Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အမွေသည် စုန်ရမည်ဖြစ်၍ အမွေရခွင့် မရှိသူက အိမ်မြေကို မရောင်းနိုင်ခြင်း

January 12, 2023 423 views
အမွေသည် စုန်ရမည်ဖြစ်၍ အမွေရခွင့် မရှိသူက အိမ်မြေကို မရောင်းနိုင်ခြင်း

အမွေသည် စုန်ရမည်ဖြစ်၍ အမွေရခွင့် မရှိသူက အိမ်မြေကို မရောင်းနိုင်ခြင်း

တစ်နေ့ကဖြစ်သည်။ စာရေးသူ၏ စာဖတ်ပရိသတ်တစ်ဦးဟု မိတ်ဆက်၍ စာရေးသူရှိရာ ရုံးခန်းသို့ အသက် ၆၀ ဝန်းကျင်ခန့်ရှိမည့် အမျိုးသားတစ်ဦးရောက်လာပါသည်။

“ကျွန်တော့် အမည်က ဦးကျော်ဖြစ်ပါတယ်။ ဆရာ့ဆောင်းပါးတွေ ဖတ်ဖြစ်ပါတယ်။ အခုကိစ္စကို တိုင်ပင်ချင်လို့ ဆရာ့ဆီရောက်လာတာ”

“ဟုတ်ကဲ့ စာဖတ်ပရိတ်သတ် တစ်ဦးဆိုတော့ အကူအညီပေးရမှာပေါ့ဗျာ။ ဘာအခက်အခဲကိစ္စရှိနေလို့လဲ”

“ကျွန်တော်က နယ်မှာ တာဝန်ကျပြီး ရန်ကုန်မြို့နဲ့ ဝေးတာကြာပြီ ဆရာ။ နောက်လာမယ့် လပိုင်းမှာ ပင်စင်ယူရ မှာဆိုတော့ ရန်ကုန်မှာ ပြန်နေဖို့ စိတ်ကူးထားတယ်”

“စုဆောင်းထားငွေနဲ့ အိမ်ဝယ်ဖို့ စိတ်ကူးထားလို့လား”

“အဲဒီလောက် မရှိသေးပါဘူး ဆရာရယ်။ အိမ်ထောင်ပြုတာ နောက်ကျတော့ သားသမီးတွေကလည်း အ ထောက်အကူမပြုနိုင်သေးဘူး”

“ဟုတ်ကဲ့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သားသမီးဆိုတာ မိဘအတွက် ခွန်အားတစ်ခုပါ”

“ဟုတ်ပါတယ်။ သူတို့နှစ်ယောက်အတွက် ကျွန်တော်လည်း ခွန်အားတွေရှိနေတာပါ။ အကြီးသမီးက မန္တလေး ဆေးကျောင်းမှာ နောက်ဆုံးနှစ်ဆရာ။ သားငယ်ကတော့ အဒေါ်နဲ့ ရန်ကုန်မှာလာနေတယ်”

“အဒေါ်က ထောက်ပံ့ပေးထားတယ်ပေါ့”

“ဟုတ်ကဲ့။ အခုကိစ္စက ကျွန်တော့်ညီမ၊ သားရဲ့ အဒေါ်က ကွယ်လွန်သွားလို့ဆရာ”

“ဗျာ ဒီတော့ ဦးကျော်ရဲဲ့သားအတွက် အခက်တွေ့သွားပြီပေါ့”

“ဟုတ်ပါတယ်။ သားက နည်းပညာတက္ကသိုလ်မှာ တတိယနှစ် ကျောင်းသား ဆရာ”

“အဒေါ်က တူဖြစ်သူကို ခေါ်ထားတယ်ဆိုတော့ အပျိုကြီးထင်တယ်”

“မုဆိုးမပါ ဆရာ။ အခုသူပိုင် အိမ်ကို ကျွန်တော်တို့က အမွေဆက်ခံတယ် မဟုတ်လား”

“အင်း”

စာရေးသူက အနည်းငယ်စဉ်းစားလိုက်သည်။ ဒါပေမယ့် သေချာအောင် မေးခွန်းထုတ်လိုက်မိသည်။

“မုဆိုးမအိမ်ဆိုတာက ဘယ်လိုလဲ ရှင်းပြပါဦး။ သားသမီးမကျန်ခဲ့ဘူးလား”

“သူတို့ လင်မယားနှစ်ယောက်က သားသမီးမထွန်းကားလို့ ကျွန်တော့် သားကို မွေးစားတယ်ဆိုပါတော့။ သူတို့ ဆီခေါ်ထားပြီး အစစအရာရာ ထောက်ပံ့ကျောင်းထားပေးတာ ဆရာ။ ဆယ်တန်းလည်း ရန်ကုန်မှာပဲ အောင် တာ”

“သားသမီးအဖြစ် မွေးစားတဲ့ စာချုပ်စာတမ်းမရှိဘူးလား”

“စာချုပ်စာတမ်းနဲ့ ကိတ္ထိမမွေးစားတာတော့ မလုပ်ဖြစ်ဘူး ထင်တယ်။ သူ့ယောကျ်ားရှိတော့အားနာပြီး မလုပ်တာ ဖြစ်မယ်”

“နောက်ပိုင်းလည်း မလုပ်ဖြစ်ဘူးထင်တယ်။ မဟုတ်လား”

“သားကို သေချာမေးကြည့်မှ သိမယ် ဆရာ။ ဘာပဲဖြစ်ဖြစ် သားသမီး မကျန်ခဲ့ဘူးဆိုတော့ မောင်နှမသား ချင်းက အမွေရတယ် မဟုတ်လား”

“အိမ်က လုံးချင်းအိမ်လား တိုက်ခန်းလား”

“နှစ်ထပ်အိမ်ဆရာ။ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာပါ”

“ဒါဆိုရင် အိမ်နဲ့ မြေပိုင်ပေါ့။ ဂရန်မြေဖြစ်မယ်။ အမည်ပေါက်က ကွယ်လွန်သူ ညီမရဲ့ အမည်ပေါက် မဟုတ် လား”

“ဟုတ်တယ် ဆရာ။ တူဝရီးနှစ်ယောက်တည်းဆိုတော့ အပေါ်ထပ်မှာနေတယ်။ အောက်ထပ်တော့ ဝင်ငွေရ အောင်ဆိုပြီး အိမ်ငှားထားတယ် ဆရာ”

“ညီမ ကျန်းမာရေးမကောင်းတော့ ကျွန်တော့် ညီရဲ့ မိသားစုက လာနေတယ်”

“ဒါဆိုရင် ဦးကျော်က မောင်နှမ ဘယ်နှဦးရှိသလဲ”

“သုံးယောက်ပါ ဆရာ။ ညီအငယ်ဆုံးကတော့ ပြည့်စုံတယ်လို့ ဆိုရမယ်။ သားသမီးနှစ်ဦးလုံးကလည်း ကုမ္ပဏီ တွေမှာ အလုပ်လုပ်ကြတဲ့သူတွေဆိုတော့ အဆင်ပြေတယ်လို့ ပြောရမှာပေါ့။ မိန်းမကလည်း ရွှေဆိုင်ရှိတယ် ဆရာ။ အချို့ကပြောတော့ မောင်နှမတွေဖြစ်လို့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်က ခံစားခွင့်ရှိတယ်လို့ ပြောတယ်။ ဟုတ်ပါသလား ဆရာ”

“မိဘအမွေဆိုရင်တော့ မှန်ပါတယ်။ သားသမီးသုံးဦးက အမွေဆက်ခံခွင့်ရှိပြီး ကျန်တစ်ဦးမှာ အမွေစား အမွေခံ သားသမီး မကျန်ဘဲ ကွယ်လွန်သွားရင်တော့ ကျန်သားသမီးများက အချိုးခံကျအမွေဆက်ခံခွင့်ရှိမှာ ဖြစ် တယ်”

“အခုကိစ္စက မိဘပစ္စည်းမဟုတ်ဘူးလေ။ ညီမပစ္စည်းဖြစ်နေတယ်ဆိုတော့ ဆရာ”

“ဟုတ်ပါတယ်။ သေချာရှင်းပြရရင်တော့ အဲဒီအမွေပစ္စည်းဖြစ်တဲ့ အိမ်နဲ့မြေဟာ ဦးကျော်ရဲ့ ညီမတို့ လင်မယား ပိုင်ဖြစ်တယ်။ ဥပဒေအရ လင်ယောကျ်ားကွယ်လွန်သွားတဲ့အတွက် လင်ယောကျ်ားရဲ့ ဝေစုကို ဇနီးဖြစ်သူက အမွေဆက်ခံခွင့်ရမှာဖြစ်တယ်။ ဒါကြောင့် ဦးကျော်ရဲ့ ညီမက အိမ်နဲ့မြေတစ်ခုလုံးကို သူတစ်ဦးတည်း ပိုင်ဆိုင် ခွင့်ရသွားမှာဖြစ်တယ်။ သားသမီးမကျန်ရစ်တဲ့အတွက် ဦးကျော်ပြောသလို မောင်နှမများထံ အမွေဆင်း သက်မှာဖြစ်ပါတယ်”

