဇူး (၆) မျိုး

ဒီစာကို ဖတ်ပြီးရင်တော့ အိမ်သန့်ရှင်းရေးထလုပ်ချင်သွားမှာပါ။ မဒီက အိမ်သန့်ရှင်းရေးလုပ်ရတာကို မကြိုက်ဘူး၊ အိမ်သန့်ရှင်းရေးလုပ်ရတာကို မုန်းတဲ့သူလား။ အိမ်သန့်ရှင်း‌ရေးလုပ်ရင် ရရှိမယ့် အကျိုးကျေးဇူးတွေကို သိသွားရင်တော့ ချက်ချင်းကို အိမ်သန့်ရှင်းရေး ထလုပ်မှာသေချာပါတယ်။ ဒီနေ့တော့ မဒီတို့ ကြိုးစားပမ်းစား အိမ်သန့်ရှင်းရေးလုပ်ထားမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိမှာလဲဆိုတာကို ပြောပြပါရစေ။ 

၁။မိသားစုဝင်တိုင်းရဲ့ ကျန်းမာရေးဟာ ကောင်းမွန်နေမယ် 

အိမ်သန့်ရှင်းရေး ပုံမှန်လုပ်ပြီး သန့်ရှင်းနေတဲ့ အိမ်မှာ နေထိုင်တဲ့ မိသားစုဝင်တိုင်း ပထမဆုံးရရှိမယ့် အကျိုးကျေးဇူးကတော့ ကျန်းမာပြီး အနာရောဂါကင်းစင်ခြင်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သန့်ရှင်းနေတဲ့ အိမ်မှာ မသန့်ရှင်းတဲ့ အိမ်မှာရှိတတ်တဲ့ ဘက်တီးရီးယားတွေ၊ မှိုတွေ၊ ဖုန်မှုန့်တွေ၊ ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေ ရှိမနေလို့ပါပဲ။ ဒီလိုအရာတွေ မရှိတဲ့အတွက် ဒီလိုအရာတွေကနေတစ်ဆင့်ဖြစ်တတ်တဲ့ ဖျားနာခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်း စတာတွေ မဖြစ်စေတော့တဲ့အတွက် အိမ်မှာရှိတဲ့ မိသားစုဝင်တိုင်းဟာ ကျန်းမာရေးကောင်းမွန်နေမှာပါ။ 

“အိမ်တစ်အိမ်က လေကောင်းလေသန့်ရဖို့ အရေးကြီးသလို ကိုယ်ထားထားတဲ့ အသုံးအဆောင်ပစ္စည်းတွေမှာ ဖုန်တွေ၊ အမှုန်တွေ ၊ မှိုတွေ အများကြီး ကပ်နေနိုင်တယ်။ ဘက်တီးရီးယားတွေ အများကြီး ပေါက်နေနိုင်တယ်။ ပစ္စည်းတွေ အများကြီး ရှုပ်နေမယ်ဆိုရင် ဘယ်နေရာသွားသွား ဘက်တီးရီယားနဲ့ တွေ့မှာပဲ။ တွေ့ပြီဆိုရင် အဲ့အိမ်မှာနေတဲ့သူတွေရဲ့ ကျန်းမာရေးက ဘယ်လိုမှ မကောင်းနိုင်တော့ဘူး။ အိမ်ကို သန့်ရှင်းအောင် ထားတဲ့ အိမ်နဲ့ ရှုပ်ပွနေတဲ့ အိမ်ရဲ့ ကျန်းမာရေးက သိပ်ကွာခြားတယ်။” လို့ အိမ်သန့်ရှင်းရေးဟာ ကျန်းမာရေးနဲ့ အများကြီးသက်ဆိုင်ကြောင်း Health Care Attendant ဦးမျိုးမင်းဦးကပြောပါတယ်။ 

