Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အိမ်ခြံမြေ ဝယ်ယူသူများ ဆုံး ရှုံးနိုင်သည့် ဖြစ်ရပ်

January 23, 2023 183 views
အိမ်ခြံမြေ ဝယ်ယူသူများ ဆုံး ရှုံးနိုင်သည့် ဖြစ်ရပ်

အိမ်ခြံမြေ ဝယ်ယူသူများ ဆုံး ရှုံးနိုင်သည့် ဖြစ်ရပ်

အိမ်ခြံမြေတိုက်ခန်းများ ရောင်းဝယ်ကြရာတွင် ဖြစ်ပွား တတ်သောမှုခင်းများနှင့် စပ်လျဉ်း ၍ ဗဟုသုတရစေရန် ရေးသား သွားပါမည်။

ယခု- မိတ်ဆွေတစ်ဦး၏ ကြုံတွေ့နေရသည့် မှုခင်းဖြစ်ရပ် တစ်ခုကို တင်ပြလိုပါသည်။

“ငါ့မှာ နယ်တာဝန်ကျစဉ် က မြေကွက်တစ်ကွက် အစိုးရချ ပေးလို့ရထားတာရှိတယ်၊ အိမ် လည်း ဆောက်ပြီးနေခဲ့တယ်ပေါ့ ကွာ၊ ငါရန်ကုန်ပြောင်းလာတော့ အဲဒီအိမ်ကို အိမ်ငှားထားခဲ့တယ်၊ အခုအဲဒီအိမ်ငှားက ငါပိုင်တဲ့အိမ် ကို သူ့အိမ်လို့ဆိုပြီး ရောင်းစားပစ်ခဲ့တယ်”

“ဟေ ရောင်းစားလိုက်တာ ကြာပြီလား၊ ရောင်းစားတဲ့ အိမ်ငှား တွေက ဘယ်ရောက်သွားလဲ”

“တစ်နှစ်လောက်ကို ရှိ တော့မယ်လို့ သိရတယ်၊ ငါကလည်းတစ်နှစ်မှတစ်ခေါက် အိမ် လခသွားယူတဲ့အချိန်ပဲ ရောက် တာ၊ ဒါပေမယ့် တစ်ခါတစ်ခါတစ် နှစ်ကျော်သွားတာတွေရှိတယ်၊ အခုကတော့ ရောင်းသွားတဲ့လူတွေ လည်း နယ်ပြောင်းသွားတယ်။ ဘယ်ဆိုတာ မသိဘူး လို့ ဘေးအိမ် နီးချင်းတွေက ပြောတာပဲ။ ယောကျ်ားကအလုပ်ထွက်သွားတယ် ပြောတယ်၊ နှစ်လုံးသုံးလုံးလောင်း ကစား နဲ့ မွဲသွားလို့ ရောင်းသွားကြ တယ်လို့ ပြောတာပဲသူငယ်ချင်းရာ၊ အခုတက်နေတဲ့ သူတွေကို တရား စွဲလို့ ရသလား”

“တရားစွဲမယ်ဆိုရင်တော့ ရောင်းသွားတဲ့ သူရယ်၊ အခုအိမ် ပေါ်တက်နေတဲ့ သူရယ် နှစ်ဦးလုံး ကို တရားစွဲရမှာဖြစ်တယ်၊ ပိုင်ဆိုင် ခွင့်အထောက်အထား မရှိဘဲနဲ့ ဝယ်တဲ့သူကလည်း ဝယ်တာပဲ လား”

“အိမ်ငှားထားတာလည်း ငါး နှစ် ခြောက်နှစ်လောက်ရှိပြီ ဆို တော့ အိမ်ထောင်စုစာရင်း လုပ် ချင်တာနဲ့ ငါ့အမည်ပေါက်မြေငှား ဂရံစာချုပ် မိတ္တူထုတ်ပေးခဲ့တာ တော့ရှိတယ်၊ ဓာတ်ပုံမိတ္တူဆိုပေ မယ့် လိမ်ချင်တဲ့ သူကတော့ နည်း မျိုးစုံနဲ့့ လိမ်ပြီးရောင်းသွားတာပေါ့”

“အိမ်ပေါ်နေတဲ့ သူတွေကို တော့ ကျူးကျော်နေထိုင်နေသူအ ဖြစ်နဲ့ တရားစွဲဆိုရမှာဖြစ်တယ် ထွက်ပြေးသွားတဲ့သူကို ရောင်းပိုင် ခွင့် မရှိဘဲ ရောင်းတာ၊တရားမဝင် ဘူးဆိုပြီး တွဲဖက်လို့ တရားစွဲရမှာ ဖြစ်တယ်။ ဒါနဲ့ပတ်သက်လို့ အလားတူဆုံးဖြတ်ထားတဲ့ စီရင် ထုံး ဆုံးဖြတ်ချက်တစ်ခုကို ပြမယ်”

“ကျွန်တော်က စာကြည့် စားပွဲပေါ်မှာရှိပြီး မှတ်မိနေသည့် တရားစီရင်ထုံး စာအုပ်ကို ယူ လိုက်သည်။ ပြီးမှ မာတိကာကို ကြည့်၊ မိမိသိလိုသည့် စာရွက်ကို လှန်သည်။ ထို့နောက်စီရင်ချက်ကို မိတ်ဆွေအားဖတ်ပြ ရှင်းပြလိုက်မိ သည်။

“ဒေါ်ထွေးသိန်းနှင့် ဦးရွှေကူပါ နှစ်ဦး။ ၁၉၉ဝ ခုနှစ် မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၆ဝ” အမှုမှာ ဒေါ်ထွေးသိန်းက ဦး ရွှေ ကူနှင့် ဒေါ်ညွန့်မေတို့အပေါ် မိမိပိုင်မြေကွက်အတွင်း ဆောက် လုပ်နေထိုင်လျက်ရှိသော သူတို့၏ အိမ်ကို ဖျက်သိမ်း၍ မြေမှဖယ် ရှားပေးစေရန် တရားစွဲဆိုရာ မြို့ နယ်တရားရုံးက ဒေါ်ထွေးသိန်းစွဲ ဆိုသည့်အတိုင်း အနိုင်ဒီကရီချ မှတ်ပေးခဲ့သည်။ ဦးရွှေကူတို့က တိုင်းတရားရုံးကို အယူခံဝင်ရာ အောင်မြင်ပြီး ဒေါ်ထွေးသိန်းစွဲဆို သည့်အမှုကို ပလပ်လိုက်သည်။

ဒေါ်ထွေးသိန်းက တိုင်းတရားရုံး၏ အမိန့်ကို မကျေနပ်၍ တရားရုံးချုပ် အထူးအယူခံခုံရုံးထိ အယူခံဝင်ရောက်လာသော အမှု ဖြစ် သည်။

အထူးအယူခံရုံးက သုံးသပ်ဆုံးဖြတ်သည်မှာ တရားပြိုင် ဖြစ်သည့် ဒေါ်ညွန့်မေက အချင်း ဖြစ်မြေနှင့် အိမ်မှာ ဒေါ်ထွေးသိန်း ထံမှ မြေ ငှားဖြစ်သူ ဦးမောင်စီက ဆောက်လုပ်ထားသော အိမ်ဖြစ် ကြောင်း။ ဦးမောင်စီထံမှ ၂၇-၁၂-၈၂ နေ့စွဲပါ အိမ်အရောင်းအဝယ် စာချုပ်အရဝယ်ခဲ့ကြောင်း၊ ဆိုင်ခွင့် ပိုင်ခွင့်အရ နေထိုင်သူဖြစ်ကြောင်း၊ ကျူးကျော်နေသူမဟုတ်ကြောင်း ထုချေထားသည်။

အချင်းဖြစ်အိမ်အရောင်း အဝယ်စာချုပ်ကို မှတ်ပုံမတင်ရ သေးသည်မှာ၊ အငြင်းမပွွားသော အချက်ဖြစ်သည်။ ယင်းစာချုပ်ကို မှတ်ပုံတင်ရန်လိုအပ်သည်မှာလည်း မြင်သာသော အချက်ဖြစ်သည်။ သို့ဖြစ်ရာ စာချုပ်စာတမ်းမှတ်ပုံ တင် အက်ဥပဒေ ပုဒ်မ ၄၉ အရ၊ ရောင်းချမှုမှာ အထမမြောက်ချေ။ ဤအခြေအနေတွင် ဝယ်သူဒေါ် ညွန့်မေသည် မြေငှားဦးမောင်စီထံ မှတစ်ဆင့် ဆိုင်ရာဆိုင် ခွင့်ရရှိသူ ဟု ကောက်ယူနိုင်မည်မဟုတ်ပေ။ ဦးမောင်စီဆောက်လုပ်ထားသော အိမ်ကို အိမ်အရောင်းအဝယ် စာ ချုပ်အရ ဝယ်ယူသည်ဆိုသော် လည်း ဒေါ်ညွန့်မေနှင့် ဦးရွှေကူတို့ သည် ဒေါ်ထွေးသိန်း၏ မြေငှား များဖြစ်လာမည်မဟုတ်ပေ။

ထိုကြောင့် ဦးရွှေကူနှင့် ဒေါ်ညွန့်မေတို့သည် ဒေါ်ထွေး သိန်း၏ မြေငှားလည်းမဟုတ်၊ ခွင့် ပြုချက်အရ နေထိုင်သူလည်း မ ဟုတ် သဖြင့် အချင်းဖြစ်မြေပေါ်၌ အခွင့်အရေးတစ်စုံတစ်ရာအရ နေထိုင်ခြင်းဖြစ်သည်ဟု ကောက် ယူခြင်းမပြုနိုင်ပေ။ ဒေါ်ထွေးသိန်း သည် ဦးရွှေကူနှင့် ဒေါ်ညွန့်မေတို့ အား အချင်းဖြစ်မြေမှ ဖယ်ရှားခွင့် ရှိပေသည်ဟု ဆုံးဖြတ်ထား ကြောင်း ရှင်းပြခဲ့ပါသည်။

“သူငယ်ချင်း ဖတ်ပြတဲ့ စီရင်ထုံးအရဆိုရင်တော့ ဝမ်းသာစရာပဲပေါ့ကွာ။ အဲ ရောင်းသွားတဲ့ သူက တရားရုံးကို မလာဘူးဆိုရင် ကော၊ အခုထွက်ပြေးနေတော့ ဘယ်လိုဆင့်ခေါ်မလဲ”

“ဒါကတော့ တရားရုံးက သတင်းစာထဲမှာ ကြော်ငြာပြီး ဆင့် ခေါ်လို့ရတယ်။ ရုံးချိန်းတဲ့နေ့မှာ သူမလာရင် သူ့ကိုမစောင့်တော့ဘဲ ကျန်တဲ့သူတွေနဲ့ အမှုကို ဆက်စစ် သွားမှာဖြစ်တယ်”

“အခုဝယ်ထားတဲ့သူရဲ့ ရောင်းဖိုးငွေကို ငါတို့က ပေးရမှာ လား”

“မပေးရပါဘူး၊ အိမ် ရောင်းသွားတဲ့ မူလအိမ်ငှားဆီမှာ တောင်းခံရမှာဖြစ်တယ်။ မရရင် တော့ တရားစွဲတောင်းရမှာပေါ့။ ငါတို့က အိမ်ငှားကို တရားပြိုင်အ နေနဲ့ထားပြီး ပူးတွဲတရားစွဲမယ်ဆို တာက၊ သူတို့အခုဝယ်နေတယ်ဆို သူတို့ရဲ့ အရောင်းအဝယ်ဟာ တရားမဝင်ကြောင်း သက်သေပြဖို့ ထည့်ပြီး တရားစွဲရမှာဖြစ်တယ်”

“အေးကွာ မင်းပြောမှပဲ ငါ့ ရင်ထဲပေါ့သွားတော့တယ်”

မှန်ပါသည်။ ယခုကဲ့သို့ အိမ်ငှားကဖြစ်စေ၊ ခွင့်ပြုချက်ဖြင့် ထားသူကဖြစ်စေ၊ မိမိလက်ဝယ်ရှိ နေသည့် အိမ်ခြံမြေတိုက်ခန်းတို့ကို မိမိပိုင်ဆိုင်သည်ဟု ပြောဆိုကာ အလွဲသုံးစားပြုရောင်းချခြင်းများရှိ တတ်သဖြင့် အိမ်ခြံမြေတိုက်ခန်း ပိုင်ရှင်များအနေဖြင့် အထူး သတိ ပြုသင့်ကြောင်းနှင့် ဝယ်သူများဆုံး ရှုံးနိုင်ကြောင်း ရေးသားလိုက်ပါ သည်။

ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts