Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

“မြေစာရင်းပညာရပ်သည် မြေပုံရရှိရာမှ အစပြုသည်”

December 21, 2022 633 views
“မြေစာရင်းပညာရပ်သည် မြေပုံရရှိရာမှ အစပြုသည်”

“မြေစာရင်းပညာရပ်သည် မြေပုံရရှိရာမှ အစပြုသည်”

အထက်က အဆိုအမိန့်ဟာ ကျွန်တော်ရဲ့ နှုတ်ထွက်မဟုတ်ပါဘူး။ ဌာနကြီးမှာ ကျွန်တော်တို့ အလုပ်ဝင်စက ဆရာသမားများ သွန်သင်မိန့်ကြားခဲ့တဲ့ စကားတရပ် ဖြစ်ပါတယ်။

ဌာနကြီးအတွင်း မြေတိုင်းလုပ်ငန်း စတင်ဆောင်ရွက်တဲ့ ဌာနခွဲက ကြေးတိုင်ဌာနခွဲ ဖြစ်ပါတယ်။ ကြေးတိုင်နဲ့ မြေစာ ရင်းဌာနကြီးမှာ မြေတိုင်းလုပ်ငန်းနှင့် ဆက်နွယ်လာရတဲ့အကြောင်းကတော့ ကြေးတိုင်ကိစ္စရပ်များမှာ မြေမျိုးနဲ့ အတန်းအစား ခွဲခြားနိုင်ရန်အတွက်ရယ်၊ နှုန်းထားမတူညီတဲ့ ဦးပိုင်တစ်ခုချင်းရဲ့ ဧကအလိုက် အခွန်တော် စာရင်းကို တွက်ချက် စည်းကြပ်နိုင်ရန်အတွက်ရယ်၊ အခွန်တော်စည်းကြပ်တဲ့ မြေယာမှတ်တမ်းများ မြေပုံများ လိုချင်တာ ကြောင့်ရယ်က အခြေခံလာပါတယ်။

မြေခွန်တော်စည်းကြပ်နိုင်ရန်အတွက် မြေတိုင်းတာခြင်းလုပ်ငန်းကို ကြေးတိုင် ဌာနမှ အိန္ဒိယနိုင်ငံက Surveyor များနဲ့ မြေတိုင်းတာပုံထုတ်ခြင်း စတင်ဆောင်ရွက်ခဲ့ကြောင်း၊ သူတို့ဟာ ဗမာစကား မတတ်ကြကြောင်းကို ကြေးတိုင်နှင့် မြေစာရင်းမင်းကြီးဟောင်း J. S. FURNIVALL ရဲ့ “AN INTRODUCTION to the POLITICAL ECONOMY OF BURMA” စာအုပ်၊ စာမျက်နှာ၂ဝ၆ မှာ" In Burma, traverse and cadastral operations were conducted by  officers of the Survey of  India. In the actual survey work the usual high standard of accuracy was mantaind. but most of the surveyors, and in early days  all of them , were Indians who knew little or no Burmese."  
လို့ ဖေါ်ပြထားတာ  တွေ့ရှိရပါတယ်။

အင်္ဂလိပ်က မြန်မာပြည်သိမ်းတဲ့အခါ အခွန်အကောက်တွေ ရဘို့ မြေခွန်တော်ကို အရေးပေး ဆောင်ရွက်တယ်။ မြန်မာတနိုင်ငံလုံးတောင် မသိမ်းရသေးဘူး၊ 1852 တနင်္သာရီ၊ ရခိုင် ပဲခူးနဲ့ အောက်မြန်မာပြည် သိမ်းမိတာနဲ့တင် ၁၈၇၆ မြေနှင့်အခွန်တော်ဥပဒေပြဌာန်းပြီး မြေခွန်တော်ရရှိရေး ဆောင်ရွက်တယ်။ မြေခွန်တော်ကလဲ ပေါ့သေးသေး မှ မဟုတ်ကိုး။ အင်္ဂလိပ်ရတဲ့ မြန်မာတနိုင်လုံးရဲ့ အခွန်အရပ်ရပ် ရရှိငွေရဲ့ ၅၀ % ရှိတာကိုး။ လွတ်လပ်ရေး ရပြီး ပါလီမန်ခေတ်မှာတောင် ၃၃ % ရရှိနေပါသေးတယ်။ အခုတော့ မြေခွန်နှုန်းက မပြင်လေတော့ (ဝ.၀၁)% လောက် ဘဲ ရှိတော့မှာပါ။

