Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မယ်သီလများ အမွေရခွင့် ရှိပါသလား

December 27, 2022 230 views
မယ်သီလများ အမွေရခွင့် ရှိပါသလား

မယ်သီလများ အမွေရခွင့် ရှိပါသလား

“ကျွန်တော် အိမ်ဝယ်လိုက်တယ် ဆရာ။ ကန့်ကွက်သူပေါ်လာလို့ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ သိချင်လို့ ပါ”ဟု စာဖတ်သူ ပရိသတ် တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးခြင်းဖြစ်ပါသည်။

“ဒါကတော့ မကြာခဏ တွေ့ကြုံလေ့ရှိတဲ့ ကိစ္စတစ်ခုပါ။ အကြောင်းအရင်းသိဖို့တော့ လိုတယ်။ ဒါမှ ဖြေရှင်းရ တာအဆင်ပြေမှာ ဖြစ်တယ်။ အိမ်ဆိုတော့ မြေနဲ့အိမ်ဝယ်လိုက်တာလား”

“ဟုတ်ကဲ့ ဆရာ။ မူလအစကတော့ ကွန်ဒိုတိုက်ခန်းဝယ်မယ် စိတ်ကူးထားတာ၊ နောက်ပိုင်းသူငယ်ချင်း တစ်ဦး ရဲ့ အစ်မဝမ်းကွဲတော်စပ်သူက မြေနဲ့အိမ်ရောင်းမယ်ဆိုလို့ စိတ်ကူးပြောင်းသွားတာ ဆရာ”

“မြေက ဂရန်မြေလား၊ ဘယ်လို မြေအမျိုးအစားလဲ”

“မြောက်ဒဂုံမြို့သစ်မှာပါ ဆရာ။ မြေကွက်ကလည်း ပေ ၄ဝx ပေ ၆ဝဆိုတော့ စိတ်ဝင်စားသွား တယ်။ မြေပြည့် တစ်ထပ်တိုက် ဆောက်ထားတော့ လက်တင်တက် နေရုံပဲ ဆရာ”

“မြေကွက်အမည်ပေါက်က ရောင်းမယ်ဆိုတဲ့ အမျိုးသမီး အမည်ပေါက်လား၊ မှတ်ပုံတင် အရောင်းချုပ်ဆိုထား တာရှိမရှိ စုံစမ်းသေးလား”

“သူက တစ်ဆင့်ဝယ်ထားတာ မဟုတ်ဘူး ဆရာ။ မြေကွက်က သူ့မိဘတွေ အမည်ပေါက်လို့ သိရတယ်”

“မိဘနှစ်ဦးလုံးက ကွယ်လွန်သွားကြပြီလား”

“ဟုတ်တယ် ဆရာ”

“မြို့တော်စည်ပင်သာယာရေး

ကော်မတီမြေယာဌာနမှာ သွားရောက်စုံစမ်းသေးလား”

“ဂရန်စာချုပ်ပြတော့ ကျွန်တော်လည်း အစက မစုံစမ်းမိဘူး။ ကန့်ကွက်သူ ပေါ်လာမှ စုံစမ်းခဲ့တယ်”

“မြေကွက်အမည်ပေါက်က မိဘ နှစ်ဦးအမည်ပေါက်ဆိုတော့ အခက်အခဲတော့ မရှိပါဘူး”

“ဟုတ်ကဲ့ ဆရာ၊ သားသမီးက နှစ်ဦးရှိတယ်။ ရောင်းမယ့်အိမ်မှာပဲ နေထိုင်ကြတယ်။ အစ်မကြီးဖြစ်သူက အပျိုကြီးဖြစ်ပြီး မောင်ဖြစ်သူ အိမ်ထောင်သည်နဲ့အတူနေပါတယ်။ ဒါကြောင့် ပိုင်ဆိုင်မှုရှင်းတယ်ဆိုပြီး ဝယ်လိုက်တာ ဆရာ”

“စရန်ငွေ တစ်စိတ်တစ်ပိုင်းတော့ ပေးထားပြီးပြီပေါ့”

“ဟုတ်ကဲ့ ဆရာ။ ငွေအပြီးချေဖို့ တစ်ပတ်ခန့်အလိုမှာ အိမ်ပွဲစားတွေဆီကတစ်ဆင့်ကြားတာပေါ့ ဆရာ။ အခြား မောင်နှမတစ်ဦးရှိသလိုလို ပြောကြတယ်။ ဒါနဲ့ ကျွန်တော်လည်း သတင်းစာထဲမှာ ကန့်ကွက်သူ ရှိ မရှိ ကန့် ကွက်နိုင်ကြောင်း ကြေညာထည့်ခဲ့တယ်”

“အဲဒီတော့ ဆွေမျိုးသားချင်း တစ်ဦးပေါ်လာတယ်ဆိုပါတော့”

“ဟုတ်တယ် ဆရာ။ ကန့်ကွက်သူက သီလရှင်လို့တော့ မကြေညာဘူး။ ဒါပေမယ့် သီလရှင်ဝတ်နေတာ ဆရာ”

“ဘယ်လို ဆွေမျိုးတော်စပ်တာလဲ။ မေးကြည့်ဖြစ်သေးလား”

“အစ်မအကြီးဆုံးလို့ ပြောတယ်”

“မောင်နှမအရင်းပေါ့။ ကိတ္တိမ မွေးစားထားတာမျိုးတော့ မဟုတ်ဘူး”

“သေချာ မေးကြည့်မှ အတူနေ မောင်နှမနဲ့က ဖအေတူ မအေကွဲ မောင်နှမလို့ ပြောတယ်။ မောင်နှမ အရင်း တော့ မဟုတ်ဘူး”

“ဒါဆိုရင် အခု ရောင်းမယ်ဆိုတဲ့ အိမ်မှာနေတဲ့ မောင်နှမနှစ်ယောက်က မောင်နှမအရင်းဖြစ်မယ်။ ဖခင်ဖြစ်သူရဲ့ နောက်အိမ်ထောင်က မွေးဖွားတဲ့ သားသမီးတွေဖြစ်တယ်”

“ဟုတ်တယ် ဆရာ။ ဖခင်ရဲ့ ပထမဇနီးက မောင်နှမနှစ်ဦးရဲ့ ကြီး ဒေါ်ခေါ်မလား။ သူတို့ မိခင်ရဲ့ အစ်မ အရင်း လို့ ပြောပါတယ်”

“ပထမဇနီး ကွယ်လွန်လို့ ခယ်မဖြစ်သူနဲ့ လက်ထပ်တဲ့ သဘောဖြစ်မယ်”

“ဟုတ်ပါတယ် ဆရာ။ သီလရှင်ဝတ်သွားတာ ကိုးဝါနီးပါးရှိပြီလို့ သိရတယ်။ သူ့ဖခင်ဆုံးပြီး တစ်နှစ်လောက် အကြာမှာ သီလရှင်ဝတ်သွားတယ်လို့ ပြောပါတယ်။ လူဝတ်အဖြစ် ပြန်ထွက်ဖို့အစီအစဉ်မရှိဘဲ ကန့်ကွက်တာ လို့ သိရတယ်”

“ဒုတိယ ဇနီးကွယ်လွန်သွားတာ ဘယ်လောက်ကြာပြီလဲ”

“နှစ်နှစ်ခန့်ရှိပြီ ပြောပါတယ်။ မြေကွက်အမည်ပေါက်မှာတော့ ဒုတိယ ဇနီးအမည်နဲ့ တွဲဖက်ထားတာဖြစ်တယ်”

“ဒုတိယဇနီးနဲ့ လက်ထက်ပွား ပစ္စည်းဖြစ်နေတာပေါ့။ ဥပဒေ စကားအရ ပြောရရင်တော့ သီလရှင် ဆရာ လေးက လင်ပါသမီးဖြစ်နေတယ်။ ဖခင်ကွယ်လွန်ချိန်မှာ အမွေခွဲဝေပေးခဲ့ခြင်းရှိ မရှိ ဘာသိသေးသလဲ”

“အဲဒါတော့ ကျွန်တော်လည်း သေချာမသိဘူး။ အမွေမရသေးလို့ ကန့်ကွွက်တာ ဖြစ်မှာပေါ့ ဆရာ”

“ဒါလည်း ဟုတ်တာပဲလေ။ ခွဲဝေပေးခဲ့တာရှိရင်တော့ စာချုပ်စာတမ်း ရှိ မရှိ မေးမြန်းထားဖို့လိုတယ်”

“ကျွန်တော်သိချင်တာက သီလရှင်ဝတ်သွားတဲ့သူ၊ တစ်နည်းပြောရရင် သာသနာ့ဘောင်ထဲဝင်သွားသူက အမွေ ရခွင့်မရှိဘူးလို့ ကျွန်တော် ကြားဖူးထားတယ် ဆရာ။ ဘုန်းကြီးတွေဆိုရင် ဝိနည်းအရ လူပုဂ္ဂိုလ်တွေ လိုငွေကြေး ကိုကိုင်ပြီး သုံးစွဲခွင့်မရှိဘူးလို့ သိထားပါတယ်။ ဒါကြောင့် သီလရှင် ဆရာလေးအနေနဲ့ အမွေတောင်းခွင့်ရှိ ပါသလား ဆရာ”

