Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ကွယ်လွန်သွားသည့် ပူးတွဲပိုင်ရှင်နှင့် ဆက်စပ်နေသော အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

December 26, 2022 214 views
ကွယ်လွန်သွားသည့် ပူးတွဲပိုင်ရှင်နှင့် ဆက်စပ်နေသော အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

ကွယ်လွန်သွားသည့် ပူးတွဲပိုင်ရှင်နှင့် ဆက်စပ်နေသော အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

မကြာမီ ရက်ပိုင်းကဖြစ်သည်။ စာရေးသူထံ မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက အိမ်မြေအရောင်းအဝယ် ကိစ္စ တစ်ခုကို လာရောက်ဆွေးနွေးပါ သည်။

“အိမ်မြေတစ်ကွက်ကို ကျွန်တော် ဝယ်ဖို့ စရန်ပေးထားတယ် ဆရာ။ ငွေချေမယ့် ရက်ရောက်တော့မှ ကန့် ကွက်လာကြတယ်။ အဲဒါ ဘယ်လိုများ ဆောင်ရွက်ရမလဲလို့ လာတိုင်ပင် ဆွေးနွေးတာပါ ဆရာ”

“စရန်ငွေပေးပြီး နောက်ပိုင်းမှာ ကန့်ကွက်ရန်ရှိ မရှိ သတင်းစာထဲမှာ ထည့်ကြေညာခဲ့သလား”

“ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အခုငွေအကြေချေမယ့်နေ့မှ လာကန့်ကွက်တာ ဆရာ”

“သတင်းစာထဲမှာ ပြန်ပြီး ကန့်ကွက်ကြေညာခဲ့တာလား”

“မဟုတ်ဘူး ဆရာ၊ ရှေ့နေကနေ တစ်ဆင့် ကန့်ကွက်ကြောင်း စာရောက်လာတာပါ။ ပြီးတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံလည်း အိမ်မြေရောင်းချခြင်းကို ကန့်ကွက်စာတင်ခဲ့တာ ဆရာ”

“ကန့်ကွက်သူက ဘယ်လိုဆက်စပ်မှုရှိပါသလဲ””

“မောင်နှမအချင်းချင်း ကန့်ကွက်တာ ဆရာ။ ကျွန်တော် သိထားတာက ပူးတွဲအမည်ပေါက်ပိုင်ရှင် ကွယ်လွန် သွားရင် ကျန်တစ်ယောက်က ပိုင်ဆိုင်တယ်လို့ သိထားပါတယ်။ အဲဒါဘယ်လိုရှိပါသလဲ ဆရာ”

“တရားသေတော့ သတ်မှတ်လို့ မရဘူးဗျ။ မြေကွက်အမည်ပေါက်က လင်မယားနှစ်ဦး အမည်ပေါက်ဆိုရင် တော့၊ တစ်ဦးဦး ကွယ်လွန်သွားရင် ကွယ်လွန်သူရဲ့ အမွေဝေစုကို ကျန်ရစ်သူက ခံစားခွင့်ရှိတယ်လို့ မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေမှာပြဆိုထားပါတယ်။ ဒါကြောင့် ကျန်ရစ်သူတစ်ဦးတည်း အမည်ပေါက် ပိုင်ဆိုင်လာမှာ ဖြစ်တယ်”

“အခု မြေကွက်အမည်ပေါက်က မိခင်နဲ့ သမီးအမည်ပေါက်ဆရာ”

“မိဘနဲ့ သားသမီး ပူးတွဲအမည် ပေါက်ဝယ်ထားတဲ့ မြေကွက်တွေလည်း ရှိကြပါတယ်။ မောင်နှမ အချင်းချင်း ပူးတွဲအမည်ပေါက်တဲ့ အိမ် မြေတွေရှိတယ်”

“ဟုတ်ကဲ့ စပ်တူပေါင်းဝယ်ကြတာလည်း ရှိပါတယ်။ အခုကိစ်္စက သမီးကို ပေးတဲ့ သဘောနဲ့ မိခင် အမည် ထည့်ပြီးထားတာလို့ ပြောတယ်”

“အပေးသဘောဆိုရင်တော့ ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်ရှိဖို့ လိုပါတယ်။ အမှန်တကယ် ဥပဒေနဲ့အညီ ပေးကမ်းခဲ့မယ်ဆိုရင်တော့ သမီးတစ်ဦးတည်း အမည်ပေါက်ရှိနေမှာ ဖြစ်တယ်။ အခုကိစ်္စက မိခင်နဲ့ သမီးပူး တွဲအမည်ပေါက်ဆိုတော့ ဝယ်စဉ်က သမီးဖြစ်သူရဲ့ ကိုယ်ပိုင်ငွေ ကြေးပါနေလို့ဖြစ်ပါလိမ့်မယ်။ အခု မောင်နှမ တွေက ကန့်ကွက်တာလား”