၂။စိတ်ဖိစီးမှုနည်းစေပါတယ်။ 

အမြင်အာရုံရှုပ်ထေွးမှုဟာ စိတ်ဖိစီးမှုတွေကို ဖြစ်ပွားစေပါတယ်။ ကိုယ့်ရဲ့ စိတ်ညစ်စရာတွေကြောင့် စိတ်ဖိစီးနေတာလို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တော့ အိမ်ရဲ့ ညစ်ပတ်ရှုပ်ပွမှုကလည်း စိတ်ဖိစီးမှုတွေကို ဖြစ်ပေါ်စေနိုင်တာပါပဲ။ စိတ်ဖိစီးမှုဟာ ကိုယ်နေထိုင်ရာပတ်ဝန်းကျင်နဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်မှာ စိတ်ရှုပ်စရာတွေ ၊ စိတ်ညစ်စရာတွေ ၊ စိတ်ဖိစီးမှုတွေ များနေတယ်ဆိုရင် ကိုယ်နေထိုင်ရာအိမ်၊ အခန်းစတာတွေ ရှုပ်ထွေးနေလား တစ်ချက်စစ်ဆေးပါ။ ရှုပ်ပွညစ်ပတ်နေတယ်ဆိုရင် ရှင်းလိုက်ပါ။ စိတ်ဖိစီးမှုတွေ သက်သာလျော့ပါးလာတာကို တွေ့ရပါလိမ့်မယ်။ 

၃။ပေါ့ပါးသွက်လက်လာပါလိမ့်မယ် 

အိမ်သန့်ရှင်းရေးလုပ်တာကို လေ့ကျင့်ခန်းလုပ်နေတယ်လို့ တွေးကြည့်လိုက်ပါ။ တကယ်လည်း အိမ်သန့်ရှင်းရေးလုပ်တာဟာ လေ့ကျင့်ခန်းလုပ်တာနဲ့ အတူတူပါပဲ။ ခန္ဓာကိုယ်က လှုပ်ရှားနေရတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်တွင်းက ကယ်လိုရီတွေကလည်း လောင်ကျွမ်းသွားပါတယ်။ ဒါ့ကြောင့် အိမ်သန့်ရှင်းရေးကို ပုံမှန်လုပ်နေသူဟာ လေ့ကျင့်ခန်းပုံမှန်လုပ်နေသူလို ပေါ့ပါးသွက်လက်နေမှာပါ။ 



၄။ အစားအသောက်တွေလည်း ကျန်းမာရေးနဲ့ ညီညွတ်မယ်

အိမ်က သန့်ရှင်းနေတာကြောင့် စားမယ့် အစားအ‌သောက်တွေကို ဘက်တီးရီးယားပိုးတွေ ဝင်တာ ၊ ဖုန်မှုန့်တွေ တက်တာ ၊ မှိုစွဲတာ စတာတွေလည်း မဖြစ်နိုင်တော့တဲ့အတွက် မိသားစုဝင်တွေ စားသုံးမယ့်အစားအ‌သောက်တွေဟာလည်း ကျန်းမာရေးညီညွတ်တဲ့ အစားအ‌သောက်တွေ ဖြစ်နေပါလိမ့်မယ်။ 

၅။ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ပါလိမ့်မယ် 

အိမ်က သန့်ရှင်းနေသလို အိပ်ခန်းကလည်း သန့်ရှင်းသပ်ရပ်နေမယ်ဆိုရင် အိပ်ပျော်မှုကို အနှောင့်အယှက်မဖြစ်စေတော့ဘဲ ကောင်းမွန်စွာ အိပ်ပျော်သွားစေနိုင်ပါတယ်။ သန့်ရှင်းတဲ့ အိပ်ယာနဲ့ ခေါင်းအုံးပေါ်ကို ခေါင်းချလိုက်တာနဲ့ ကိုယ်ကလည်း တွေးစရာ၊ စိတ်ရှုပ်စရာတွေ ရှိမနေဘူးဆိုရင် ၊ နေ့ဘက်မှာလည်း အိမ်သန့်ရှင်းရေးတွေ လုပ်ဆောင်ထားတယ်ဆိုရင် ညဘက်မှာ နှစ်ခြိုက်စွာ အိပ်‌ပျော်သွားစေမှာပါ။ National Sleep Foundation ရဲ့ စစ်တမ်းအရ သန့်ရှင်းတဲ့ အခန်း ၊ သန့်ရှင်းတဲ့ အိပ်ယာမှာ အိပ်စက်ခြင်းဟာ အိပ်ပျော်ဖို့ ပိုမိုလွယ်ကူတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ညဘက်အိပ်မပျော်သူတွေအနေနဲ့ အိပ်ယာ၊ အခန်းတွေကို သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းလေးထားပြီး အိပ်စက်ကြည့်ပါ။ 

