Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အိမ်ငှားရှိသည့် အိမ်ကို အသစ်ပြန်ဆောက်မည်ဆိုလျှင်

December 7, 2022 126 views
အိမ်ငှားရှိသည့် အိမ်ကို အသစ်ပြန်ဆောက်မည်ဆိုလျှင်

အိမ်ငှားရှိသည့် အိမ်ကို အသစ်ပြန်ဆောက်မည်ဆိုလျှင်

“အိမ်ငှားရှိတဲ့ အိမ်ကို အသစ်ပြန်ဆောက်မယ်ဆိုပါတော့ ဆရာ။ အိမ်သစ်မှာ အိမ်ငှားတွေကို ပြန်ထားရမယ်လို့ ဥပဒေရှိပါသလား”ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးပါသည်။

“မိတ်ဆွေကြီးက အိမ်ကို ဘယ်လို ပုံစံမျိုး ပြန်ဆောက်ချင်တာလဲ။ မြေက ဘယ်မှာလဲ။ ရန်ကုန်မြို့ နယ်နိမိတ်ထဲ မှာပဲလား”

“ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ထဲမှာပါ။ ကန်ထရိုက်ပေးပြီး ဆောက်ကြတဲ့အခါ အိမ်ငှားတွေကို အခန်းပြန်ပေး ရတဲ့စနစ်ဖြစ်နေတာက ဥပဒေရှိလို့လားဆိုတာ သိချင်လို့ပါ”

“မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပါ ပြဋ္ဌာန်းချက်ပါ အိမ်ငှားတာဝန်ဖောက်ဖျက်မှုတွေနဲ့ ငြိစွန်းနေ ရင်တော့ ဥပဒေနဲ့အညီ တရားရုံးမှာ တရားစွဲဆိုနှင်ချခွင့်ရှိမှာ ဖြစ်ပါတယ်”

“ဆရာပြောစကားအရဆိုရင် အိမ်ငှားတာဝန်ဖောက်ဖျက်တဲ့အချက်မရှိရင်တော့ အိမ်မှ နှင်ချခွင့်မရှိဘူးဆိုတဲ့ သဘောပေါ့”

“မှန်ပါတယ်။ ဒါကြောင့် မြေရှင်တွေအနေနဲ့ အကျိုးအမြတ်ရအောင် ကန်ထရိုက်စနစ်နဲ့ ခြောက်ထပ်၊ ရှစ်ထပ် တိုက်တွေဆောက်ကြတာပေါ့။ တစ်ခါတစ်ရံမှာ အိမ်ရှင်ကိုယ်တိုင်နေတာမဟုတ်ဘဲ အိမ်ငှားတွေချည်းပဲ အငှားချထားတဲ့ အိမ်ခန်းတွေလည်း ရှိတတ်ကြတယ်”

“ဟုတ်ကဲ့။ ကျွန်တော့် ဖခင်လက်ထက်ကတည်းကငှားနေတဲ့ အိမ်ငှားတွေရှိနေတယ်။ အိမ်ကလည်း ပျဉ်ထောင် အိမ်တစ်ထပ်ဆိုတော့ ဆွေးနေပြီပေါ့။ အဲဒါကိုအိမ် အသစ်ပြန်ဆောက်ချင်လို့ ဆရာ”

“အိမ်ငှားက ဘယ်နှဦးရှိနေလို့လဲ”

“မိသားစုနှစ်စုရှိတယ် ဆရာ”

“အခန်းက ဘယ်နှခန်းဖွဲ့ထားသလဲ”

“နှစ်ခန်းဆရာ။ မိသားစုတစ်စုစီနေကြတာ”

“တိုက်ဆောက်ရင်လည်း သူတို့ကို တစ်ခန်းစီပေးရမယ့် သဘောဖြစ်နေတာပေါ့”

“ဟုတ်တယ်ဆရာ။ ဖယ်ပေးဖို့ပြောတော့လည်း တိုက်ခန်းဆောက်ရင် တစ်ခန်းရမှာ သေချာတယ်ဆိုပြီး တိုက်ခန်းတစ်ခန်းဖိုးလောက်တောင်းနေတာ ဆရာ”

“ဒါကလည်း ထုံးတမ်းစဉ်လာလိုဖြစ်နေတာကိုး။ ဒါကြောင့်လည်း အိမ်နှင်မှုတွေဖြစ်နေကြတာပေါ့။ လောဘနဲ့ ရှေ့ထားပြီး အမှုအခင်းတွေဖြစ်နေကြတယ်”

“နိုင်ငံတော် အစိုးရက စီမံကိန်းနဲ့ တည်ဆောက်တဲ့ တိုက်ခန်းတွေမှာလည်း မူလအိမ်ငှားတွေကို တိုက်ခန်း တစ်ခန်းပေးတယ်လို့ သိရတယ်”

“ဟုတ်ကဲ့ ရှိခဲ့ပါတယ်။ ကျွန်တော် မှတ်သားသိရှိထားတာတော့ ကမာရွတ်မြို့နယ်က ယခင်ဝဂ္ဂီရပ်ကွက်ကို အဆင့်မြင့်တိုက်ခန်းတွေအဖြစ် စီမံကိန်းချဆောက်လုပ်ခဲ့ပါတယ်။ အဲဒီမှာ မိတ်ဆွေကြီးပြောသလို အိမ်ငှားတွေ ကို သင့်လျော်တဲ့ တိုက်ခန်းမှာ ပြန်လည်နေရာချထားပေးတာတွေ ရှိပါတယ်”

“ဒါဆိုရင် မြန်မာနိုင်ငံမှာ အစဉ်အလာသဘောမျိုးဖြစ်နေတာပေါ့”

“ဒါကတော့ နှစ်ဦးနှစ်ဖက် မနစ်နာအောင် ညှိနှိုင်းဆောင်ရွက်တဲ့သဘောပေါ့။ အိမ်ငှားတွေကို အခန်း တစ်ခန်း ပေးတယ်ဆိုတာ အိမ်ငှားအဖြစ် ဆက်လက်ထားတာမျိုး ဖြစ်ပါတယ်”

“အပိုင်ပေးတာမျိုး မဟုတ်ဘူးပေါ့”

“တချို့ကလည်း အိမ်ငှားဆိုပေမယ့် အပျောက်စနစ်နဲ့ ဝယ်ထားတဲ့ အိမ်ငှားတွေလည်း ရှိကြတယ်။ သူတို့ ကတော့ မိမိအစားရတဲ့ တိုက်ခန်းကို ပြန်လည်ရောင်းချလွှဲပြောင်းခွင့်ရမှာ ဖြစ်ပါတယ်”

“လစဉ် ငှားရမ်းခနဲ့ ငှားရမ်းထားခဲ့တဲ့ အိမ်ငှားတွေက ဘယ်လိုဖြစ်နိုင်သလဲ”

“သင့်တော်တဲ့အခန်းကို ပြန်လည်အငှားချခြင်းဖြစ်ပါတယ်။ အိမ်လခကောက်ခံပြီး အိမ်ရှင်အိမ်ငှားအဖြစ် ဆက်လက်နေသွားရမှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာနမှာ မြေရှင်၊ ကန်ထရိုက်၊ အိမ်ငှားတို့နဲ့ ညှိနှိုင်းတဲ့အခါ အိမ်ငှားရတဲ့အခန်းကို ပြန်လည်ရောင်းချခွင့် မရှိ။ လွှဲပြောင်းခွင့်မရှိ၊ အိမ်ငှားအဖြစ်သာ နေထိုင်ခွင့်ပြုကြောင်း သဘောတူ စာချုပ်စာတမ်းချုပ်ဆိုပြီး အိမ်ဆောက် ခွင့်ပြုတာတွေရှိပါတယ်”

“တိုက်အသစ်ဆောက်ရင် မြို့တော်စည်ပင်သာယာရေး ကော်မတီသက်ဆိုင်ရာဌာနမှာ မြေရှင်၊ ကန်ထရိုက်၊ အိမ်ငှားများနဲ့ ညှိနှိုင်းသဘောတူမှ အိမ်ဆောက်ခွင့်ရတာ မဟုတ်လား”

“ဟုတ်ပါတယ်။ အားလုံး သဘောတူညီချက်ရမှ အိမ်သစ်ဆောက်လုပ်ခွင့်ချပေးမှာ ဖြစ်ပါတယ်”

“ကျွန်တော်ကြားဖူးတာတစ်ခုရှိတယ်။ အိမ်အသစ် ပြန်ဆောက်ဖို့ တရားရုံးမှာ လျှောက်ထားလို့ရတယ်။ အိမ်ငှား တွေကိုနှင်ပြီး အိမ်သစ်ဆောက်ခွင့်ပေးတယ်လို့ ကြားဖူးတယ် ဆရာ။ အဲဒါမျိုးရှိပါသလား”

မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ – ၁၂ (၁)(င) မှာ၊ အိမ်ရှင်ဖြစ်သူသည် ၎င်း၏ လက်ရှိ အဆောက်အအုံကို အသစ်ဆောက်လုပ်ရန် သို့မဟုတ် အရေးကြီးသော ပုံသဏ္ဌာန်ပြောင်းလဲသော ပြုပြင်မှု များ ပြုလုပ်ရန်အတွက် ရိုးဖြောင့်သော သဘောဖြင့် ၎င်း၏ အဆောက်အအုံကို ရယူလိုပါက အိမ်ငှားအား ဖယ်ရှား ပေးရန် တရားစွဲဆိုခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပါတယ်။ တစ်ဆက်တည်းမှာပဲ အိမ်ရှင်သည် အိမ်ငှားပြောင်းရွှေ့ သည့် နေ့ရက်မှစ၍ ကိုးလထက်မပိုဘဲ တရားရုံးက သတ်မှတ်သော ကာလအတွင်း ယင်းအဆောက်အအုံ သစ်ဆောက်ခြင်း သို့မဟုတ် ပြုပြင်ခြင်းကိစ္စကို ပြီးစီးအောင် ဆောင်ရွက်ပါမည်ဟုလည်းကောင်း၊ အသစ် ဆောက်ခြင်း သို့မဟုတ် ပြုပြင်ခြင်းကိစ္စပြီးစီးက ဖယ်ရှားပေးရသော အိမ်ငှားက ပြန်လည်၍ ငှားရမ်းလိုပါလျှင် အငှားချထားပါမည်ဟုလည်းကောင်း တရားရုံးက သတ်မှတ်သည့် ငွေအရေအတွက်ဖြင့် ခံဝန်ချုပ်ဆိုရမည်လို့ ဖော်ပြထားပါတယ်”

“ဘယ်လို အထောက်အထားတွေ ပြဖို့လိုပါသလဲ”

“ငှားရမ်းထားသည့် အိမ်မှာ ဟောင်းနွမ်းကြာမြင့်နေပြီဖြစ်ကြောင်း၊ အိမ်ရှင်အနေဖြင့် သက်ဆိုင်ရာ စည်ပင်မြူနီစီ ပါယ်အဖွဲ့၏ အိမ်သစ်ဆောက်လုပ်ရန်အခွင့်အမိန့်ရရှိပြီးဖြစ်ကြောင်း၊ အိမ်ရှင်သည် အိမ်သစ်ဆောက်လုပ်နိုင် သည့် ဓနအင်အားလည်းရှိကြောင်း တို့မှာ အကြောင်း အားလျော်စွာ ရိုးဖြောင့်သော သဘောဖြင့် အိမ်ပြင်ဆင်၊ အသစ်ဆောက် လုပ်ရန်အတွက် ဥပစာကို ရယူလိုသည်မှာ မှန်ကန်သည်ဟု ဒေါ်သိန်းရွှေနှင့် အက်စ်အမ်ချောင် ဒူရီ (၁၉၆၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ -၁၅၉) မှာ ဆုံးဖြတ်ထားပါတယ်။ ယခုတိုင် အဲဒီအချက်မျာ ကို လိုက်နာဆောင်ရွက်လျက်ရှိပါတယ်”

“ဒါဆိုရင် မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ အိမ်ဆောက်လုပ်ခွင့်တင်ပြဖို့ လိုတာပေါ့။ တကယ်လို့ အိမ်ငှားက ပြန်လည်၍ ငှားရမ်း နေထိုင်လိုလျှင် အငှားချထားရမယ်ဆိုတာက ဘယ်လိုလဲ ဆရာ”

“အိမ်ရှင်အနေနဲ့ တရားရုံးမှာ ခံဝန်ချုပ်ပြုလုပ်ပြီး၊ ယင်းခံဝန်ချုပ်ကို ဖောက်ဖျက်ရင် ဖယ်ရှားပေးခဲ့ရသော အိမ်ငှားအနေဖြင့် ခံဝန်ချုပ်အရ အိမ်ငှားအပေါ် ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ (၂) နှင့် (၃) တို့အရ တရားရုံးက အရေးယူပေးရန် လျှောက်ထားနိုင်တယ်။ တရားရုံးက ခံဝန်ချုပ်ဖြင့် ချုပ်ဆိုထားသော ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ အိမ်ငှားအားလျော်ကြေးပေးစေခြင်း၊ အိမ်ငှားက သဘောတူလျှင် အိမ် ငှားအား တရားရုံးမှ အမိန့်ဒီကရီ မချမီထားရှိသည့် စည်းကမ်းအတိုင်း အချင်းဖြစ်ဥပစာကို အပ်နှံငှားရမ်း ခြင်းဆိုတဲ့ အချက်သုံးချက်ထဲက အမှုအခြေအနေကို လိုက်ပြီး တရားရုံးက အမိန့်ချနိုင်တယ်။ ဒါကြောင့် လက်ရှိ ကာလမှာ အိမ်ငှားနဲ့ ညှိနှိုင်းဆောင်ရွက်နေကြခြင်းဖြစ်တယ်”ဟု ရှင်းပြဆွေးနွေးလိုက်ပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts