Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

"နံရံမှာ ပတ်တီးကိုင်တဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာမျာ

February 20, 2023 776 views
"နံရံမှာ ပတ်တီးကိုင်တဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာမျာ

အဆောက်အအုံတစ်ခုရဲ့ အတွင်း၊အပြင်နံရံတွေကို ပတ်တီးကိုင်ခြင်းဟာ ဆေးသုတ်လုပ်ငန်းများမှာ မရှိမဖြစ် လိုအပ်တဲ့ အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ ဗိသုကာနယ်ပယ် ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ပတ်တီးအသုံးပြုမှုဟာ ကျယ်ပြန့်လာပါတယ်။ ဒီလိုပတ်တီးကိုင်တဲ့အဆင့်မှာ ပတ်တီးဆွဲရခက်ခြင်း၊ မျက်နှာပြင်အလွှာကွဲအက်ခြင်းနှင့် ကွာကျခြင်းစတဲ့ အရည်အသွေးဆိုင်ရာ ပြဿနာအမျိုးမျိုးကို ကြုံတွေ့ရလေ့ရှိကြပါတယ်။ ဒါကြောင့် ပတ်တီးကိုင်တဲ့အခါ အဖြစ်များလေ့ရှိတဲ့ ပြဿနာတွေနဲ့ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ 

  👉 ခြောက်သွေ့လွန်းသော (သို့) စိုစွတ်လွန်းသော အောက်ခံမျက်နှာပြင် တည်ဆောက်မှုကြောင့် ပတ်တီးကို အမှုန်များ ထစေခြင်း (သို့) ပတ်တီးပွစေခြင်း 

အတွင်းနံရံပတ်တီး အများစုကို Ca(OH)2 ဖြင့် တည်ဆောက်ထားပြီး ၎င်းအတွက် နံရံရဲ့ အခြေခံမျက်နှာပြင်နှင့် ဆောက်လုပ်ရေးပတ်ဝန်းကျင်မှာ မြင့်မားသော စိုထိုင်းဆ လိုအပ်ပါတယ်။ စိုထိုင်းဆ 25% ~ 75% အတွင်းမှာ ကယ်လ်စီယမ်ဟိုက်ဒရောဆိုဒ်ဟာ CaC03 ပုံဆောင်ခဲများကို ကျစ်လျစ်သောဖွဲ့စည်းပုံနဲ့ ဖြစ်ပေါ်လာစေဖို့ လေထဲက CO2, H2O တို့နဲ့ ကောင်းစွာ ဓါတ်ပြုနိုင်ပါတယ်။ စိုထိုင်းဆ များလွန်းတဲ့အခါ လေထဲမှာ CO2 ရဲ့ ပမာဏက ဆက်တိုက်ဆိုသလို နိမ့်လာပါတယ်။ စိုထိုင်းဆ နည်းလွန်းတဲ့အခါကြရင်တော့ HO က မလုံလောက်တော့ပါဘူး။ ဒါကြောင့် ရလဒ်အနေနဲ့ ဖြစ်ပေါ်လာတဲ့ CaCO3 ပုံဆောင်ခဲ ဖွဲ့စည်းပုံဟာ လျော့ရဲသွားပြီး ပတ်တီးရဲ့ အစွမ်းသတ္တိဟာလည်း အလွန်နည်းသွားကာ မာကြောခြင်း မရှိတော့ပါဘူး။ 

ဒီပြဿနာမျိုး မဖြစ်အောင် သင့်လျော်တဲ့ ဆောက်လုပ်ရေးပတ်ဝန်းကျင်မှာ ဆောက်လုပ်ဖို့၊ နံရံက ခြောက်သွေ့လွန်းနေရင် ရေဖြန်းပေးဖို့ လိုအပ်ပါတယ်။ စိုစွတ်လွန်းတဲ့ နံရံပေါ်မှာ ပတ်တီးကိုင်ခြင်းမျိုး မလုပ်ဖို့လည်း လိုအပ်ပါတယ်။ နံရံကို အချိန်အကြာကြီးပေးပြီး အခြောက်မခံနိုင်ဘူးဆိုရင် ဘိလပ်မြေအခြေခံ အပြင်ဘက်နံရံပတ်တီး (hydraulic putty) ကို အသုံးပြုသင့်ပါတယ်။ 

