Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အဓိကအဆောက်အဦးအမျိုးအစားများ

February 22, 2023 284 views
အဓိကအဆောက်အဦးအမျိုးအစားများ

လုပ်ငန်းခွင် ၀င်မည့် Engineer တွေအနေနဲ့ အဆောက်အဦးနဲ့ ပတ်သက်တာတွေကို ဘယ်လို စပြီးလေ့လာကြမလဲ ?

အခြေခံ ကစပြီး လေ့လာကြမယ်….ဒီမှာပြောချင်တာက Engineer တစ်ယောက်အနေနဲ့ ကိုယ်က ဘယ်လိုင်းကိုသွားမှာလဲ?

ဒါသိပ်အရေးကြီးပါတယ်… Design အပိုင်း ကို သွားမှာလား?

Construction ပိုင်းကိုသွားမှာလား?

ဘယ်လိုင်း ကိုပဲသွားသွား သေချာတာကတော့ သဘောတရား နဲ့ လက်တွေ့ အမြဲ ယှဉ်ပြီး လေ့လာရမှာပါ…

သဘောတရားမပါတဲ့ လက်တွေ့ နဲ့ လက်တွေ့မပါတဲ့ သဘောတရား ဟာ အရမ်း အန္တရာယ်များပါတယ်…

Construction လောကမှာ တစ်ခါတလေ Design က OKပေမဲ့ တကယ့် လက်တွေ့မှာ လုပ်ရကိုင်ရခက်တာတွေ ကတော်တော်များပါတယ် ပါ၀င်လုပ်ဆောင်ကြတဲ့ ကာယ လုပ်သားတွေရဲ့ ကျွမ်းကျင်မှု ကလည်း အတော်လေး အရေးပါ အရာရောက်ပါတယ်…

Construction ဆိုတာ အဆောက်အဦးပဲ လာလာ လမ်းပဲဖြစ်ဖြစ် တံတားပဲ ဆောက်ဆောက်…

ငွေထုတ်နိုင်တဲ့Owner…Design ဆွဲတဲ့သူ …. Construction Site Engineer … ကာယလုပ်သား..နောက်ဆုံးသန့်ရှင်းရေးပါမကျန်…လူပေါင်းစုံုံ အလွှာပေါင်းစုံ ပါ၀င်ပြီးမှ ဖန်တီးရတဲ့ အနုပညာ ဖြစ်နေလို့ပါ…

အခုကတော့ Building ပိုင်းနဲ့ ပတ်သက်တာတွေကို Sharing လုပ်ပေးပါမယ်…

အဆောက်အဦး ဘယ်နှမျိုးရှိလဲ?

အဓိက ကတော့ ( ၆ ) မျိုးရှိပါတယ်….

( ၁ ) ယာယီအဆောက်အဦး ( Temporary Building ) ( ၂ ) သစ်သားအဆောက်အဦး ( Timber Building ) ( ၃ ) အုတ်အဆောက်အဦး ( Brick Pillar Building ) ( ၄ ) အုတ်ညှပ် အဆောက်အဦး( Brick Nogging Building ) ( ၅ ) သံကူကွန်ကရစ်အဆောက်အဦး ( Reinforcing Concrete Building ) ( ၆ ) သံမဏိ အဆောက်အဦး ( Steel Structure Building ) တို့ပဲဖြစ်ပါတယ်….

( ၁ ) ယာယီအဆောက်အဦး ( Temporary Building )

 

