Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

နိုင်ငံခြားသား (လုပ်ငန်းရှင်) များ နှစ်ရှည်အိမ်ငှားလို့ရလား

February 20, 2023 149 views
နိုင်ငံခြားသား (လုပ်ငန်းရှင်) များ နှစ်ရှည်အိမ်ငှားလို့ရလား

နိုင်ငံခြားသားအများစုအနေနဲ့ မြန်မာနိုင်ငံမှာ အခြေချပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင် ဆောင်ရွက် ကြရာတွင် ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်   ဥပဒေ   အရ လုပ်ငန်း ဆောင်ရွက်ရန် မြေနေရာ (အဆောက်အအုံ အပါအဝင်) ဝယ်ယူရန် ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ဥပစာ ငှားရမ်း၍ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြသည်။ အငှားချထား မည့်သူအနေဖြင့် နိုင်ငံခြားသား အား အငှားချထားခြင်းမပြုမီ အဆိုပါ နိုင်ငံခြားသားသည် မြန်မာနိုင်ငံအတွင်းသို့ မည်သည့် ဗီဇာဖြင့် ဝင်ရောက် လာသလဲဆိုသည့် အချက်ကို မဖြစ်မနေ စစ်ဆေးကြရပါမည်။ အလည်အပတ် ဗီဇာဖြင့် ဝင်ရောက်လာကြသည့် နိုင်ငံခြားသားအား ငှားရမ်းမိပါက ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။ အခြားသော ဗီဇာဖြင့် နေထိုင် မည့် နိုင်ငံခြားသား ဖြစ်ပါက အငှားချထားမည့်ကိစ္စကို စတင် ဆောင်ရွက်နိုင်ပြီး ယင်းသို့ ဆောင်ရွက်ရာတွင် ဖော်ပြပါ အချက်များကို ထည့်သွင်းသုံးသပ်ရမည်။ 

  

 ပထမဦးစွာ အငှားချထားမည့်သူအနေဖြင့် မိမိ၏ ဥပစာအား ကာလရှည် ငှားရမ်းမှု ဆောင်ရွက်၍ မရသည်ကို အထူး သတိပြုရန် လိုအပ်ပါသည်။ 

 ဒုတိယအားဖြင့် အငှားချထားမည့်သူနှင့် ငှားရမ်းသူတို့အကြား သဘောတူစာချုပ်တွင် နှစ်ဦး နှစ်ဖက်၏ တာဝန် ဝတ္တရားများနှင့် အခွင့်အရေးများကို အတိအလင်း ထည့်သွင်းချုပ်ဆိုကြရ မည် ဖြစ်ပါသည်။ 

 တတိယအားဖြင့် အဆိုပါ သဘောတူစာချုပ်အား တစ်ဖက်ဖက်မှ ဖောက်ဖျက်ပါက မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်သွားကြမည်ဆိုသည့် အချက်ကို ထည့်သွင်းစဉ်းစားထားကြရမည် ဖြစ်ပါသည်။ 

 စတုတ္ထအနေဖြင့် အဆိုပါ သဘောတူစာချုပ်အား နှစ်ဖက် သက်သေများရှေ့တွင် ဝန်ခံ လက်မှတ် ရေးထိုးပြီး ချုပ်ဆိုကြရန် ဖြစ်ပါသည်။

၁၉၈၇ ခုနှစ် မရွှေ့ မပြောင်းန်ိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ ၅ တွင် အငှားချထားသူအနေဖြင့် မိမိ၏ဥပစာအား တစ်နှစ်ထက်ကျော်လွန်ငှားရမ်းမှုအား ဆောင်ရွက်ခြင်းမပြုရန် အတိ အလင်း တားမြစ်ထားပါသည်။ အငှားချထားသူအနေဖြင့် သတိမမူမိဘဲ မိမိ၏ဥပစာအား တစ်နှစ်ထက်ကျော်လွန် ပြီး အငှားချထားမိပါက ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းန်ိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ ၁၂ အရ ငှားရမ်းခ၏ ၃ ဆ ထက် မနည်းသော ငွေဒဏ် ချမှတ်ခြင်း ခံရနိုင်သည့်အပြင် အငှားချထားသော မိမိ၏ ဥပစာအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကို ခံရနိုင်ပါသည်။ 
 

ခြွင်းချက်အနေဖြင့် နိုင်ငံခြားသားများအား ကွန်ဒိုအခန်းများအား ငှားရမ်းခြင်း၊ ပေါင်နှံခြင်း သို့မဟုတ် ခွင့်ပြုချက်ဖြင့် ထားပိုင်ခွင့်တို့နှင့်စပ်လျဉ်းပြီး ဆောင်ရွက်နိုင်ကြောင်းနှင့် စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို)၏ ၄၀%ထက်မပိုသော အခန်းများကို ရောင်းချနိုင်ကြောင်းကို ၂၀၁၆ ခုနှစ် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ၊ ပုဒ်မ ၂၆ (ဃ) တွင် အတိအလင်း ပြဌာန်းထားသောကြောင့် အဆိုပါကိစ္စများနှင့်စပ်လျဉ်းပါက ကာလ သတ်မှတ်ချက်များမရှိဘဲ ဆောင်ရွက်နိုင်ပါသည်။ 

ထို့ကြောင့် နိုင်ငံခြားသားများကို မိမိ၏ အိမ်ခြံမြေ ဥပစာအား ငှားရမ်းရာတွင် ဥပဒေနှင့် ညီညွတ်မှုရှိစေ ရေး အထူးဂရုပြု ဆောင်ရွက်ကြရန်နှင့် မိမိ၏ ပေါ့ဆမှု၊ သတိမမူမိမှုကြောင့် မမျှော်လင့်ဘဲ မိမိ၏ ပိုင်ဆိုင်မှုများ ထိခိုက် ဆုံးရှုံးခြင်းတို့မှ ကာကွယ်နိုင်ရန်အတွက် သတိပြု ဆောင်ရွက်ကြစေလိုပါသည်။
 

Related Posts