👉 ရောစပ်ပြီးသား ပတ်တီးကို အသုံးမပြုပဲ အချိန်အကြာကြီးဖွင့်ထားသောကြောင့် ပတ်တီးပျက်သွားခြင်း 

  ရောစပ်ထားပြီးသား ပတ်တီးရဲ့ မျက်နှာပြင်ဟာ လေနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့နေတဲ့အတွက် မျက်နှာပြင်ပေါ်မှာရှိတဲ့ Ca(oH)2 ဟာ လေထဲက CO နှင့် ပေါင်းစပ်သွားနိုင်ပါတယ်။ ဒီဓါတ်ပြုမှုဟာ CaC0 ကို ထုတ်ပေးပြီး ပုံဆောင်ခဲဖြစ်သွားစေပါတယ်။ တစ်ချိန်တည်းမှာပဲ အတွင်းနံရံရှိ ကော်လွိုင်ဒယ်လ် အစိတ်အပိုင်းများဟာ အလွှာပါးတစ်ချပ် ဖြစ်လာစေဖို့ လုံလောက်တဲ့ ရေဓာတ်ဆုံးရှုံးသွားမှာဖြစ်ပြီး ပတ်တီးဟာ ပျက်သွားမှာဖြစ်ပါတယ်။ ရောစပ်ထားတဲ့ ပတ်တီးကို နောက်တစ်နေ့မှာ အသုံးပြုလိုတယ်ဆိုရင်တော့ လေမထိအောင်၊ ရေမဆုံးရှုံးအောင် လုံခြုံစွာ အဖုံးပိတ်ပြီး သိမ်းဆည်းထားရမှာဖြစ်ပါတယ်။ 

 👉 အတွင်းနံရံပတ်တီးပေါ် ထပ်ခါတလဲလဲ ရေဖြန်းသောကြောင့် ပတ်တီးပွလာခြင်း၊ ကွာကျခြင်း 

အတွင်းနံရံပတ်တီး ခြောက်သွေ့မာကျောသွားပြီးနောက် ထပ်ခါတလဲလဲ ရေဖြန်းခြင်းဟာ ပတ်တီးများကို စိုလိုက်၊ ခြောက်လိုက်နဲ့ သံသရာလည်နေစေပါတယ်။ ဒါ့အပြင် အတွင်းပိုင်းနံရံပတ်တီးတွေအတွက် အသုံးပြုတဲ့ latex powder ဟာ ရေစိုမှုကို ခံနိုင်ရည်မရှိတဲ့ latex powder ဖြစ်ပါတယ်။ ဒါကြောင့် ပတ်တီးပွခြင်း၊ ကွာကျခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။ ဘိလပ်မြေအခြေခံ အပြင်နံရံ ပတ်တီးကတော့ ထပ်ခါထပ်ခါ ရေပက်ဖြန်းနိုင်ပြီး ရေဖြန်းခြင်းဟာ ဘိလပ်မြေအခြေခံ ပတ်တီးရဲ့ ခိုင်ခံ့မာကျောမှုကို တိုးစေပါတယ်။ 

👉 ရေရှည်စိုထိုင်းမှု ရှိနေသော အောက်ခံမျက်နှာပြင်ပေါ် ပတ်တီးသုတ်ခြင်းကြောင့် မျက်နှာပြင် မညီမညာဖြစ်ခြင်း၊ ပွထခြင်း
ထုံးကို အခြေခံထားတဲ့ ပတ်တီးကို စိုစွတ်နေတဲ့ အောက်ခံမျက်နှာပြင်ပေါ် သုတ်လိမ်းမယ်ဆိုရင် ပတ်တီးရဲ့ အပြင်ဘက်အလွှာမှာသာ ပုံဆောင်ခဲများ ဖွဲ့စည်းနိုင်ပြီး ကောင်းစွာ မာကျောနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အတွင်းဘက်ခြမ်းမှာတော့ ရေရှည်စိုထိုင်းဆကြောင့် ပုံဆောင်ခဲများ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အပေါ်ယံလွှာကိုသာ မာကျောစေပြီး အတွင်းပိုင်းကို မာကျောစေမှာ မဟုတ်ပါဘူး။ 