“ရဟန်းသံဃာတော်တွေနဲ့ ပတ်သက်လို့ကတော့ ဗုဒ္ဓဘာသာမြန်မာ့ ဓလေ့ထုံးတမ်းဥပဒေအရ ရဟန်းတော်များ သည် မိဘနှင့် ဆွေမျိုးများ၏ အမွေကိုဆက်ခံခွင့်မရှိ။ ထို့အတူ ရဟန်းတော်၏ အမွေကိုလည်း ဆွေမျိုးများက အမွေဆက်ခံ ခွင့်မရှိလို့ ရွှေတုံးနှင့် ထွန်းလင်း၊ အောက်မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက် နှာ-၂၂ဝ နှင့် မောင်ပွဲနှင့် ဦးအင်္ကုရ (၁၉၁၇ – ၂ဝ) အထက် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၉၁ အမှုတွေမှာ ဆုံးဖြတ် အတည်ပြုထားပါတယ်။

“ရဟန်းဘောင်မဝင်မီက ပိုင်ခဲ့တဲ့ ပစ္စည်းဆိုင်ရင် ဘယ်လိုဆောင်ရွက်ပေးခဲ့လို့ ရပါသလား”

“ခြွင်းချက်အနေနဲ့ ရဟန်းဘောင်ကူးပြောင်းမသွားမီ ကျန်ခဲ့တဲ့ အိမ်မြေတွေကိုတော့ သားသမီး၊ ဆွေမျိုးသားချင်း တွေက အမွေဆက်ခံခွင့် ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးမြရွှေနှင့် ဦးသာ ထွန်းအမှု ၁၉၉၂ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ – ၁၁၅ အမှုမှာ ရဟန်းဘောင်ကူး ပြောင်းသွားသည့် ဖခင်၏ အမွေကို သားသမီးများက ဆက်ခံခွင့်ရှိတယ်လို့ ဆုံးဖြတ်ထားပါတယ်”

“ဒါဆိုရင် အခုကိစ္စက သီလရှင်ဘဝနဲ့ အမွေတောင်းတာဆိုတော့ ရနိုင်ပါ့မလား”

“ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မမိမင်းဒင် နှင့် မမိလှေ (၁၉ဝ၄-ဝ၆) ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး (အထက် မြန်မာ) မြန်မာ့ဓလေ့အမွေ (၁၁) အမှု။ ဒေါ်စိန်နှင့် မမယ်မ-အေအိုင်အာ – ၁၉၃၈ ခုနှစ် ရန်ကုန်စီရင်ထုံး စာမျက်နှာ ၃ဝ၃ အမှုတို့မှာ မယ်သီလများသည် သာမန်ပုဂ္ဂိုလ်များထက် အနည်း ငယ်သာသူတို့ဖြစ်သည်။ ထို့ကြောင့် သာမန် ပုဂ္ဂိုလ်များနည်းတူ အမွေဆက်ခံခွင့်ရှိသည်လို့ ဆုံးဖြတ်ထုံးဖွဲ့ထာ ပါတယ်”

“ဆရာရှင်းပြချက်အရဆိုရင်တော့ ကျွန်တော်တို့ ကိစ္စမှာ ကန့်ကွက်သူ သီလရှင်ဆရာလေးက အမွေရခွင့်ရှိတာ ပေါ့”

“မှန်ပါတယ်။ ဒါပေမယ့် ဥပဒေအရ ပထမဇနီးနဲ့ မွေးတဲ့ သမီးဖြစ်နေတဲ့အတွက် ဖခင်ကွယ်လွန်စဉ်က အမွေခွဲ ဝေရရှိခဲ့ပြီးဖြစ်ရင်တော့ အမွေထပ်မံရပိုင်ခွင့်မရှိတော့ဘူး။ ဒါကိုတော့ သေချာမေးမြန်းဖို့လိုပါတယ်”

“ဘယ်လိုပဲဖြစ်ဖြစ် အမွေခွဲဝေးပေးရမယ့် သဘောပေါ့”

“မှန်ပါတယ်။ သီလရှင်ဖြစ်နေလို့ အမွေရခွင့်မရှိဘူးဆိုတာတော့ မဟုတ်ဘူး။ ဥပဒေနဲ့အညီ အမွေရခွင့်ရှိမှာ ဖြစ်ပါတယ်”ဟု ရှင်းပြဆွေးနွေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts