ကတ္တရာလမ်း(Flexible pavement)နှင့် ကွန်ကရိလမ်း (Rigid pavement)တို့၏ ကွဲပြားခြားနားချက်များ

ကတ္တရာလမ်း(Flexible pavement)နှင့် ကွန်ကရိလမ်း (Rigid pavement)တို့၏ ကွဲပြားခြားနားချက်များ
.......................(Htin Kyaw) ......................
လမ်းခင်းခြင်းလုပ်ငန်းတွင်(က) Flexible pavement(ခ) Rigid pavement(ဂ)Semi-rigid pavement(ဃ)Composite pavementဟူ၍ (၄)မျိုးရှိသည့်အနက် Rigid pavement နှင့် Flexible pavementတို့၏ ကွဲပြားခြားနားချက်များမှာအောက်ဖော်ပြပါအတိုင်းဖြစ်ကြပါသည်။
(၁)Load distribution on Subgrade
ကတ္တရာလမ်းနှင့်ကွန်ကရိလမ်း၏ အဓိကခြားနားချက်မှာ အောက်ခံမြေလွှာ(Subgrade)ပေါ်သို့ လမ်းပေါ်မှဖြတ်သန်းသည့်ယာဉ်များ၏ အလေးချိန်သက်ရောက်မူပုံစံကွဲပြားခြားနားခြင်းပင်ဖြစ်ပါသည်။
ကွန်ကရိ၏တောင့်တင်းခိုင်မာမူကြောင့်အောက်ခံမြေ(Subgrade)ပေါ်သို့ ယာဉ်များ၏အလေးချိန်သက်ရောက်ရာ၌ ကျယ်ပြန့်သောဧရိယာအပေါ်သို့ ဖြန့်ဝေ၍သက်ရောက်စေပါသည်။တောင့်တင်းခိုင်မာမူအားနည်းသော ကတ္တရာလမ်းတွင်မူ ယာဉ်များ၏အလေးချိန်သက်ရောက်မူသည် ကျဉ်းမြောင်းသောဧရိယာပေါ်သို့သာသက်ရောက်သဖြင့် အောက်ခံမြေလွှာတွင် ဝန်အလေးချိန်ဒဏ်ကိုပို၍ခံစားရပါသည်။
ကတ္တရာလမ်းဖြင့်ပြုလုပ်ထားသော Toll gateအဝင်လမ်းများနှင့် Car parking များတွင် ယာဉ်များဘရိတ်ဆောင့်နင်းမူများသောနေရာများ၌ ကတ္တရာလမ်းလှိုင်းတွန့်မူများကိုတွေ့ရှိနိုင်ပြီး ကွန်ကရိဖြင့်ပြုလုပ်ထားသော Toll gateအဝင်လမ်းနှင့်Car parkingများတွင်မူ မတွေ့ရှိရပါ။
Rigid pavementတွင် ကွန်ကရိ၏တောင့်တင်းခိုင်မာမူသည်အဓိကဖြစ်ကာ Flexible pavementတွင် ကျောက်လွှာများ၏စုပေါင်းအားသည် အဓိကကျပါသည်။
(၂)Durability
ကွန်ကရိလမ်း(Rigid pavement)သည် ကတ္တရာလမ်း(Flexible pavement)ထက် သက်တမ်းအားဖြင့်ကြာရှည်ခိုင်ခံမူရှိပါသည်။
အရည်အသွေးစံချိန်စံညွှန်းမှီသော ကွန်ကရိလမ်းတွင် တန်ပိုယာဉ်များဖြတ်သန်းမူမပြုပဲ စနစ်တကျလမ်းအသုံးပြုပါက အကြီးစားလမ်းပြုပြင်ခြင်းမပြုလုပ်ရပဲ သက်တမ်းအနှစ်(၃၀)ခန့်ကောင်းမွန်စွာအသုံးပြုနိုင်ပြီး ကတ္တရာလမ်းမှာမူ(၁၅)နှစ်ခန့်သာ အသုံးပြုနိုင်ပါသည်။ယေဘုယျအားဖြင့် ကွန်ကရိလမ်း၏သက်တမ်းမှာ ကတ္တရာလမ်းသက်တမ်းထက်(၂)ဆခန့် ခံနိုင်ရည်ရှိပါသည်။
အမေရိကန်ပြည်ထောင်စု Minnesotaပြည်နယ်တွင် နည်းပညာသစ်ဖြင့်တည်ဆောက်ထားသော ကွန်ကရိလမ်းကို အနှစ်(၆၀)ခန့် သက်တမ်းခံနိုင်ရည်ရှိမည်ဟု ခန့်မှန်းထားကြပါသည်။
(၃)Cost and Construction time
