Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ဘိုးဘွားပိုင်မြေက အခိုင်မာဆုံးလား

December 14, 2022 1007 views
ဘိုးဘွားပိုင်မြေက အခိုင်မာဆုံးလား

ဘိုးဘွားပိုင်မြေဆိုတာဟာ ဘိုးစဉ်ဘောင်ဆက်အမွေ ဓားမဦးချ ဆက်ခံနေထိုင်လာကြတဲ့မြေဖြစ်ပြီး ဥပဒေအရ ပြောရရင်လည်း ဥပဒေပုဒ်မ (၄)၊ ပုဒ်မ ခွဲ (၁၀) အရ ဘိုးဘွားမိဘလက်ထက်ကတည်းက ပိုင်ဆိုင်လာပြီး လွှဲပြောင်းဆက်ခံခွင့်ရှိတဲ့ မြေအမျိုး အစားဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆို ထားပါတယ်။ အိမ်ခြံမြေလောကမှာ လူကြိုက်များပြီး ဈေးလည်းကောင်းတဲ့ ဘိုးဘွားပိုင်မြေတွေဟာ အင်္ဂလိပ်ခေတ်က စခဲ့တယ်လို့ ယူဆရပါတယ်။ 

ဒီနေ့ခေတ်မှာတော့ လယ်မြေ၊ ယာမြေ၊ လိုင်စင်မြေ၊ ပါမစ်မြေ၊ မြေငှားဂရမ်မြေ၊ ကျူးကျော်မြေ၊ မြို့ကွက်မြေပုံ၊ မြို့မြေစာရင်း၊ အခွန်လွတ် သာသနာ့မြေ၊ အခွန်လွတ်ဗဒ္ဓသိမ်မြေ စတဲ့ မြေတွေထက် ဘိုးဘွားပိုင်မြေဟာ ခိုင်မာမှု ရှိနေဆဲ ဖြစ်ပါတယ်။ ယင်းအပြင် ဘိုးဘွားပိုင်မြေများနဲ့ ပက်သက်ပြီး ပိုင်ဆိုင်ခွင့်ရရှိသူကို အစိုးရက မြေပိုင်ရှင်အဖြစ်သတ်မှတ်ပြီး မြေကို အပြီးအပိုင် ပေးအပ်ပြီး ဖြစ်တာကြောင့် ၎င်းမြေများနဲ့ ပက်သက်ပြီး စီမံခန့်ခွဲခြင်း၊ မြို့မြေခွန်စည်းကြပ်ခြင်း မရှိပါဘူး။ ဒါဟာအခြားမြေ အမျိုးအစားတွေထက် တစ်ပန်းသာသွားတဲ့ အချက်တစ်ခုဖြစ်ပြီး ဈေးပိုများသွားရတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။



ရန်ကုန်၊ မန္တလေးမြို့တော်များမှအပ နယ်မြို့များမှာ ဘိုးဘွားပိုင်မြေတွေ ပိုင်ရှင်အမည်ပြောင်းလဲခြင်း ကိစ္စရပ်တွေကို သက်ဆိုင်ရာမြို့နယ် မြေစာရင်းဦးစီးဌာနမှူးများက အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ပေးလျှက် ရှိပြီး တကယ်လို့ အမည်ပြောင်းလဲလျှောက်ထားလိုတဲ့  မြေပိုင်ဆိုင်မှုစာရင်း (၁-က)မှာ G(သို့) Ag(သို့)H ဖြစ်နေရင် လယ်ယာမြေမဟုတ်ကြောင်း သက်သေခံ လက်မှတ် ၃(က)အရင် ရယူလျှောက်ထားပြီးမှ ဆက်လက်အမည်ပြောင်း လျှောက်ထားရမည်ဖြစ်ပါတယ်။ 

ဘိုးဘွားပိုင်မြေဖြစ်တဲ့အလျောက် ရောင်းချခြင်း၊ ပေးကမ်းခြင်းစသည့် လွှဲပြောင်းခြင်းများ ပြုလုပ်ပိုင်ခွင့်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ တရားဝင်စာချုပ်ချုပ်ဆို မှတ်ပုံတင်ပြီးမှသာ အဆိုပါစာချုပ်စာတမ်းများနဲ့တကွ တင်ပြပြီး အမည်ပြောင်းလဲပေးရန် လျှောက်ထားနိုင်ပါတယ်။ 

သို့ပေမယ့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၃၇(က)အရ - နိုင်ငံတော်ဟာ နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်ပါသည် - ဆိုပြီး ဖော်ပြထားတာကြောင့်လယ်ယာမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများလောက် သိမ်းဆည်းခံရဖို့ မလွယ်ပေမယ့် ဘိုးဘွားပိုင်မြေဟာလည်း နိုင်ငံတော်မှ ပိုင်ဆိုင်တာ ဖြစ်တာကြောင့် အချိန်အခါမရွေး ပြန်လည်သိမ်းဆည်းနိုင်တာကိုတော့ သတိချပ်သင့်ပါတယ်။  

Credit to original uploader

Related Posts