သန့်ရှင်းကျန်းမာတဲ့ အိမ်ကလေးတစ်လုံး ဖြစ်ဖို့အတွက်...
သန့်ရှင်းကျန်းမာတဲ့ အိမ်ကလေးတစ်လုံး ဖြစ်ဖို့အတွက်...
အကြောင်းရင်းမရှိဘဲ မကြာခဏ နှာစေး၊ နှာမွှန်နေပါသလား။ ဘာမှ ထွေထွေထူးထူး မလုပ်မိဘဲ ချောင်းတဟပ်ဟပ်နဲ့ ချွဲခဏခဏ ထနေတတ်ပါသလား။ ဒါဆိုရင်တော့ တိုက်ခန်းထဲ၊ အိမ်ထဲမှာ ပျံ့လွင့်နေတတ်တဲ့၊ မမြင်နိုင်တဲ့ ညစ်ညစ်ပတ်ပတ် အမှုန်အမွှားတွေ၊ အနံ့မကောင်းတာတွေကြောင့်ပါတဲ့။
အိမ်လေးကို သစ်သစ်လွင်လွင်နဲ့ လန်းဆန်းအေးမြပြီး သန့်စင်နေအောင် ဘယ်လိုကြိုးစားကြည့်ရင် ကောင်းမလဲနော်။
● မလျှော်ဘဲ ထပ်ခါထပ်ခါ ပြန်သုံးနေတဲ့ ကြမ်းတိုက်ဝတ်တွေဟာ ညစ်ပေတဲ့အမှုန်တွေထွက်တဲ့ လမ်းစပါ။ ကြမ်းတိုက်ဝတ်ကို တစ်ခါတိုက်ပြီးတိုင်း ရေနဲ့ လျှော်ချလိုက်ပြီး နေပြင်းပြင်းမှာ ထုတ်လှမ်းပါ။
● ကြမ်းတိုက်ဝတ်တွေကို အိမ်ခန်းထဲမှာ မထားပါနဲ့တဲ့။ အပြင်ဝရန်တာကို ထုတ်ထားပါတဲ့။ ကြမ်းတိုက်ချောင်း၊ ကြမ်းတိုက်ဝတ်ထဲက အညစ်အကြေးတွေဟာ အိမ်ထဲမှာ လွင့်ပျံနေတတ်ပါတယ်။
● ကော်ဇောတွေကို ဖုန်စုပ်စက်နဲ့ စုပ်ပါ။ တစ်ပတ်တစ်ခါ ခါပါ။ တုတ်နဲ့ရိုက် လူသုံးယောက်လောက်ကိုင်ပြီး အပြင်မှာ အားရပါးရ ခါခက်ပြီးမှ ပြန်ခင်းပေးပါ။ အနည်းဆုံး တစ်ပတ်တစ်ခါလောက်တော့ လုပ်သင့်ပါတယ်။
● မြန်မာတွေ အသုံးများတဲ့ တံမြက်စည်းဟာ အမှုန်တွေ အရမ်းထွက်လွန်းတဲ့အရာမို့လို့ တံမြက်စည်း လှည်းနေချိန်မှာ နှာခေါင်းစည်း တပ်ပါ။ တံခါးတွေ အကုန်ဖွင့်ထားပါ။
● လှဲကျင်းပြီးတဲ့အခါ အင်္ကျီလဲပါ။ ရေချိုးချပါ။ တံခါးတွေ အကုန်ဖွင့်ထားပါ။ တံမြက်စည်းကို ခါပြီး အပြင်ကို ထုတ်ထားလိုက်ပါ။ တိုက်ခန်းနေသူအတွက် တံမြက်စည်းလှည်းခြင်းထက် သမံသလင်းကို အစိုတိုက်တာ ရေဆေးချပြီး သန့်ရှင်းတာက အဆင်အပြေဆုံးပါ။
● အိပ်ရာအိပ်ရာခင်းဟာ ရောဂါပိုးတွေ ပျံ့နှံ့ဝင်ရောက်နိုင်တဲ့ တစ်ခုတည်းသောနေရာပါ။ ဖုန်းကို အိပ်ရာပေါ် မတင်ပါနဲ့၊ အိပ်ရာခင်းတွေကို မှန်မှန်လျှော်ပေးပါ။ ဂရုတစိုက်နဲ့ မကြာခဏ သန့်ပေးလို့ ခေါင်းအုံးဖုံးလေးတွေ အသစ်လို လန်းဆန်းသစ်လွင်နေရင် ကြည့်ရတာလည်း သပ်ရပ် ကျန်းမာရေးနဲ့လည်း ညီညွတ်ပါပြီနော်။
● ဆိုဖာတွေ ထိုင်ခုံအခင်းတွေ၊ ခြေသုတ်ခုံတွေကိုလည်း ဖြစ်နိုင်ရင် နေ့စဉ်ခါပြီး ရေလျှော်လို့ရရင်တော့ တစ်လတစ်ခါလောက် ဖြုတ်ပြီး လျှော်ပေးသင့်ပါတယ်။
● အဲယားကွန်း အကာစစ်တဲ့ ဆန်ခါတွေကို လဲဖို့ မနှမြောပါနဲ့။
● အိမ်တွင်းမှာ အပင်လေးတွေ ထားပါ။ စိမ်းစိုလတ်ဆတ်တဲ့ အရွက်လေးတွေ ဝေဝေဆာဆာ ပန်းအိုးထိုးပါ။ အရွက်စိမ်းစိမ်းတွေက လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူသွားလို့ အခန်းတွင်းလေထုကို အထူးသန့်ရှင်း စင်ကြယ်စေမှာ ဖြစ်ပါတယ်။
Credit: drmyanmar
ပြန်လည်ကူးယူဖော်ပြပါသည်။