ဒါကြောင့် နံရံမျက်နှာပြင် ခြောက်သွေ့ပြီးမှသာ ပတ်တီးသုတ်လိမ်းရမှာဖြစ်ပါတယ်။ အကယ်၍ စိုစွတ်နေတဲ့ အောက်ခံမျက်နှာပြင်ပေါ် ပတ်တီးသုတ်လိမ်းလိုတယ်ဆိုရင်တော့ ဘိလပ်မြေအခြေခံ ပတ်တီးကို ရွေးချယ်သင့်ပါတယ်။ 

  

 👉 ပူဖောင်းငယ်များ ထခြင်း 

  အချို့သောနံရံများဟာ မျက်နှာပြင်ပေါ်မှာ ခြောက်သွေ့နေပုံရပေမဲ့ အတွင်းပိုင်းမှာ စိုထိုင်းနေတတ်ပါတယ်။ အထူးသဖြင့် လောလောလတ်လတ် ကွန်ကရစ်အချောထည်လောင်းထားတဲ့ (သို့) ဘိလပ်မြေအင်္ဂတေအချောထည် ပြုလုပ်ထားတဲ့ နံရံတစ်ခုရဲ့ မျက်နှာပြင်ဟာ နေသာတဲ့၊ ခြောက်သွေ့တဲ့ ရာသီဥတုမှာ အပေါ်ယံ ခြောက်သွေ့နေပေမဲ့ နံရံအတွင်းမှာ ရေများစွာ ရှိနေတတ်ပါတယ်။ နံရံရဲ့ အတွင်းပိုင်း စိုထိုင်းဆဟာ နံရံရဲ့ အပြင်ပိုင်းလေထု စိုထိုင်းဆထက် ပိုများလာတဲ့အခါ လေဖိအား ကွာခြားမှု ရှိလာမှာဖြစ်ပြီး အစိုဓာတ်ဟာ နံရံရဲ့ အပြင်ဘက်သို့ ပျံ့နှံ့သွားမှာဖြစ်ပါတယ်။ အကယ်၍ ဒီလိုအခြေအနေမှာ အတွင်းနံရံပတ်တီးကို သုတ်လိုက်မယ်ဆိုရင် ပူဖောင်းငယ်များ ချက်ချင်းပေါ်လာမှာဖြစ်ပါတယ်။ 

ဒါကြောင့် ပတ်တီးမသုတ်ခင် နံရံထဲမှာ အစိုဓါတ်ကို အငွေ့ပျံသွားစေဖို့ စောင့်ဆိုင်းရန် လိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့ အချိန်အလုံအလောက် မရခဲ့ဘူးဆိုရင်တော့ နံရံပေါ်မှာရှိတဲ့ အပေါက်လေးများကို ပိတ်ဆို့ဖို့အတွက် အစိုဓါတ်ရှိနေတဲ့ နံရံပေါ်မှာ ပထမဆုံးအကြိမ် ပတ်တီးကို ပါးပါးလွှာလွှာနဲ့ ကျစ်ကျစ်လျစ်လျစ် သုတ်လိမ်းပေးနိုင်ပါတယ်။ အဲ့ဒီနောက် 1st coat မခြောက်ခင်မှာပဲ 2nd coat ကို ချက်ချင်းထပ်မံသုတ်လိမ်းပြီး ပူဖောင်းထတဲ့ အရေအတွက်ကို သိသိသာသာ လျှော့ချနိုင်မှာဖြစ်ပါတယ်။ 

Credit: 3treespaintmm

 

Related Posts