Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အုန်းရည်ကို အပင်တွေမှာ အသုံးပြုလို့ရနိုင်သလား

January 20, 2023 362 views
အုန်းရည်ကို အပင်တွေမှာ အသုံးပြုလို့ရနိုင်သလား

အုန်းရည်ကို အပင်တွေမှာ အသုံးပြုလို့ရနိုင်သလား

အုန်းပင်ဆိုတာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အလွယ်တကူ တွေ့ရနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ အုန်းပင်ရဲ့ အစိတ်အပိုင်းတွေ အားလုံးနီးပါးဟာ အသုံးဝင်ပြီး လူတွေအတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်တဲ့အပင် ဖြစ်ပါတယ်။

အုန်းသီးကနေ ထွက်ရှိလာတဲ့ အုန်းဆံမှုန့်တို့၊ အုန်းဆံခွံ၊ အုန်းဆံတုန်း တို့ဆိုရင်လည်း အပင်တွေ စိုက်ပျိုးရာမှာ (သို့မဟုတ်) စပ်မြေပြုလုပ်ရာမှာ အကျိုးရှိရှိထည့်သွင်း အသုံးပြုလို့ရတဲ့ သဘာဝပစ္စည်းတွေဖြစ်ပါတယ်။

များသောအားဖြင့် သစ်ခွပင်တွေ၊ ပိန်းပန်းပင်နဲ့ အိမ်တွင်းအလှစိုက် အပင်တွေမှာ အုန်းခွံတွေကို အသုံးပြုကြတာ ဖြစ်ပါတယ်။ အုန်းစိမ်းရည်ဆိုရင်လည်း ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ဖော့စဖောရပ်စ် ဓာတ်တွေပါဝင်နေတာကြောင့်

ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုနိုင်တာ ဖြစ်ပါတယ်။ ထို့နည်းတူ အုန်းရည်ကို အပင်တွေမှာလည်း အကျိုးရှိရှိ အသုံးပြုနိုင်တာကြောင့် ယခုဆောင်းပါးမှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။


အပင်တွေမှာ အုန်းရည်အသုံးပြုခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
- အုန်းရေကို အာဟာရအစားထိုး အနေနဲ့အသုံးပြုနိုင်ပြီး အပင်တွေကို အုန်းရေတိုက်ကျွေးပါက ကြီးထွားမှု ပိုမိုမြန်ဆန်စေပြီး ကျန်းမာသန်စွမ်းစေမှာ ဖြစ်ပါတယ်။

- အုန်းရည်ဟာဆိုရင် အပင်ရဲ့အမြစ်တွေမှာ ဆဲလ်ကွဲပွားဖို့နဲ့ အညွန့်အတက်တွေကို ကြီးထွား ဖွံ့ဖြိုးစေဖို့အတွက် အထောက်အကူပြုနိုင်တဲ့ ဆိုက်တိုကိုင်နင် (cytokinins) ဟော်မုန်းတွေ ပါရှိနေတာ ဖြစ်ပါတယ်။

- ဆိုက်တိုကိုင်နင် ပါဝင်နေတာကြောင့် သစ်ခွနဲ့ ဆေးဖက်ဝင်အပင်တွေကဲ့သို့ အပင်အမျိုးမျိုးရဲ့ (Tissue culture) တစ်ရှူးဖြင့်မျိုးပွားရာမှာ အရေးကြီးတဲ့ မီဒီယာဖြည့်စွက်ပစ္စည်းအနေနဲ့လည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

- ဒါ့အပြင် အုန်းရည်မှာ မျိုးစေ့တွေ မျိုးညှောင့်ပေါက်မှုတိုးစေဖို့နဲ့ ကိုင်းဖြတ်မျိုးပွားရာမှာ အမြစ်ကြီးထွားမှုကို တိုးတက်စေတဲ့ ဂျစ်ဘရဲလစ်အက်စစ် (gibberellic acid) တွေလည်း ပါရှိနေတာကြောင့် မျိုးစေ့ကနေ စတင်စိုက်ပျိုးမယ်ဆိုရင် အုန်းရည်ကို ရိုးရိုးရေအစား အသုံးပြုနိုင်ပါတယ်။

- အုန်းရေဟာ အပင်များအတွက် လိုအပ်တဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ အခြားသတ္တုဓာတ်များစွာ ပါဝင်နေတဲ့ အရင်းအမြစ်ဖြစ်တာကြောင့် အပင်ကြီးထွားဖွံ့ဖြိုးမှုကို ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။

- အုန်းရည်မှာ သတ္တုဓာတ်၊ ဗီတာမင်နဲ့ အမိုင်နိုအက်ဆစ်တွေလည်း ကြွယ်ဝစွာပါဝင်နေတာကြောင့် အပင်ကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေအတွက် ညစ်ညမ်းမှုမရှိတဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးနိုင်မှာလည်း ဖြစ်ပါတယ်။

- အပင်တွေမှာ အုန်းရည်ကိုအသုံးပြုခြင်းဖြင့် မြေဆီလွှာမှာ အာဟာရဓာတ်တွေ တိုးလာစေမှာဖြစ်ပြီး NPK နဲ့ အခြား မရှိမဖြစ်လိုအပ်တဲ့ ဒြပ်စင်တွေရဲ့ စားသုံးမှုကိုလည်း တိုးမြင့်လာစေမှာ ဖြစ်ပါတယ်။

အုန်းရည်ကို အပင်တွေမှာ ဘယ်လို အသုံးပြုရမလဲ
- အုန်းရေ ၅၀ - ၁၀၀ မီလီလီတာ ကို ရေ ၁ လီတာနဲ့ ရောစပ်ကာ ကောင်းစွာလှုပ်ခါပြီးနောက် အပင်တွေကို လောင်းပေးနိုင်ပါတယ်။

အဆိုပါ ဖျော်ရည်ကို ၂ ပတ်ကနေ ၄ ပတ်လျှင်  ၁ ကြိမ်နှုန်း လောင်းလို့ရပါတယ်။ အုန်းရည်မှာ အပင်ကြီးထွားစေတဲ့ ဟော်မုန်းတွေ ပမာဏမြင့်မားစွာ ပါဝင်နေတဲ့အတွက်ကြောင့် အုန်းရည်သဘာဝမြေသြဇာ အသုံးပြုခြင်းဟာ အမြစ်ကြီးထွားမှုကို ပိုမိုသန်စွမ်းစေပြီး အရွက်တွေကို ကြီးထွားဖွံ့ဖြိုးစေမှာ ဖြစ်ပါတယ်။

- အုန်းစိမ်းဖျော်ရည်ကို အိမ်တွင်းအလှစိုက်အပင်တွေ၊ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်အပင်တွေ၊ ဟင်းသီးဟင်းရွက်အပင်တွေ၊ ပန်းပွင့်တဲ့အပင်တွေ၊ နှစ်ရှည်ပင်တွေ စတဲ့ အပင်အမျိုးအစား အားလုံးမှာ တိုက်ရိုက်ဖြန်းပေးနိုင်ပါတယ်။

ဖျော်ရည်အသုံးပြုတဲ့အခါ ပုံမှန်ဆေးတွေဖြန်းသကဲ့သို့ မနက်အစောနဲ့ ညနေခင်းတွေမှာပဲ အသုံးပြုသင့်ပါတယ်။

- အုန်းစိမ်းဖျော်ရည်ကို ပျိုးပင်တွေမှာ အသုံးပြုခြင်းဖြင့် ကြီးထွားသန်မာမှုကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်တဲ့အပြင် အပင်တွေ ရွှေ့ပြောင်းစိုက်ပျိုးရာမှာ ဖြစ်ပေါ်တတ်တဲ့ အပင်နာခြင်း (Transplant shock) ကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

- အုန်းရည်မှာ အောက်ဇင် (Auxin) လို့ခေါ်တဲ့ အပင်ကြီးထွားဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးနိုင်တဲ့ ဟော်မုန်းတွေပါဝင်နေတာကြောင့် အမြစ်ထွက်ဟော်မုန်းဆေးအနေနဲ့လည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

အမြစ်ထွက် ဟော်မုန်းဆေးအနေနဲ့ အသုံးပြုမယ်ဆိုရင် ကိုင်းဖြတ်တောက်ထားတဲ့ အပင်အစိတ်အပိုင်းတွေကို အုန်းစိမ်းဖျော်ရည်ထဲမှာ ၅ - ၁၅ မိနစ်ခန့် စိမ်ပေးထားပြီးမှ စိုက်ပျိုးမယ်ဆိုရင် အမြစ်တွေကောင်းစွာ ထွက်ရှိလာဖို့ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
credit

Related Posts