အင်္ဂလိပ်က မြေခွန်တော်ရဘို့ လုံးပေါင်းစနစ်တွေ၊ ပုံသေနှုန်းတွေကနေ စနစ်ကျတဲ့ ကြေးတိုင်နှုန်းတွေ သတ်မှတ်ပေးတယ်။ စနစ်တကျ မြေတိုင်းတာမှုတွေ လုပ်တယ်။ မြေတိုင်းတာမှုကို နိုင်ငံအတွင်း အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲ (1824-1826) အပြီး ရခိုင်နဲ့ တနင်္သာရီ သိမ်းပိုက်ရရှိရာက စတယ်လို့ အဆိုရှိတယ်။ ရခိုင်ဒေသကို ဘင်္ဂလားအုပ်ချုပ်ရေးအောက် သွတ်သွင်းပြီး ၁၈၃၂ ခုနှစ် မှာ စစ်တကောင်းက မြေတိုင်းစာရေးများနဲ့ လယ်ယာမြေတွေကို မြေခွန်ကောက်နိုင်ဘို့ တိုင်းတာခဲ့တယ်လို့ သိရတယ်။ ဘယ်စကေးနဲ့ ပုံထုတ် တိုင်းတာခဲ့လဲ တော့ မသိဘူး။ အခြေခံ ယူနစ်ကတော့ ဧက မဟုတ်ဘူး။ ခန်းနီး (Khannee) လို့ခေါ်တယ်။ တစ်ခန်းနီးဟာ (0.40) ဧက ရှိတယ်။ တစ်ဧကရဲ့ ၅ ပုံ ၂ ပုံပေါ့။ သီးနှံစိုက်တဲ့ နေရာ အခင်းအကွက်ကိုသာ ဧရိယာဘယ်လောက်ရှိသလဲ လုပ်ကွက်တကွက်ချင်း တိုင်းတာတဲ့ စနစ်လို့ သိရတယ်။ ကွင်းဖွဲ့တိုင်းတာမှု မဟုတ်သေးဘူး။ အခုခေတ်မှာ မြေစာရင်းပုံစံ ၂၂ (Field book) နဲ့ သံကွင်း ၂၀ ရှိတဲ့ Off-set ဝါးကို အသုံးပြု၊ ပုံထုတ်တဲ့ သဘောမျိုးလို့ ယူဆ ရတယ်။ ခန်းနီးရအောင် တိုင်းတဲ့ ဝါးက ၁၂ ပေ ရှိပြီး ၃ ပေ အကွာတွေမှာ အမှတ်တွေ မှတ်ထားတယ်။

တနင်္သာရီဒေသမှာတော့ ရခိုင်ထက် ပိုစောတယ်။ ၁၈၂၆-၁၈၂၇ လောက်မှာ လယ်ယာမြေတိုင်းခြင်း စတယ်လို့ တွေ့ရှိ ရတယ်။ ဘေကာ၊ ဘစ်ဆက်၊ ဝီလျှံနဲ့ ဘိုလ်ဒါဆန် ဆိုတဲ့ အင်္ဂလိပ်စစ်တပ်အရာရှိ ၄ ဦးကို စေလွှတ်ပြီး မြေတိုင်းတာစေတယ်လို့ ဆိုပါတယ်။ 
ဧကနဲ့ မြေတိုင်းတာမှုစနစ်ကို ၁၈၄၂ မှာ ဝန်ရှင်တော်မင်းကြီး ဗိုလ်မှူးကြီး ဘရက်ဖို့ဒ်က စတင်ဆောင်ရွက်ခဲ့တယ်လို့ မှတ်တမ်းတင်ကြတယ်။ ကွင်းဖွဲ့ တိုင်းတာမှု သဘောမျိုးတော့ မဟုတ်သေးဘူး။ မြေခွန်မှာတော့ ၁၈၅၃-၁၈၅၄ လောက်မှာ ဒေသဆိုင်ရာ သဘာဝအပိုင်းအခြား နယ်မြေသတ်မှတ်မှုတွေအရ ကွင်းကို အခြေခံ စည်းကြပ်္မှု စတင် နေပါပြီ။ ၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှာ ပဲခူး မုတ္တမနယ်တွေ ထပ်ရတဲ့အခါ အင်္ဂလိပ်က ခြေလှမ်းကြဲလာပြီး ကြေးတိုင်စိုက်မှုတွေ မြေခွန်နှုန်းသတ်မှတ်မှုတွေ ပို လက်ပေါက်စိတ်လာပြီး မြေခွန်တော်ရရှိနိုင်မဲ့ ကောက်ခံရမဲ့ နည်း လမ်းတွေ စူးစမ်း ရှာဖွေ ပြဌာန်းလာပါတယ်။