“အောက်ထပ်မှာ အိမ်ငှားတွေရှိနေတော့ ဖြစ်နိုင်ရင် ရောင်းပြီး ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် အမွေခွဲ လိုက်ချင်တယ်”

“ညီဖြစ်သူက ဘာပြောသလဲ။ ညီဖြစ်သူကတော့ မရောင်းချင်ဘူး။ အစ်ကိုတို့ မိသားစုက အောက်ထပ် အိမ် ငှားကို နှင်ပြီးနေပေါ့လို့ ပြောတယ်”

“အိမ်ငှားဖြစ်သူက အိမ်မှဆင်းပေးမယ့် အခြေအနေရှိသလား”

“ဒီနှစ်ကုန်ပိုင်းအထိ စာချုပ် ချုပ်ထားတယ်ပြောတယ်”

“စိတ်တော့ပျက်မသွားနဲ့ ဦးကျော်။ ဥပဒေကြောင်းအရ ကျွန်တော်ပြောပြမယ့် မြန်မာ့ဓလေ့ထုံး တမ်းဥပဒေမှာ အမွေမှုတွင် စုန်နိုင်လျှင် မဆန်ရလို့ သတ်မှတ်ထားတယ်။ တစ်နည်းအားဖြင့် အမွေဆန်ခြင်းကို လက်မခံတဲ့ သဘောပဲ။ ဒါပေမယ့် စုန်နိုင်တဲ့ ဆွေမျိုးသားချင်း မရှိရင်တော့ အမွေရှင်ရဲ့ အထက်ဘက်ဆွေမျိုးများကို ဆန်ခွင့်ရှိတယ်”

“ကျွန်တော်တို့ ကိစ္စမှာ ကျွန်တော်က သေသူရဲ့ အကြီးဖြစ်နေတော့ ရပိုင်ခွင့်ရှိပါ့မလား”

“ကွယ်လွန်သူရဲ့ ညီ ညီမများက ကွယ်လွန်သူရဲ့ အစ်ကို အစ်မများကို အမွေမှ ပယ်ထုတ်ခွင့်ရှိတယ်လို့ မောင်တူနဲ့ မချစ်၊ ရန်ကုန်တရား စီရင်ထုံးအတွဲ – ၄၊ စာမျက်နှာ – ၆၂ မှာ အတိအလင်းဖော်ပြထားပါတယ်။ ဒါကြောင့် ညီမဖြစ်သူရဲ့ အမွေကို ဦးကျော်ရဲ့ ညီဖြစ်သူ ကွယ်လွန်သူရဲ့ မောင်က ရပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်”

“ဒါကြောင့်မို့ ညီငယ် မိသားစုက ဝင်နေတာဖြစ်မယ် ဆရာ”

“တစ်ခုတော့ရှိတာပေါ့ ဦးကျော်”

“ဟုတ်ကဲ့ ပြောပါဦး ဆရာ”

“ဦးကျော်ရဲ့ သားကို ညီမဖြစ်သူတို့က စာချုပ်စာတမ်းနဲ့ မွေးစားတာ မဟုတ်ပေမယ့် ပတ်ဝန်းကျင်နဲ့ ဆွေ မျိုးမိတ်ဆွေအားလုံးက မွေးစားသားအဖြစ် အသိအမှတ်ပြုထားရင်တော့ အပတိဌလို့ခေါ်တဲ့ ကောက်ယူမွေး စားသားအဖြစ် အမွေရခွင့်ရှိမှာ ဖြစ်တယ်”

“ဘယ်လို အခွင့်အရေးလဲ ဆရာ”

မွေးစားမိဘမှာ သားသမီး၊ မြေးမြစ်နှင့် ကိတိ်္တမမွေးစားသားသမီးမရှိမှ အပတိဌသားသမီးများ အမွေခံစားခွင့်ရှိပြီး အမွေဝေစုမှာ တစ်ဝက်သာဖြစ်သည်။ ကျန်တစ်ဝက်မှာ အမွေရှင်၏ ဆွေမျိုးများကရသည်လို့ မောင်စိန်နှင့် ဦးဖိုး ကို ဘီအယ်တီ (Burma Law Times) အတွဲ – ၁၂ စာမျက်နှာ ၂၃၆ မှာ အတိအလင်းဖော်ပြထားပါတယ်။ ဒါကြောင့် မွေးစားသားဖြစ်ကြောင်း အထောက်အထားတင်ပြနိုင်ဖို့ လိုပါတယ်”ဟု အကြံပြုဆွေးနွေးလိုက်ပါ သည်။

ထီယု(ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts