Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

တရားခံပြေးပိုင် မြေနှင့် အိမ်ကို ဝယ်မည်ဆိုလျှင်

January 24, 2023 163 views
တရားခံပြေးပိုင် မြေနှင့် အိမ်ကို ဝယ်မည်ဆိုလျှင်

တရားခံပြေးပိုင် မြေနှင့် အိမ်ကို ဝယ်မည်ဆိုလျှင်

“တရားခံပြေးပိုင်ပစ္စည်းကို တရားရုံးက ဝရမ်းကပ်နိုင်တယ်ဆို တာ ဟုတ်ပါသလား”ဟု မိတ်ဆွေ တစ်ဦးက ရုတ်တရက်မေးလာပါ သည်။

“သူငယ်ချင်းက တရားခံပြေးပိုင် ပစ္စည်းကို ဝယ်ထားမိလို့လား” စာရေးသူက မေးခွန်းပြန်ထုတ်လိုက်သဖြင့် မိတ်ဆွေ၏ အမူအ ရာမှာ အံ့သြသွားပုံရသည်။

“အခုဝယ်မယ်လို့ အဲဒီမြေနဲ့ အိမ်ကို သွားကြည့်တော့ တရားခံပြေးရဲ့ အမည်ပေါက် မြေကွက် ဖြစ်နေတယ်။ အချို့က ပြောတော့ တရားခံပြေး မြေကွက်ဆိုရင် တရားရုံးက ဝရမ်းကပ်ထားတဲ့ မြေ ဖြစ်နေဦးမယ်လို့ပြောတာနဲ့ မရှင်းလို့ သူငယ်ချင်းဆီ လာဆွေးနွေး တာပဲ”

“သူငယ်ချင်းကို ရှင်းပြရရင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၈၇ မှာ မည်သည့် တရားရုံးကမဆို သက်သေခံချက်ရယူပြီးမှဖြစ်စေ၊ သက်သေခံချက် မရယူမီဖြစ်စေ၊ ဖမ်းဝရမ်းထုတ်ခံရသူတစ်ဦးအနေနဲ့ တိမ်းရှောင်သွားမယ်၊ ဒါမှမဟုတ် ဖမ်းဝရမ်း အတည် မပြုနိုင် အောင် ပုန်းကွယ်နေမယ်လို့ အ ကြောင်းလုံလောက်ရင် ထိုသူကို တရားခံပြေးအဖြစ် ကြေညာနိုင် တယ်လို့ ပြဋ္ဌာန်းထား တယ်”

“တရားခံပြေးဖြစ်သွားတာနဲ့ သူပိုင်ပစ္စည်းနဲ့ ဘယ်လိုပတ်သက် လို့လဲ”

“သာမန်အားဖြင့်တော့ သီးခြားစီ မသက်ဆိုင်ဘူးလို့ ပြောရမှာပဲ။ ဒါပေမယ့် ထွက်ပြေးသွားတဲ့ တရားခံကို တရားရုံးရှေ့ရောက် လာဖို့ ရည်ရွယ်ပြီး တရားခံပြေးရဲ့ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအ ပေါ် တရားရုံးက ဝရမ်းစွဲ ကပ်နိုင် တယ်လို့ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ-၈၈ မှာ ပြဋ္ဌာန်းထား တယ်။ ဒါကြောင့် တရားခံပြေးပိုင် ပစ္စည်းကို တရားရုံးက ဝရမ်းစွဲကပ် ခွင့်ရတာပဲဖြစ်တယ် သူငယ်ချင်း”

“တရားရုံးက ဝရမ်းစွဲကပ် ထားမှန်းမသိတဲ့ တရားခံပြေးပိုင် မြေနဲ့ အိမ်ကို ဝယ်မိရင် ဆုံးရှုံးနိုင် တာပေါ့နော်”

“ယေဘုယျအားဖြင့် ပြောရရင်တော့ ဆုံးရှုံးနိုင်တယ်လို့ ပြောရမှာပဲ၊ ဒါပေမယ့် ဝရမ်းမစွဲကပ်မီ တရားဝင်ဝယ်ထားတာ ဆိုရင်တော့ ဝယ် ထား သူက ခုခံပိုင်ခွင့်ရှိ မှာဖြစ်တယ်”

“ဒါဆိုရင် တရားခံပြေး အမည်ပေါက်မြေနဲ့ အိမ်ကို ဝယ်ထား သူထံကနေ ထပ်ဆင့်ဝယ်မယ်ဆို ရင်တော့ ကင်းလွတ်တဲ့ သဘော ပေါ့”

“သာမန်အားဖြင့် စဉ်းစား ကြည့်ရင်တော့ ဟုတ်သလိုပဲပေါ့၊ ဒါပေမယ့် တရားခံပြေးဆီက ဝယ် တဲ့သူဟာ တရားဝင်မှတ်ပုံတင် စာ ချုပ်စာတမ်းနဲ့ ဝယ်ဖို့တော့လိုမယ်။ ဒါမှမဟုတ်ရင် အရောင်းအဝယ် မမြောက်ဆိုပြီး ကန့်ကွက်တာ၊ စုံ စမ်းစစ်ဆေးမှုတွေဖြစ် လာနိုင် တယ်။ တရားဝင် စာချုပ်စာတမ်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုထားမယ် ဆိုရင်တော့ နောက်ထပ်မံ ဝယ်သူ အနေနဲ့ ဆုံးရှုံးမယ့် ကိစ္စ မရှိနိုင် တော့ဘူးပေါ့ သူငယ်ချင်း”

“အခု ရောင်းမယ်ဆိုတဲ့ မြေနဲ့ အိမ်က တရားခံပြေးထံက ဝယ် ထားတဲ့သူက ထပ်မံရောင်းမှာဖြစ် တယ်”

“ဒါဆိုရင်တော့ စာရွက်စာ တမ်းတွေ သေချာစိစစ်ဖို့လိုမယ်။ သူငယ်ချင်းသိအောင် တရားလွှတ် တော်ချုပ်က ဆုံးဖြတ်ထားတဲ့ စီရင် ထုံး တစ်ခုကို ပြောပြမယ်”

“မောင်သက်ဝေအောင်ခေါ် မောင်ကျော်ကျော်နှင့် ပြည်ထောင် စု သမ္မတ မြန်မာနိုင်ငံတော်ပါ သုံး ဦး။ ဒေါ်သီသီဆင့် ပါ နှစ် ဦးနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော်ပါ နှစ်ဦး ၂ဝ၁၃ ခုနှစ် မြန်မာ နိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၇၂” အမှုမှာ မောင် သက်ဝေ အောင် ခေါ် မောင်ကျော်ကျော်က ဒေါ်အင်သန်း ခေါ် ဒေါ်အေးနှင့် အိမာဝင်းတို့အပေါ် တရားစွဲဆိုရာ တရားရုံးတော်မှ ၄င်းတို့အပေါ် ပြစ် မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ ဖြင့် အရေးယူရန် အမိန့်ချခဲ့သည်။ ဒေါ်အင်သန်း ခေါ် ဒေါ်အေး သည် အမှုကို ရင် ဆိုင်ဖြေရှင်း ခြင်းမပြုဘဲ ထွက်ပြေးတိမ်းရှောင် သွားသဖြင့် ထားဝယ်မြို့နယ် တရားရုံးက ဒေါ်အင်သန်းခေါ် ဒေါ်အေးပိုင် မြေနှင့် အိမ်ကို ၃. ၈.၂ဝ၁၂ နေ့က ဝရမ်းစွဲကပ်စေခဲ့ သည်။

ဝရမ်းစွဲကပ်သည့်အခါ အဆို ပါ မြေနှင့် အိမ်တွင် ဒေါ်အင်သန်း ခေါ် ဒေါ်အေးတို့ မရှိဘဲ ဒေါ်သီ သီဆင့်တို့က လက်ရောက်နေ ထိုင် လျက်ရှိပြီး ၄င်းတို့က ဒေါ်အင် သန်းခေါ် ဒေါ်အေးထံမှ အချင်း ဖြစ် မြေနှင့် အိမ်ကို ၁ဝ.၁. ၂ဝ၁၂ ကတည်းက ဝယ်ယူနေ ထိုင်သူဖြစ်ကြောင်း ခုခံသည်။

ဒေါ်သီသီဆင့်တို့၏ ခုခံကန့်ကွက်ချက်ကို ထားဝယ်မြို့နယ် တရားရုံးက ပယ်ချခဲ့သဖြင့် တရား ရုံးချုပ်ထိ ပြင်ဆင်မှု တင်သွင်း လာ ခြင်းဖြစ်သည်။

တရားရုံးချုပ်က သုံးသပ်ဆုံး ဖြတ်သည်မှာ ဒေါ်သီသီဆင့်တို့က အချင်းဖြစ် မြေနှင့် အိမ်ကို ဝယ်ယူခဲ့သည့်နေ့သည် ၁ဝ.၁.၂ဝ၁၂ နေ့ဖြစ်ပြီး တရားရုံးက မြေနှင့်အိမ် ကို ဝရမ်းစွဲကပ်သည့်နေ့မှာ ၃.၈. ၂ဝ၁၂ ဖြစ်ကြောင်း တွေ့ရသည်။

အချင်းဖြစ် မြေနှင့် အိမ်ကို ဒေါ်အင်သန်းခေါ် ဒေါ်အေးက ရောင်းချ၍ ဒေါ်သီသီဆင့်တို့က ဝယ်ယူကာ အရောင်းအဝယ်စာ ချုပ်ကို ၁ဝ.၁.၂ဝ၁၂ နေ့တွင် မှတ်ပုံတင်ပြုလုပ်ရန် လျှောက်ထား ခဲ့ပြီး မြေနှင့် အိမ်ကို ဒေါ်သီသီ ဆင့်တို့က လက်ရောက်ရယူထားခဲ့ သည်။ ထားဝယ်မြို့ စာချုပ်စာ တမ်းမှတ်ပုံတင်ရုံး၌ စာချုပ်အမှတ် ၇၉/၂ဝ၁၂ဖြင့် ၂၂.၁ဝ.၂ဝ၁၂ နေ့တွင် မှတ်ပုံတင်ထား ရှိကြောင်း တွေ့ ရသည်။

စာချုပ်စာတမ်း မှတ်ပုံတင် ခြင်း အက်ဥပဒေ ပုဒ်မ ၄၇ အရ မှတ်ပုံတင် စာချုပ် တစ်ရပ်အကျိုး သက်ရောက်သော အချိန်သည် မှတ်ပုံတင်သည့် အချိန်မဟုတ်ဘဲ စာချုပ် ချုပ်ဆိုသည့်အချိန် နေ့ ရက်ဖြစ်ကြောင်း ပြဋ္ဌာန်းထား သည်။

ဒေါ်အင်သန်း ခေါ် ဒေါ်အေး နှင့် ဒေါ်သီသီဆင့်တို့သည် အချင်းဖြစ် အိမ်နှင့်မြေကို အရောင်း အဝယ် စာချုပ်မှတ်ပုံတင် သည့် နေ့ မှာ ၂၂.၁ဝ.၂ဝ၁၂ ဖြစ်သော် လည်း စာချုပ်စတင်ချုပ်ဆိုသည့် နေ့မှာ ၁ဝ.၁၂.၂ဝ၁၂ နေ့ဖြစ်သဖြင့် အဆိုပါစာချုပ်သည် ၁ဝ.၁.၂ဝ၁၂ နေ့ မှ စ၍ အကျိုး သက်ရောက်မည်ဖြစ်သည်။

သို့ဖြစ်၍ အိမ်နှင့်မြေကို ဝရမ်းစွဲကပ်သည့် ၃.၈.၂ဝ၁၂ နေ့တွင် အရောင်းအဝယ် စာချုပ် အား မှတ်ပုံမတင်ရသေးသော် လည်း မှတ်ပုံတင်ပြီးနောက် အ ချင်းဖြစ်အိမ်နှင့် မြေသည် စာချုပ် စတင်ချုပ်ဆိုသည့် ၁ဝ.၁၂. ၂ဝ၁၂ နေ့မှစ၍ ဒေါ်သီသီဆင့်တို့ ပိုင် အဖြစ် ရောက်ရှိသွားပြီဖြစ်သည်ဟု ကောက်ယူရမည်ဖြစ် ကြောင်း” ဆုံးဖြတ်ထားတယ် သူ ငယ်ချင်း။ စာရေးသူက စီရင်ထုံးကို ဖတ်ပြရှင်းလင်းပြောကြားလိုက်ပါ သည်။

“ဒါဆိုရင် အခုထပ်ဆင့် ရောင်းတဲ့ သူက တရားခံပြေးပိုင် မြေနဲ့ အိမ်ကို ဝရမ်းမစွဲကပ်မီ တရားဝင်မှတ်ပုံတင် စာချုပ်နဲ့ ဝယ်ထား ရင်တော့ ပြဿနာမရှိနိုင် ဘူးပေါ့”

“အေး ဒါကြောင့် တရားခံ ပြေးပိုင် အိမ်ဟုတ် မဟုတ်၊ ဝရမ်းစွဲ ကပ်ထားခြင်းရှိ မရှိ၊ ဝရမ်းစွဲကပ် ထားရင် မည့်သည့်နေ့ရက်၊ ထပ် ဆင့်ရောင်းသည့် မြေနှင့် အိမ်ဖြစ် ရင် မူလအရောင်းအဝယ်မှတ်ပုံ တင် စာချုပ် ချုပ်ဆိုခြင်းရှိ မရှိ၊ မှတ်ပုံတင် စာချုပ် ချုပ်ဆို သည့် နေ့ရက်တို့ကို သေချာလေ့လာပြီးမှ မြေနဲ့ အိမ်ကို ဝယ်သင့်တယ် သူငယ်ချင်း”ဟု ဗဟုသုတအဖြစ် ဆွေးနွေးခဲ့ပါတော့သည်။

ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်

Related Posts