ယာယီအဆောက်အဦး ( Temporary Building ) ကို ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လမ်းလုပ်ငန်းတွင် အများဆုံးတွေ့ရတက်ပါတယ်…လူတို့ က တစ်ရာသီစာ နားခိုနေနိုင်ရန်… ယာယီအဆောက်အဦးများကို တည်ဆောက်ပြီး နေထိုင်ကြပါတယ်… ၄င်း ကို တိုင်အဖြစ် ဝါး၊မဒမတိုင်၊သစ်ပေါင်းတိုင်၊သစ်သားတိုင်၊ မျောတိုင်များကို အသုံးပြုကြပြီး…အမိုး အတွက် ထုပ် ( Coller )၊ ယောက် ( Post Plate )၊ ဒိုင်း ( Rafter )၊ မြား ( Purlin ) တို့ကို ဝါး၊သစ်များဖြင့် အသုံးပြုကြပါတယ်…အမိုး ချပ် ကို တော့ ဝါးကပ်၊ သက်ကယ်မိုး၊ ဓနိမိုး များ အ သုံးပြု ကြပြီး…အကာ အဖြစ်ကတော့ ဝါးထရံ ကို အသုံးပြုကြပါတယ်…

ဒါ့အပြင် မြန်မာလူမျိုးက ဘုရားပွဲ မှာ ဇာတ်ပွဲ တွေခင်းကျင်း ဖို့အတွက် ဝါးနှင့် သစ် ကို အသုံးပြုပြီး ယာယီ ဇာတ်ပွဲရုံတွေ တည်ဆောက်ကြပါတယ်…ယနေ့ခေတ်မှာတော့ ခန်းနားလှပတဲ့ ယာယီ ဇာတ်ပွဲ ရုံတွေ မြင်ရဖို့ အတော် လေးခက်သွားပါပြီး…အဲဒီဇာတ်ပွဲရုံတွေမှာ ဝါးရဲ့ လိုရာပုံသွင်းနိုင်တဲ့ Flesible ဖြစ်တဲ့ ဂုဏ်သတ္တိ ကိုတွေ့ မြင်နိုင်ပြီး ပရိတ်သတ် ကြည့်ရူမည့် နေရာမှာ အမိုးတွက် ထောက်တိုင် လုံး၀ မပါပ ဲ “ဂ” ငယ်ပုံ အခုံး ကို မြေပြင်ကစလို့အကျယ်ပေ၁၀၀၊ ပေ၂၀၀ ကနေအမြင့်ပေ ၅၀လောက် သာသာလေး တည်ဆောက် နိုင်ပါတယ်…Space အကျယ်ကြီး နဲ့ ပေါ့ အမိုးကိုတော့ ဝါးထရံ ချပ်တွေ မိုးလို့ပေါ့

ယခုနောက်ပိုင်းမှာတော့ ဝါးနဲ့ အဆောက်အဦး လှလှလေးတွေ အများကြီး ဖန်တီးပြီး တည်ဆောက်လာကြပါတယ်…

( ၂ ) သစ်သားအဆောက်အဦး ( Timber Building )