၁၈၇၃ ခုနှစ်မှာ လယ်ယာမြေများကို ကွက်စိတ်တိုင်းဘို့ စတင်ဆောင်ရွက်လာပါတယ်။ ၁၈၇၆ ခုနှစ်မှာ အောက်မြန်မာပြည် မြေနဲ့အခွန်တော်ဥပဒေ ထုတ်ပြန်ပြီးတဲ့အခါ ၁၈၇၉ ခုနှစ်မှာတော့ လယ်ကွက်တကွက်ချင်း ပုံထုတ် တိုင်းတာတဲ့ စနစ်အသုံးပြုဘို့ အိန္ဒိယအစိုးရက ခွင့်ပြုလိုက်ပါတယ်။ လယ်ကွက်တကွက်ချင်း တိုင်းရာမှာ တဦးချင်း လုပ်ကွက်တွေရဲ့ နယ်နိမိတ်တွေ သိရှိသတ်မှတ်နိုင်ရန် လိုလာပါတယ်။ ဒါကြောင့် မြေတိုင်းရာမှာ နယ်နမိတ် ပြဿနာတွေ ဦးပိုင် ပြဿနာတွေ အတွက် မြန်မာနိုင်ငံ မြေနယ်သတ်ဥပဒေ (Boundaries Act) ပြဌာန်း ပေးပါတယ်။ ကွင်းဖွဲ့တိုင်းတာမှုတွေ စလုပ်ပါတယ်။ ကွက်စိတ်မြေတိုင်းတာမှုကို တာဝန်ခံတာက Indian Survey က ဖြစ်တယ်။ အိန္ဒိယက လာတိုင်းတဲ့ အဖွဲ့တွေ။ အချို့နေရာများမှာ မြေစာရင်းဌာနက တာဝန်ယူ တိုင်းတာတယ်။ အတိုင်းအတာ စနစ်တွေက ၁ း ၃၉၆၀ ပါ။ အခုသုံးနေတဲု့ ၁၆ လက်မ ၁ မိုင် စကေး မြေပုံတွေကို စတင် ပုံထုတ် လာခြင်း ဖြစ်ပါတယ်။ တစ်ကွင်းကို တစ်စတုရန်းမိုင် (၆၄၀ ဧက) နဲ့ အခြေခံပြီး ကွင်းဖွဲ့တိုင်းတာမှုတွေ စတင် ခဲ့တယ်လို့ ဆိုကြပါတယ်။ 
၁၉ဝ၁ ခုနှစ်၊ လန်ဒန်မြို့ ဆဲလ်ဝုဒ်ပုံနှိပ်တိုက်ကနေ ရိုက်နှိပ်ထုတ်ဝေခဲ့တဲ့ မြန်မာနိုင်ငံသစ်တောမင်းကြီးဟောင်း JOHN  NISBET  ရဲ့ BURMA UNDER BRITISH RULE _ AND BEFORE  စာအုပ်၊ စာမျက်နှာ ၂၈၁ မှာ ( The Land survey system adopted about twenty years ago by the Agricultural Department in Lower Burma was a cadastral survey consisting of an exterior survey by thedolite. ...pp.281. ) လို့ ဖေါ်ပြချက်အရ Theodolite နဲ့ ကွက်ကြဲတိုင်းတာခြင်းနှင့် ကွက်စိပ်တိုင်းတာခြင်းကို မြေစာရင်းနှင့်လယ်ယာဌာနက ၁၈၈ဝ ခုနှစ်ခန့် ကပင် ဆောင်ရွက်ခဲ့တယ်ဆိုတာ တွေ့ရတယ်။ ယင်းစာအုပ် စာမျက်နှာ ၂၈၂ မှာ (Begun in 1879, the cadastral survey has now been completed throughout all the districts in Lower Burma.  