၆။စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ 

အိမ်ဟာ သန့်ရှင်းသပ်ရပ်မှုမရှိဘဲ ဖုန်မှုန့်တွေ၊ မှိုတွေ ၊ တိရစ္ဆာန်အမွှေးအမျှင်တွေနဲ့ ညစ်ပတ်ရှုပ်ထွေးနေမယ်ဆိုရင် စိတ်ရှုပ်ထွေးမှု ၊ စိတ်ညစ်မှုနဲ့ စိတ်ဖိစီးမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရှုပ်ပွညစ်ပတ်နေသော အိမ်ရဲ့အသွင်အပြင်ဟာ စိတ်ကို ရှုပ်ထွေးစေတဲ့ သက်ရောက်မှုတွေ ပေါ်ပေါက်လာစေပါတယ်။ သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်ရဲ့ အသွင်အပြင်ကတော့ အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်စေပြီး စိတ်တည်ငြိမ်မှုရရှိစေကာ စိတ်ဓာတ်ကျမှုနဲ့ စိုးရိမ်စိတ်တွေကို လျော့နည်းစေတယ်လို့ စိတ်ပညာဆိုင်ရာလေ့လာမှုတွေကတစ်ဆင့် သိရပါတယ်။ 

အိမ်သန့်ရှင်းရေးကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး Health Care Attendant ဦးမျိုးမင်းဦးက ခုလို အကြံပေးပါတယ်။

“ဖြစ်နိုင်ရင် အိပ်ယာခင်းတွေကို သုံးရက် တစ်ခါလောက်တော့ လျှော်သင့်တယ်။ ကိုယ် နေ့တဒူဝသုံးနေတဲ့ အသုံးအဆောင်တွေကိုတော့ ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ လိုအပ်တယ်။ ကိုယ့်ရဲ့ အိမ်သန့်ရှင်းရေးလုပ်ဖို့အတွက် အချိန်လေးတော့ သတ်မှတ်ထား။ ဥပမာ တစ်ရက်ကို ၁၅မိနစ်ပဲ သန့်ရှင်းရေးလုပ်ဖို့ကို အချိန်ပေးပြီး အဓိက သန့်ရှင်းရေးလုပ်။ စနစ်တကျမရှိသေးတဲ့ ပစ္စည်းတွေကို ပြန်ပြီးတော့ စနစ်တကျဖြစ်အောင်ထားမယ်။ ဖုန်တွေသုတ်မယ်။ သန့်ရှင်းရေးသေချာလုပ်မယ်ဆိုရင်တော့ ဒါတွေက ကောင်းတယ်။ 

ပြတင်းပေါက်တွေ နေရာမှာ တစ်ခုခုကာ နေမယ်။ ကွယ်နေမယ်ဆိုရင် လေကောင်းလေသန့် မရနိုင်တော့ဘူး ။ လေကောင်းလေသန့် မရဘူးဆိုရင် အထဲထဲမှာ အခန်းအပူချိန်က ပိုမြင့်လာပြီး နေရထိုင်ခက်လာမယ်။ အဲကွန်းသုံးတဲ့အိမ်တွေမှာဆို အိမ်ကရှုပ်ပွနေပြီး အဲကွန်းသုံးမယ်ဆိုရင် ဘယ်ကမှန်းမသိတဲ့ ဘက်တီးရီးယားတွေက စိုထိုင်းမှုက တစ်ဆင့် ပေါက်ဖွားလာမယ်။ ဒါဆိုရင် မလိုအပ်ဘဲ အရေပြားယားယံတာတွေ ဖြစ်နိုင်သလို မျက်လုံးကို ကိုင်မိရင်လည်း မျက်စိနာတာတို့ ဘာတို့ ၊ နှာခေါင်းကို ကိုင်မိရင် နှာစေးတာတို့ ၊ ပါးစပ်ထဲထည့်မိရင်လည်း ဝမ်းပျက်ဝမ်းလျှောတို့ ဖြစ်လာနိုင်တယ်။ 

အိမ်အသုံးအဆောင်တွေကို စနစ်တကျ ထားသိုတာကတော့ မိသားစုတိုင်းအတွက် သင့်တော်ကောင်းမွန်တဲ့ အလုပ်တစ်ခုပါ။ အိမ်သန့်ရှင်းရေးကို အချိန်လေးသီးသန့်ပေးပြီး သန့်ရှင်းရေးလုပ်ပေးပါ။ အိမ်သာကိုလည်း အမြဲသန့်ရှင်းရေးလုပ်မှသာ ရောဂါကင်းဝေးနိုင်မှာပါ။” 

ဒီလို အကျိုးကျေးဇူးတွေအများကြီးရရှိနိုင်တဲ့ အိမ်သန့်ရှင်းရေးကို အချိန်လေးနည်းနည်းဖဲ့ပေးပြီး နေ့စဉ်လုပ်ဆောင်ကြည့်ကြရအောင်နော်။

Credit By : Duwun

Related Posts