သစ်သားအဆောက်အဦး ( Timber Building )ကို တည်ဆောက်ရာတွင် အဓိကအားဖြင့် သစ်ကိုသာ အသုံးပြုကြပါတယ်…. တိုင်အဖြစ် သစ်သားတိုင်များကို အသုံးပြုကြပြီး…အမိုး အတွက် ထုပ် ( Coller )၊ ယောက် ( Post Plate )၊ ဒိုင်း ( Rafter )၊ မြား ( Purlin ) တို့ကိုပါ သစ်များဖြစ် အသုံးပြုကြပါတယ်…အမိုး ချပ် ကို တော့ သွပ်အမိုး၊ ဘိလပ်မြေ အမိုးပြား၊ မန်ဂလို အုပ်ကြွပ်ပြားများ ကိုအသုံးပြု ကြပြီး…အကာ အဖြစ်ကတော့ ဝါးထရံ၊ ပျဉ်လှဲကာနံရံ ( ပျဉ်တုံးလုံးကာ နံရံ )၊ တေ့ဆက်ကြံဖတ်အုပ်နံရံ၊ ပျဉ်ထောင်ကာနံရံ၊ လျှာထိုးနံရံများ ကို အသုံးပြုကြပါတယ်…အခင်းအတွက် ယက်မ ( Beam )၊ ဆင့် ( Joint ) တွေကိုလည်း သစ် ကို သာသုံးပြီး ၊ ကြမ်းခင်းကိုတော့ ၆”x ၀.၅” ပျဉ်ချပ် ၊လျှာထိုး အခင်းများဖြင့် တည်ဆောက်ကြပါတယ်… မြန်မာနိုင်ငံတွင် လူနေအိမ်မှ အစ သာသနာ ပိုင်းဆိုင်ရာ ဘုန်းကြီးကျောင်း များပါ မကျန် သစ်သား အဆောက်အဦး များ ကိုတွေ့မြင်နိုင် ပါတယ်… တချို့ အဆောက်အဦးတွေ ဆိုရင် လက်သမားပညာ ဆက်ရွေးဆက်၊ ဆက်ရွေးတိုင် ဖောက်ထားတာ တွေ က ပညာသားပါလှပါတယ်… ဦးကြင်ဥ ရဲ့ မြန်မာ့ သစ်အိမ်လေးမှာ ဆိုရင် လေ့လာစရာတွေ များလှ ပါတယ်… ဒီနေရာမှာ တစ်ခုပြောချင်တာက ယနေ့ ကမ္ဘာ မှာ ခောတ်စားနေ တဲ့ Green Building ဆိုတာ သစ် နဲ့ ဝါးကို အခြေခံ ပြီး တည်ဆောက်ထားတဲ့ အဆောက် အဦးတွေလည်းပါ ပါတယ်…မြန်မာ ပြည် ရာသီဥတုနဲ့တော့ အရမ်းကို ကိုက်ညီတဲ့ အဆာက်အဦးပါ… သစ်တောထွက်ပစ္စည်းများကို သဘာ၀အတိုင်း အသုံးပြီး တည်ဆောက်ထားတာဖြစ်တဲ့အတွက် အပူဒဏ် ကာကွယ်ပေး ပြီး နေရတာလည်း အေးပါတယ်

( ၃ ) အုတ်အဆောက်အဦး ( Brick Piller Building )


အုတ်အဆောက်အဦး ( Brick Piller Building )ကို တည်ဆောက်ရာတွင် အဓိကအားဖြင့် အုပ်မြစ်ချရာမှ စပြီး အုတ်ကိုအသုံးပြုကြပါတယ်…. တိုင်အဖြစ် အုတ်တိုင်များကို အသုံးပြုကြပြီး…အမိုး အတွက် ထုပ် ( Coller )၊ ယောက် ( Post Plate )၊ ဒိုင်း ( Rafter )၊ မြား ( Purlin ) တို့ကိုပါ သစ်များဖြစ် အသုံးပြုကြပါတယ်…အမိုး ချပ် ကို တော့ သွပ်အမိုး၊ ဘိလပ်မြေ အမိုးပြား၊ မန်ဂလို အုတ်ကြွပ်ပြားများ ကိုအသုံးပြု ကြပြီး…အကာ အဖြစ်ကတော့ ၄.၅” အထူ ၊ ၉” အထူ အုတ်နံရံများကာကြပြီး…အခင်းအတွက် Cement Concrete Floor ကို ခင်းကြပါတယ်၊ တစ်ချို့ ကတော့့ Cement Concrete Floor ပေါ် ကနေ ၆”x ၀.၅” ပျဉ်ချပ် ၊လျှာထိုး ၊ ပါကေး အခင်းများဖြင့် ခင်းကြပါတယ်…များသော အားဖြင့် တစ်ထပ်အဆောက်အဦးကိုသာ တည်ဆောက်ကြပါတယ်…

( ၄ ) အုတ်ညှပ် အဆောက်အဦး( Brick Nogging Building)

အုတ်ညှပ် အဆောက်အဦး( Brick Nogging Building ) ကို တည်ဆောက်ရာတွင် အုတ်မြစ်ချရာ တွင်သာ အုတ်ကိုအသုံးပြုကြပြီ တိုင်အဖြစ် သစ်တိုင်များကို အသုံးပြုကြပြီး…အမိုး အတွက် ထုပ် ( Coller )၊ ယောက် ( Post Plate )၊ ဒိုင်း ( Rafter )၊ မြား ( Purlin ) တို့ကိုပါ သစ်များဖြစ် အသုံးပြုကြပါတယ်…အမိုး ချပ် ကို တော့ သွပ်အမိုး၊ ဘိလပ်မြေ အမိုးပြား၊ မန်ဂလို အုပ်ကြွပ်ပြားများ ကိုအသုံးပြု ကြပြီး…အကာ အဖြစ်ကတော့ ၄.၅” အထူ ၊ ၉” အထူ အုတ်နံရံများကာကြပြီး …အခင်းအတွက် Cement Concrete Floor ကို ခင်းကြပါတယ်၊ တစ်ချို့ ကတော့့ Cement Concrete Floor ပေါ် ကနေ ၆”x ၀.၅” ပျဉ်ချပ် ၊လျှာထိုး ၊ ပါကေး အခင်းများဖြင့် ခင်းကြပါတယ်…တစ်ထပ်မှ နှစ်ထပ် အိမ်အထိ တည်ဆောက်ကြပါတယ်…အပ်ါထပ်အတွက် ကြမ်းခင်းကိုတော့ ယက်မ ( Beam )၊ ဆင့် ( Joint ) တွေကိုလည်း သစ် ကို သာသုံးပြီး ၊ ကြမ်းခင်းကိုတော့ ၆”x ၀.၅” ပျဉ်ချပ် ၊လျှာထိုး အခင်းများ ခင်း ကြပါတယ်…

 

( ၅ ) သံကူကွန်ကရစ်အဆောက်အဦး ( Reinforcing Concrete Building )

သံကူကွန်ကရစ်အဆောက်အဦး ( Reinforcing Concrete Building ) တည်ဆောက်ရာတွင် အုတ်မြစ်ချရာ မှ စပြီး တိုင် ( Column )၊ ယက်မ ( Beam ) ၊ ကြမ်းခင်း ( Floor )၊ လှေကား ( Stair ) အစ သံကူကွန်ကရစ် ဖြင့်တည်ဆောက်ပြီး …အကာ အဖြစ်ကတော့ ၄.၅” အထူ ၊ ၉” အထူ အုတ်နံရံများကာကြပြီး … ယနေ့ ခေတ် နေရာ အနှံအပြားမှာ တွေ့မြင်နိုင်ပြီး အထပ်မြင့် အဆောက်အဦးပေါင်းများစွာ Design ဆန်းပေါင်းများစွာ … မြင်တွေ့ရပြီး .. Construction Method ပေါင်းများစွာ ဖြင့် တည်ဆောက်နေကြပါတယ်…

 

( ၆ ) သံမဏိ အဆောက်အဦး ( Steel Structure Building )


သံမဏိ အဆောက်အဦး ( Steel Structure Building )ကို တည်ဆောက်ရာတွင် အုတ်မြစ်ချရာ တွင်သာ သံကူကွန်ကရစ်ကိုအသုံးပြုကြပြီ တိုင် ( Column )၊ ယက်မ ( Beam ) ၊ အမိုး အတွက် ထုပ် ( Coller )၊ ယောက် ( Post Plate )၊ ဒိုင်း ( Rafter )၊ မြား ( Purlin ) တို့ ကို Steel Member ( H Beam, I Beam, Angle Iron, C Channel, MS Plate ) တွေနဲ့ တည်ဆောက်ကြပါတယ်… အခင်းကတော့ Decking Sheet နဲ့ သံကူကွန်ကရစ် ကို ခင်းကြပါတယ်… အများ အား ဖြင့် စက်ရုံတွေ တည် ဆောက်ကြပြီး ယခုနောက်ပိုင်းတော့ လူနေအိမ်များပါ တည်ဆောက် လာ ကြပါတယ်… သံမဏိ အဆောက်အဦး ( Steel Structure Building )ကတော့ တည်ဆောက်ရာမှာ အမှားလုံး၀ မခံပဲ အတော်လေး ကို ဂရုပြု တည်ဆောက်ရပါတယ်….

Credit to original uploader

Related Posts