လမ်းခင်းခြင်းကုန်ကျစရိတ်ကိုနှိုင်းယှဉ်မည်ဆိုပါက ကွန်ကရိလမ်းခင်းခြင်းကုန်ကျစရိတ်သည် ကတ္တရာလမ်းခင်းခြင်းကုန်ကျစရိတ်ထက် ပိုမိုများပြားပါသည်။ကတ္တရာလမ်းတွင်ကနဦးတည်ဆောက်မူကုန်ကျစရိတ်(Initial Construction Cost)နည်းသော်လည်း ပြုပြင်ထိန်းသိမ်းရမူစရိတ်(Maintenance Cost)များပြားပါသည်။ကွန်ကရိလမ်းတွင်မူ ကနဦးတည်ဆောက်မူကုန်ကျစရိတ်(Initial Construction Cost)များသော်လည်း ပြုပြင်ထိန်းသိမ်းရမူစရိတ်(Maintenance Cost)နည်းပါးပါသည်။
သို့သော် ယနေ့အချိန်အခါတွင် ကတ္တရာကုန်ကြမ်းဖြစ်သော ရေနံဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ကွန်ကရိလမ်းနှင့်ကတ္တရာလမ်းတို့၏ ကုန်ကျစရိတ်ကွာခြားချက်နည်းပါးလာပါသည်။
ကတ္တရာလမ်းခင်းခြင်းကြာမြင့်ချိန်သည် ကွန်ကရိလမ်းခင်းခြင်းကြာမြင့်ချိန်ထက် တိုတောင်းနည်းပါးပါသည်။ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းပြီးဆုံးသည့်နေ့တွင်ပင် ယာဉ်များဖြတ်သန်းမူပြုလုပ်နိုင်သော်လည်း ကွန်ကရိလမ်းမှာမူ Setting timeပြည့်မှသာ ယာာဉ်များဖြတ်သန်းမူပြုလုပ်နိုင်ပါသည်။
(၄)Repair and Maintenance
ကတ္တရာလမ်းများအားမကြာခဏပြင်ဆင်ထိန်းသိမ်းပေးရန်လိုအပ်ပြီး ကွန်ကရိလမ်းများတွင်မူ မလိုအပ်လှပါ။ရာသီဥတုပြင်းထန်မူကြောင့် ကတ္တရာလမ်းများတွင်ပျက်စီးမူများပြားပြီး ကွန်ကရိလမ်းများတွင် ပျက်စီးမူနည်းပါးပါသည်။စက်ဆီချောဆီများလမ်းပေါ်တွင် ဖိတ်စင်ကျမူကြောင့် ကတ္တရာလမ်းများတွင်ပျက်စီးမူဖြစ်ပေါ်စေနိုင်သော်လည်း ကွန်ကရိလမ်းတွင်မူ ပျက်စီးမူမဖြစ်ပေါ်စေနိုင်ပါ။
သို့သော်လည်း ကတ္တရာလမ်းအားပြင်ဆင်ထိန်းသိမ်းရမူမှာလွယ်ကူပြီး ကွန်ကရိလမ်းပြင်ဆင်ရမူမှာ ပို၍ခက်ခဲပါသည်။ကတ္တရာလမ်းများ၏ အစိတ်အပိုင်းတခုခြင်းအား ပြင်ဆင်ထိန်းသိမ်းမူပြုလုပ်နိုင်ပါသည်။ထို့အပြင်ကတ္တရာလမ်းအလွှာပါးများအား မူလကတ္တရာလမ်းဟောင်းပေါ်တွင် ထပ်၍ထပ်၍ခင်းပေးနိုင်သော်လည်း ကွန်ကရိလမ်းတွင်မူ ဆောင်ရွက်ရန်မလွယ်ကူလှပါ။ကွန်ကရိလမ်းတနေရာတွင်ကျိုးပျက်ခဲ့ပါက ကျိုးပျက်သည့်အစိတ်အပိုင်းနေရာကိုသာကွက်ကာပြင်ဆင်၍မရပဲ Slabပြင်တခုလုံးအား ပြန်လည်ပြုပြင်ပေးရမည်ဖြစ်ပါသည်။
ကွန်ကရိလမ်းကောကတ္တရာလမ်းပါ လမ်းအက်ကြောင်းရာ(Crack line)များပေါ်ပေါက်တတ်ပြီး အဆိုပါအက်ကြောင်းများကိုပြုပြင်ပေးနိုင်ပါသည်။ကတ္တရာလမ်းအက်ကြောင်းများအားပြုပြင်ပေးရာ၌ လွယ်ကူစွာပြင်ဆင်နိုင်ပြီး မူလအခြေအနေသို့ပြန်လည်ရောက်ရှိအောင်ပြုပြင်ပေးနိုင်ပါသည်။ကွန်ကရိလမ်းများတွင်မူ အက်ကြောင်းများအား ကတ္တရာဖြင့်ပင်ဖာထေးပြုပြင်ပေးနိုင်ပြီး ကတ္တရာလမ်းကဲ့သို့မူလမျက်နှာပြင်ပုံစံမျိုးရရှိအောင်ပြုပြင်ပေးရန်မလွယ်ကူလှပါ။
(၅)Rolling
ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းတွင် လမ်းကြိတ်စက်ကြိတ်ခင်းခြင်းလိုအပ်ပြီး ကွန်ကရိခင်းခြင်းလုပ်ငန်းတွင် မလိုအပ်ပါ။
(၆)Expansion Joint
အပူချိန်ပြောင်းလဲမူကြောင့် ကျုံမူကျယ်ပြန့်မူ(Contract and expand)အားကတ္တရာလမ်းတွင် လွတ်လပ်စွာခွင့်ပြုပေးနိုင်သော်လည်း ကွန်ကရိလမ်းတွင်မူခွင့်ပြုမပေးနိုင်ပါ။ထို့ကြောင့်ကွန်ကရိလမ်းတွင် Expansion Jointများဆောင်ရွက်ပေးရန်လိုအပ်ပြီး ကတ္တရာလမ်းတွင် ဆောင်ရွက်ပေးရန်မလိုပါ။
(၇)Road Safety
ဘေးကင်းလုံခြုံမူအရကြည့်မည်ဆိုလျင်လည်း ဖြတ်သန်းသွားလာသည့်ယာဉ်များအတွက် ကတ္တရာလမ်းများသည် ပိုမို၍ဘေးကင်းမူရှိစေနိုင်ပါသည်။ကတ္တရာလမ်းများတွင် ကားဘီးတာယာ၏လမ်းမျက်နှာပြင်ပေါ်ကုတ်နိုင်မူအား(Traction)သည် ပိုမိုကောင်းမွန်သဖြင့် လမ်းချော်မူအန္တရာယ်ပိုမိုနည်းပါးစေနိုင်ပါသည်။
(၈)Fuel Consumption
ယာဉ်များ၏ဆီစားနှုန်းမှာ ကွန်ကရိလမ်းပေါ်မောင်းနှင်ခြင်းသည် ကတ္တရာလမ်းပေါ်မောင်းနှင်ခြင်းထက် ၁၅%မှ ၂၀%အထိ သက်သာနိုင်ပါသည်။ယာဉ်များ၏အလေးချိန်ကြောင့် ကားဘီးတာယာများ၏ကွေးညွတ်မူ(Deflection)သည် ကွန်ကရိလမ်းပေါ်၌မရှိသလောက်နည်းပါးမူကြောင့်ဖြစ်ပါသည်။
(၉)Greener Process
ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်ရာ၌ ကတ္တရာအားအရည်ပျော်စေရန် မီးအပူပေးရမူကြောင့် မီးခိုးငွေ့များထွက်ကာ ပတ်ဝန်းကျင်အားညစ်ညမ်းစေသော်လည်း ကွန်ကရိလမ်းခင်းခြင်းလုပ်ငန်း၌မဖြစ်ပေါ်စေပါ။
(၁၀)Saving and Natural Resources
ကတ္တရာအား ရေနံမှထုတ်ယူရခြင်းဖြစ်ပြီး ကမ္ဘာ့ရေနံအရန်သိုက်များမှရေနံထွက်ရှိမူမှာ သိသာစွာနည်းပါးလာနေပြီဖြစ်ပါသည်။ကွန်ကရိလုပ်ငန်းအတွက်လိုအပ်သော ဘိလပ်မြေမှာ နေရာအနှံပေါများစွာရရှိနိုင်သော ထုံးကျောက်တောင်များမှတဆင့်ထုတ်လုပ်ရခြင်းဖြစ်ပါသည်။
(၁၁)Recycle
လမ်းဟောင်းမှ စွန့်ပစ်ကတ္တရာအဟောင်းများအားအရည်ကြိုချက်ပေးခြင်းအားဖြင့် ထပ်ဆင့်ထပ်ဆင့်ပြန်လည်အသုံးပြုနိုင်ပါသည်။ကွန်ကရိလမ်းဟောင်းမှစွန့်ပစ်ကွန်ကရိအဟောင်းများအား ခွဲစိတ်ပေးခြင်းအားဖြင့်လည်း အောက်ခံအလွှာများတွင် ပြန်လည်အသုံးပြုပေးနိုင်ပါသည်။
(၁၂)Comfortability