“ဟုတ်ပါတယ် ဆရာ။ မောင်နှမ လေးဦးရှိပါတယ်”

“မိခင်ကွယ်လွန်သွားလို့ ကျန်မောင်နှမတွေက ကန့်ကွက်ကြတာဖြစ်မယ်။ ဖခင်ရှိသေးလား”

“ဖခင်က ကွယ်လွန်တာကြာပြီလို့ ပြောတယ်”

“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ပြောရရင်တော့ ပူးတွဲပိုင်ရှင်တစ်ဦး ကွယ်လွန်ခဲ့ရင် ကွယ်လွန်သူရဲ့ အမွေ ဆက်ခံခွင့်ရှိသူများက ကျန်ရစ်သူနှင့်အတူ ပူးတွဲပိုင်ရှင်အဖြစ် ဝင်ရောက်လာမှာ ဖြစ်ပါတယ်”

“ဆရာမေးတဲ့ ဖခင်ဖြစ်သူက သက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”

“ဖခင်ဖြစ်သူက သက်ရှိထင်ရှားရှိသေးရင် မိခင်ရဲ့ ဝေစုက ဖခင်ထံ အမွေဆက်ခံခွင့်ရရှိဆင်းသက်သွားမှာ ဖြစ်ပါတယ်”

“ဆရာရဲ့ ပြောစကားအရဆိုရင် မိခင်ဖြစ်သူ နေရာမှာ ဖခင်အမည်က ပူးတွဲဝင်ရောက်လာမယ်လို့ ဆိုလိုတာ ပေါ့နော်”

“ဟုတ်ပါတယ်။ အမွေဆက်ခံ ဝင်ရောက်လာတဲ့ ပူးတွဲပိုင်ရှင်ရဲ့ သဘောတူညီချက်ပါရှိမှသာ မြေတစ်ကွက်လုံး ကို အရောင်းအဝယ်ပြုလုပ် ခွင့်ရရှိမှာ ဖြစ်တယ်။ ပူးတွဲပိုင်ရှင် တစ်ဦးဦးက ကန့်ကွက်ရင် အရောင်းအဝယ်ဖြစ် မှာ မဟုတ်ပါဘူး”

“အခုက ကျန်မောင်နှမတွေက ကန့်ကွက်တာ ဆရာ”

“ကျန်တဲ့ မောင်နှမ သုံးဦးက ကန့်ကွက်တာ မဟုတ်လား”

“ဟုတ်ကဲ့ ဆရာ။ အမေ့ဝေစု တစ်ဝက်ကို သူတို့လည်း ရပိုင်ခွင့်ရှိတယ်ဆိုပြီး ကန့်ကွက်တာ ဆရာ”

“မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ အရတော့ ဗုဒ္ဓဘာသာဝင် သားသမီးများသည် ဗုဒ္ဓဘာသာဝင် မိဘများရဲ့ အမွေကို ခံစားခွင့်ရှိမှာ ဖြစ်တယ်။ ဒါကြောင့် ကျန်သားသမီးတွေက မိခင်ရဲ့ ဝေစုအပေါ် ရခွင့်ရှိမှာ ဖြစ်ပါ တယ်”

“တကယ်လို့ ဆရာရယ်။ အခု ကိစ္စက မိခင်က ကွယ်လွန်သွားလို့ ကျန်သားသမီးတွေက အမွေရခွင့်ရှိ တယ်ဆိုတော့ သမီးဖြစ်သူက ကွယ်လွန်ပြီး မိခင်က ကျန်ခဲ့တာမျိုးရှိခဲ့ရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”

“ပူးတွဲပိုင်ရှင် သမီးဖြစ်သူ ကွယ်လွန်ခဲ့ရင်တော့ သမီးမှာ လင်ယောကျ်ား ခင်ပွန်းရှိခဲ့ရင် ခင်ပွန်းဖြစ်သူက အမွေဆက်ခံခွင့်ရှိမှာ ဖြစ်တယ်။ ခင်ပွန်းမရှိတော့ပဲ သားသမီးတွေရှိခဲ့ရင် သားသမီးတွေက အမွေဆက်ခံပြီးပူး တွဲ ပိုင်ရှင်များဖြစ်လာမှာ ဖြစ်ပါတယ်”