pp..282.) လို့ ဖေါ်ပြချက်အရ အောက်မြန်မာနိုင်ငံမှာ ၁၈၇၉ ခုနှစ် မတိုင်မီကပင် ကွက်စိပ်တိုင်းတာခြင်း လုပ်ငန်း အားလုံး ပြီးစီးခဲ့ကြောင်း တွေ့ရပါတယ်။ နောက်ပြီး စာမျက်နှာ ၂၈၇ မှာ ဖေါ်ပြထားတဲ့ (The work of the cadastral survey in Upper Burma was commenced in the Kyaukse district in November, 1889,...pp.287.) အရ တိုင်းတာမှုနှင့် စာရင်းအင်းမှတ်တမ်း ဆောင်ရွက်မှုအားလုံးမှာ အထက်မြန်မာနိုင်ငံ၌လည်း အောက်မြန်မာနိုင်ငံနည်းတူ ဆောင်ရွက်ခဲ့ကြောင်း၊ အထက်မြန်မာနိုင်ငံအတွက် ကွက်စိပ်တိုင်းတာခြင်းကို ၁၈၈၉ ခုနှစ်၊ နိုဝင်ဘာလတွင် ကျောက်ဆည်ခရိုင်၌ စတင်ခဲ့ကြောင်း သိရပါတယ်။ ထိုခေတ်အခါက မြေတိုင်းဌာနဟာ မြန်မာပြည်ဘုရင်ခံရဲ့ လက်အောက်မှာ မရှိဘဲ Survey of India ဖြစ်နေတဲ့အတွက် မြေတိုင်းတာမှုများကို ဘင်္ဂလား ပြည်နယ်မှ မြေတိုင်းစာရေးများက လာရောက်တိုင်းတာခဲ့ကြောင်း တွေ့ရပါတယ်။
လယ်ယာမြေတွေ တိုးပွါးလာသလို လယ်ယာမြေကို တိုင်းတာနိုင်ဘို့ အတတ်ပညာရှင်တွေ လိုလာပါတယ်။ မြန်မာ နိုင်ငံအတွင်းမှာလည်း မြေတိုင်းကျောင်းတွေဖွင့်ပြီး မြေတိုင်းပညာရှင်တွေ မြေတိုင်းစာရေးတွေ မွေးထုတ်ပါတယ်။ အထက်က ဆိုခဲ့တဲ့ ဗြိတိသျှစာရေးဆရာ (မြန်မာနိုင်ငံသစ်တော မင်းကြီးဟောင်း) JOHN NISBET ရဲ့BURMA UNDER BRITISH RULE AND BEFORE စာအုပ်မှာ ၁၈၉၅ ခုနှစ်၌ မြေစာရင်းနှင့် လယ်ယာစိုက်ပျိုးရေး ညွှန်ကြား ရေးဝန်၏ ကြီးကြပ်မှုအောက်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၌ မြေတိုင်းကျောင်းတစ်ကျောင်းစီ ဖွင့်လှစ်ခဲ့ ကြောင်း၊ (Two survey schools in Rangoon and Mandalay under the control of the Director of Land Records and Agriculture in 1895.-pp.257) လို့ တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီ မန္တလေးမြေတိုင်းကျောင်း နဲ့ ရန်ကုန်မြေတိုင်းကျောင်းတို့ဟာ မည်သည့်နေရာတွေမှာ ဖွင့်လှစ်ခဲ့ပြီး ဘယ်လို လွှဲပြောင်း နိဂုံးချုပ်သွားတယ်ဆိုတာ မသိရပါဘူး။