သုတေသနပြုမူရလဒ်များအရ ကွန်ကရိလမ်းပေါ်ယာဉ်များဖြတ်သန်းသောအခါ တိုင်းတာတွေ့ရှိရသော တုန်ခါမူသည် ကတ္တရာလမ်းပေါ်ဖြတ်သန်းစဉ်တုန်ခါမူထက် ၃-၄ဆခန့်ပိုမိုတုန်ခါသည်ကိုတွေ့ရှိရပါသည်။(မျက်နှာပြင်ညီညာမူရှိသော ကွန်ကရိလမ်းနှင့် ကတ္တရာကွန်ကရိလမ်း(AC Road)တို့အား နှိုင်းယှဉ်ထားခြင်းဖြစ်ပါသည်။မျက်နှာပြင်ညီညာမူနည်းပါးသော Pen-Macကတ္တရာလမ်းကို တိုင်းတာထားခြင်းမဟုတ်ပါ။)
ကွန်ကရိလမ်းများတွင် Expansion Jointများရှိခြင်းကြောင့်လည်း တုန်ခါမူကိုပိုမိုဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ကြောင့်တုန်ခါမူနည်းပါးသော ကတ္တရာလမ်းများသည် ယာဉ်စီးနှင်းသူများအားသက်သောင့်သက်သာ(Comfortability)ပိုမိုဖြစ်ပေါ်စေနိုင်သည်ကို တွေ့ရှိရပါသည်။
(၁၃)Tire wearing and Noise
မျက်နှာပြင်ပိုမိုကြမ်းတမ်းမူနှင့် ပွတ်တိုက်စားမူ(Friction)များမူကြောင့် ကွန်ကရိလမ်းများတွင် ကားဘီးတာယာစားမူနှုန်းပိုများပြီး ဆူညံမူနှုန်းလည်းပိုမိုပါသည်။
(၁၄)Failure due to water effect
မိုးရေကြောင့် ကတ္တရာလမ်းများတွင် စွတ်စိုမူဖြစ်ကာ ကတ္တရာနှင့်လမ်းခင်းကျောက်များ၏ စွဲမြဲမူအားကို နည်းပါးလာစေပြီး ကတ္တရာကွာခြင်း(Stripping)ကိုဖြစ်ပေါ်စေနိုင်ပါသည်။ထိုကြောင့်ဝန်အလေးချိန်များသောယာဉ်များဖြတ်သန်းသည့်အခါ လမ်းခင်းကျောက်များရွေ့လျားမူမှတဆင့် ကတ္တရာလမ်းလှိုင်းတွန့်များဖြစ်ခြင်း(Corrugation)ကို ကြုံတွေ့လာရပါသည်။
ရေဝပ်မူကြောင့်ကားဘီးလမ်းတလျောက်တွင်နိမ့်ကျမူ(Rutting)ကိုလည်းဖြစ်ပေါ်စေပါသည်။ကတ္တရာလမ်းသားအောက်သို့ရေဝပ်ကာ ယာဉ်များဖြန်သန်းသောအခါ Pumping Effectကြောင့်လည်း ကတ္တရာလမ်းမျက်နှာပြင်တွင် အက်ကွဲကြောင်းများဖြစ်ခြင်း ၊ လမ်းပေါက်များဖြစ်ခြင်း(Pot holes)ကိုလည်း တွေ့ရှိရပါသည်။
အဆိုပါတွေ့ရှိချက်များကြောင့် ယခုအခါ မြန်မာနိုင်ငံတွင် မိုးများသောအရပ်ဒေသများ၌ ကတ္တရာလမ်းအစား ကွန်ကရိလမ်းများကို ပြောင်းလဲတည်ဆောက်လာကြပါသည်။
(၁၅)Aesthetic
ကတ္တရာလမ်းသည်အနက်ရောင်ရှိ၍ ကွန်ကရိလမ်းသည်အဖြူရောင်ရှိသော်လည်း"အလှအပဟူသည် ကြည့်ရှုသူ၏ မျက်ဝန်းပေါ်မူတည်သည်"(Beauty is in the eye of the beholder)ဟု ဆိုသည့်အတိုင်း မည်သည့်လမ်းအမျိုးအစားက ပို၍လှပမူရှိပါသည်ဟု ပုံသေပြောဆို၍မရနိုင်ပေ။
သို့ဖြစ်ပါ၍ ကတ္တရာလမ်းခင်းခြင်းနှင့် ကွန်ကရိလမ်းခင်းခြင်းလုပ်ငန်းတွင် ကောင်းကွက်များ(Advantages)နှင့် ဆိုးကွက်များ(Disadvantages)ရှိကြသဖြင့် မိမိတို့ဆောင်ရွက်မည့် ဒေသအခြေအနေ ရာသီဥတုအခြေအနေ ငွေကြေးအခြေအနေတို့ပေါ်မူတည်၍ သင့်လျော်မူရှိသော Pavementအမျိုးအစားအား ရွေးချယ်တည်ဆောက်ကြရမည်ဖြစ်ပါသည်။
Credit Htin Kyaw
Credit <<<<
ပြန်လည်ကူးယူဖော်ပြပါသည်။