“ရောင်းသူ မိန်းကလေးပြောသလို မိခင်ဖြစ်သူက အပြီးအပိုင်ပေး ကမ်းထားတာမျိုးတော့ မဖြစ်နိုင်ဘူး လား ဆရာ”

“ဒါတော့ မဖြစ်နိုင်ဘူး။ အစောက ပြောသလို ပေးကမ်းခြင်း မှတ်ပုံတင် စာချုပ်ပြုလုပ်ထားတာ မဟုတ် တဲ့အတွက် မိခင်ဝေစုကို သမီးဖြစ်သူက ပိုင်ဆိုင်ခွင့်ရှိမှာ မဟုတ်ဘူး။ ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ ကိုခင်မောင်သိန်းနှင့် မစန်းမြင့် ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၁ အမှုမှာ လင်မယားပေါင်းသင်းနေစဉ် လက်ထက်ပွားပစ္စည်းကို မယားဖြစ် သူက လင်ကိုအပေးစာချုပ် ပြုလုပ် ပေးကမ်းရုံဖြင့် တစ်ဦးတည်းမပိုင်နှစ် ဦးပိုင်သာဖြစ်သည်လို့ ဆုံးဖြတ်ထား ပါတယ်။ ဒါကြောင့် မိခင်ဖြစ်သူက မိမိ၏ ဝေစုကို ပူးတွဲအမည်ပေါက် သမီးဖြစ်သူအား ပေးကမ်းခြင်းစာချုပ် အမှန်တကယ်ပြုလုပ်ခဲ့သည့်တိုင် တစ်ဦးတည်းပိုင်ဖြစ်လာမှာ မဟုတ်ပါဘူး”

“ဒါဆို ပူးတွဲပိုင်ရှင် ကွယ်လွန်ရင် ကျန်ပူးတွဲပိုင်ရှင်က ပိုင်ဆိုင်ခွင့်ရှိ နိုင်တဲ့ ဥပဒေပြဋ္ဌာန်းချက် မရှိဘူးလား ဆရာ”

“ရှိပါတယ်။ ပူးတွဲပိုင်ရှင်က မိမိပိုင် ပူးတွဲဝေစုကို ပူးတွဲပိုင်ရှင်အား စွန့်လွှတ်ကြောင်း စွန့်လွှတ်စာချုပ် ချုပ်ဆိုပေး သွားရမှာ ဖြစ်ပါတယ်”

“သက်ရှိထင်ရှားရှိနေစဉ် ပြုလုပ် သွားရမှာလား ဆရာ”

“မှန်ပါတယ်။ စွန့်လွှတ်ကြောင်း ကြေညာစာချုပ်ပြုလုပ်ရန်ဟု ဖော်ပြပြီး ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ မြေယာဌာနမှာ မြေပုံကူးလျှောက်ထားရပါမယ်။ မြေပုံရရင် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ စွန့် လွှတ်သူနဲ့ လက်ခံသူတို့နှစ်ဦးလုံးက မှတ်ပုံတင်စွန့်လွှတ်စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင် အရာရှိရှေ့မှာ သက်သေနှစ်ဦးနဲ့အတူ လက်မှတ်ရေး ထိုးချုပ်ဆိုရမှာ ဖြစ်ပါတယ်”

“စွန့်လွှတ်စာချုပ်ကို စာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ မဖြစ်မနေ မှတ်ပုံတင်ရမှာလား ဆရာ”

“၂၀၁၈ ခုနှစ် စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေ ပုဒ်မ – ၁၆ (ခ) မှာ တန်ဖိုးငွေကျပ်တစ်သိန်းအထက်ရှိသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ စွန့်လွှတ်ခြင်းပြုလုပ်လျှင် ဤဥပဒေအရ မှတ်ပုံမတင်မနေရ စာချုပ်စာတမ်း အဖြစ် သတ်မှတ် ကြောင်း ပြဋ္ဌာန်းထားပါတယ်”

“ဒါဆိုရင် အခုကိစ္စမှာ ပူးတွဲပိုင် ရှင်မိခင်က ပူးတွဲပိုင်ရှင်သမီးထံ စွန့်လွှတ်စာချုပ် ချုပ်ဆိုမသွားတဲ့အ တွက် ကျန်သားသမီးတွေက တောင်း ဆိုခွင့်ရှိလာနိုင်တာ မဟုတ်လား ဆရာ”

“ဟုတ်ပါတယ်။ ဒါကြောင့် မောင်နှမအချင်းချင်း ညှိနှိုင်းခွဲဝေပေးလိုက်ရင် အဆင်ပြေသွားမှာပါ”လို့ အကြံပေး ဆွေးနွေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

Related Posts