မြန်မာနိုင်ငံမှာ မြေတိုင်းအတတ်ပညာသင် ကျောင်းတွေကို သက်ဆိုင်ရာခရိုင်ဝန်နဲ့ ခရိုင်လယ်ဝန် တို့ရဲ့ ကြီးကြပ်မှုအောက်မှာ ၁၈၉၂ ခုနှစ်ခန့်ကပင် တည်ထောင်ဆောင်ရွက်ခဲ့တဲ့ အထောက်အထား တစ်ရပ်ကိုတော့ ဘဏ္ဍာရေးဌာန၏ ၁၈၉၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့စွဲပါ ဆာကျူလာအမှတ်-၅ နဲ့ ထုတ်ပြန်ခဲ့တဲ့ ရုံး/ဌာနများ အလိုက် စာရေးကိရိယာနှဲ့ ရုံးသုံးပုံစံ စာရွက်စာတမ်းများ မှာကြားရေးဆိုင်ရာ ညွှန်ကြားချက် အပိုင်း(ခ)စာရင်းမှာ တွေ့ရပါတယ်။ အဲဒီမှာ မြေတိုင်းကျောင်း (Survey School) များကို ဖေါ်ပြထားမှုအရ ၁၈၉၂ ခုမှာ တည်ရှိနေတဲ့ မြေတိုင်းကျောင်းများကတော့ မော်လမြိုင်-မြေတိုင်းကျောင်း၊ တောင်ငူ-မြေတိုင်းကျောင်း၊ ဟံသာဝတီ-မြေတိုင်း ကျောင်း၊ မြေတိုင်းကျောင်း-ပဲခူး၊ မြေတိုင်းကျောင်း-သာယာဝတီ၊ မြေတိုင်းကျောင်း-ပြည်၊ မြေတိုင်းကျောင်း-အင်းစိန်၊ မြေတိုင်းကျောင်း-သုံးခွ၊ မြေတိုင်းကျောင်း-ဟင်္သာတ၊ မြေတိုင်းကျောင်း-ကျောက်ဖြူ၊ မြေတိုင်းကျောင်း-မင်းဘူး၊ မြေတိုင်းကျောင်း-ရမည်းသင်း၊ မြေတိုင်းကျောင်း-ကျောက်ဆည်၊ မြေတိုင်းကျောင်း-စစ်ကိုင်း၊ မြေတိုင်းကျောင်း-မန္တလေး ဆိုပြီး မြေတိုင်းကျောင်းပေါင်း( ၁၅ ) ကျောင်းဖော်ပြထားတာ တွေ့ရပါတယ်။  
လယ်ယာမြေကို ကွက်စိတ်မြေတိုင်းတာမှုတွေ ၁၈၈၀ ခုနှစ် နောက်ပိုင်း များပြားလာတဲ့အခါ စနစ်တကျ တပုံစံတည်း ဖြစ်ဘို့ လိုလာတယ်။  ၁၉၀၆ မှာ လက်ရှိသုံးနေတဲ့ ကွင်းမြေပုံတွေ အတွက် မြေတိုင်းတာ ပုံထုတ်ရာမှာ၊ ကွင်းဖွဲ့ရာမှာ၊ အခြေခံ လိုက်နာရမဲ့ လုပ်ထုံးလုပ်နည်းတွေဖြစ်တဲ့ မြန်မာနိုင်ငံ မြေတိုင်းလက်စွဲ ဥပဒေကို ပြဌာန်းပါ တယ်။

တိုင်းတာထားတဲ့ ကွင်းတွေအတွက် ဧရိယာစာရင်းတွေ၊ ဦးပိုင်တွေ၊ သီးနှံစာရင်းတွေ၊ မြေအသုံးချမှုတွေ၊ မြေစာရင်းဝန်ထမ်းအဖွဲ့ လုပ်ငန်းတွေအတွက် မြန်မာနိုင်ငံမြေစာရင်းလက်စွဲဥပဒေကို ၁၉၁၀ မှာ ပြဌာန်းပါတယ်။

ဌာနကြီးက အသုံးပြုနေတဲ့ မြေပုံတွေရဲ့ သမိုင်းကြောင်းကို ပြန်ဆန်းစစ်လိုက်တော့ မြေသယံဇာတ အသုံးပြုမှုအပေါ် အခွန်ကောက်ချင်တယ်။ ကြေးတိုင်စိုက်တယ်။ မြေကို အသုံးချမှု သီးနှံစိုက်ပျိုးအပေါ် တိုင်းတာ ရရှိတဲ့ ပမာဏအလိုက် အခွန်စည်းကြပ်ချင်လို့ (တနည်း) ကြေးတိုင်လုပ်ငန်းကို အထောက်အကူပြုဘို့ မြေတိုင်းတာ မှု စတင်တယ်။ တကွက်ချင်းတိုင်း အခွန်စည်းကြပ်ရာက လုပ်ကွက်တွေ များလာတဲ့အခါ တကွက်ချင်းနှစ်စဉ် အသုံးပြမှုကို လိုက်တိုင်းနေမဲ့အစား ကွက်စိတ် လယ်ယာမြေတိုင်းတာမှု စတင်လာတယ်။ မျေမြျိုးနဲ့ အတန်း သတ် မှတ်တယ်၊ ကွင်းတွေဖွဲ့တယ်။ မြေကွက်လိုက် ဧရိယာစာရင်း ပြုစုတယ်။ ၁-ခ ထူထောင်တယ်။ ဦးပိုင်ခွဲတယ်။ မြေပေါ်စိုက်ပျိုးမှု၊ အသုံးချမှုတွေကို မြေတကွက်ချင်း မြေပုံနဲ့ တိုက်ဆိုင်စိစစ်ပြီး စာရင်းပြုစုတယ် ဆိုတဲ့ လမ်းကြောင်း ကြီး ပေါ်လာတယ်။

ကွှန်တော်တို့ခေတ်ကတော့ ဆရာသမားတွေက မြေစာရင်းဥပဒေကို လက်စွဲပြုတယ်။ သူတို့အဆိုက မြေပုံ ထုတ်လုပ် ရရှိခြင်းသည် မြေတိုင်းလုပ်ငန်း၏ အဆုံးသတ်ဖြစ်သည်။ မြေစာရင်းဌာန၏ လုပ်ငန်းသည် မြေပုံရရှိရာမှ အစပြုသည်တဲ့။ 
ဟုတ်ပဗျာ။ မြေပုံသစ်ရတာနဲ့၊ ကွင်းအမှတ်ပေး၊ ဘောင်ဒရီစပ်၊ မြေကွက်အမှတ်ထိုး၊ အကွက်လိုက် ဧရိယာစာရင်းတွက်၊ ကွင်းထဲဆင်း၊ ဦးပိုင်ဝိုင်း၊ I-B ထူထောင်၊ မြို့မြေအကွက်ဆို Tenure Enquire လုပ်၊ Town Land Roll ဆွဲ၊ ကြေးတိုင်မြေပုံနဲ့ထပ်၊ မြေမျိုးခြားဆေး၊ Soil Class ဆေးခြယ်၊ I-A ထူထောင်၊ ဦးပိုင်ခြားဆေးခြယ်၊ ကွင်းမြေပုံလုပ်၊ ကွင်းထဲယူသွား၊ တွေ့ရှိသမျှ Data တွေ ခဲနဲ့မှတ်၊ Crop marking လုပ်၊ ၁၁၆ လိုက်နာ၊ ၉၂၆၊ ၉၃၀ လိုက်နာ၊ မြဲ ၁၂၇၊ မြဲ ၁၂၉၊ မြဲ ၁၃၈ လိုက်နာ။ စသည်ဖြင့် မြေပုံပေါ်မှာ နောက်ဆက်တွဲ ဆက်ဆောင်ရွက်ရမဲ့ မြေစာရင်း ပညာရပ်တွေက အများကြီးဘဲကိုး။ မြေတိုင်း မြေပုံထုတ်တာက မြေစာရင်းလုပ်ငန်းရဲ့ အခြေခံသာဖြစ်ပြီး မြေပုံ ရရှိပြီးနောက် ဆက်ဆောင်ရွက်ရမဲ့ တသီတတန်းသော လုပ်ငန်းရပ်များကသာ မြေစာရင်းပညာရပ် အစစ် အမှန်၊ အဆီအနှစ်၊ အနှစ်သာရ ဖြစ်တယ်လို့ ဆရာတွေ ပြောခဲ့တာကို အခုထိ ကြားယောင်မိဆဲပါ။

ဦးတင်လိုက် ပါတယ် ဆရာသခင် ကျေးဇူးရှင်များခင်ဗျား။

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts