Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မင်္ဂလာဦးအတွက် အိမ်အသစ်ဝယ်တော့မယ်ဆိုရင် သတိထားစရာများ

February 28, 2023 120 views
မင်္ဂလာဦးအတွက် အိမ်အသစ်ဝယ်တော့မယ်ဆိုရင် သတိထားစရာများ

မင်္ဂလာဆောင်တော့မယ်ဆိုရင် မင်္ဂလာပွဲအတွက်လည်းပြင်ရဆင်ရသလို မင်္ဂလာဆောင်ပြီးရင် နှစ်ယောက်တစ်ဘဝကို ဘယ်မှာထူထောင်ကြမလဲ၊ ဘယ်အိမ်မှာနေမှာလဲ ဆိုတာမျိုးတွေ ကြိုစဉ်းစားထားရပါတယ်။ စုံတွဲတော်တော်များများကတော့ မင်္ဂလာဆောင်ပြီးရင်နေဖို့အိမ်၊ကား ဆိုတာမျိုးတွေ နေရာတကျစီစဉ်ပြီးမှ ရက်ရွေးပြီးမင်္ဂလာပွဲအတွက်စတင်ပြင်ဆင်ကြတာများပါတယ်။

ဒီနေ့တော့ Shwe Property က တူနှစ်ဖြာလက်တွဲတော့မယ့် စုံတွဲတွေအတွက် မင်္ဂလာဦးအိမ်အသစ်ဝယ်တော့မယ်ဆိုရင် သတိထားရမယ့်အချက်လေးတွေကိုပြောပြပေးလိုက်ပါတယ်။

(၁) အိမ်ခန်းကို အသစ်ဝယ်ပါ 

မြန်မာတွေရဲ့အယူမှာ ဘဝအသစ်စတဲ့အခါ အရာအားလုံးအသစ်ဖြစ်ရမယ်ဆိုပြီး ခန်းဝင်ပစ္စည်းတွေ၊ နေမယ့်တိုက်ခန်း၊အိမ်တွေ အသစ်စက်စက်တွေ ဝယ်ကြတဲ့ ထုံးစံရှိပါတယ်။ တိုက်ခန်းကို အသစ်ဝယ်မယ်၊ အိမ်အသစ်ဆောက်ပြီး နေမယ်ဆိုရင် ကိုယ့်အရှေ့မှာ အိမ်မှာ အခြားနေသွားတဲ့သူတွေမရှိတဲ့အတွက် ရှေ့ကသူတွေရဲ့အရိပ်အငွေ့တွေကင်းစင်တဲ့ ကိုယ့်မိသားစုအတွက် သီးသန့်အိမ်အသစ်တစ်လုံးမှာ ဘဝကို 100% အသစ်စလို့ရမှာဖြစ်ပါတယ်။ 

(၂) အိမ်အတွက် ငွေအပိုဆောင်ထားပါ 

အိမ်အသစ်ဝယ်လိုက်ပြီဆိုရင် ချက်ချင်းတန်းပြီး လူနေလို့ရတာ ရှားပါတယ်။ အိမ်ကို မင်္ဂလာဦးဇနီးမောင်နှံအတွက် အဆင်သင့်ဖြစ်အောင် ကိုယ့်အကြိုက်နဲ့ထပ်တူကျအောင် ပြင်ရဆင်ရမှာတွေအပြင် အိမ်ရဲ့အချို့အရာတွေပြင်ရတာ၊ ရေစည်၊ မော်တာ စတာတွေကို ပြင်ရတာတွေလိုမျိုး နေကြည့်မှသိမယ့် ကုန်ကျစားရိတ်တွေရှိနိုင်တာကြောင့် အိမ်ဝယ်တဲ့နေရာမှာ ပိုက်ဆံတွေအကုန်မသုံးပစ်လိုက်ဘဲ ငွေအပို ဆောင်ထားသင့်ပါတယ်။ 

(၃) အိမ်ဝယ်ရင် အလျှော့မပေးပါနဲ့

အိမ်ရောင်းမယ့်သူကို စျေးဆစ်ဖို့ပြောတာမဟုတ်ပါဘူး။ မင်္ဂလာဦးမှာ နေမယ့် အိမ်က ဇနီးမောင်နှံနှစ်ယောက်စလုံးအတွက််အဆင်ပြေမယ့်အိမ်ဖြစ်ဖို့လိုပါတယ်။ ဥပမာ နှစ်ယောက်စလုံးမှာ အလုပ်ရှိတယ်ဆိုရင် နှစ်ယောက်လုံးရဲ့အလုပ်နဲ့နီးမယ့်နေရာ၊ စျေးသွားရမယ့်သူအတွက် စျေးနဲ့နီးမယ့်နေရာ စသဖြင့် နှစ်ယောက်စလုံးအတွက် ရေရှည်နေထိုင်ဖို့ အဆင်ပြေတဲ့နေရာဖြစ်ဖို့လိုပါတယ်။ တကယ်လို့ အိမ်ဝယ်တဲ့အချိန်မှာ တစ်ဖက်ဖက်က အလျှော့ပေး၊ အနစ်နာခံပြီး ဝယ်ဖို့သဘောတူညီလိုက်ပြီဆိုရင် အိမ်ကိုပြောင်းရွှေ့နေပြီးတော့မှ နေထိုင်လာရင်းနဲ့ အဆင်မပြေဖြစ်လာတဲ့အခါ နှစ်ယောက်ကြားက ဆက်ဆံရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။



(၄) အနာဂတ်ကိုမျှော်တွေးပြီီးမှ ဝယ်ပါ 

အိမ်မဝယ်ခင် ဒီအိမ်မှာ ကိုယ်နောက်ထပ် (၁၀) နှစ်လောက်အထိ နေချင်ရဲ့လား၊နေလို့အဆင်ပြေပါ့မလားဆိုတာမျိုး တွေးဖို့လိုပါတယ်။ လက်ရှိမှာ နှစ်ယောက်တည်းကမ္ဘာတည်ဆောက်ပြီး နွေးထွေးပြီး ချစ်ဖို့ကောင်းတဲ့ အိမ်သေးသေးလေးနဲ့နေမယ်လို့ စိတ်ကူးပေမယ့် နောက်ထပ် (၁၀)နှစ်မှာ သားသမီး (၃) ယောက်မွေးဖို့အစီအစဉ်ရှိမယ်၊ မွေးဖို့ဖြစ်လာနိုင်မယ်ဆိုရင် ကလေးတွေအတွက် ကိုယ်ပိုင်အခန်းတွေရှိတဲ့ အိမ်မျိုးလိုအပ်လာပါပြီ။ ဒါကြောင့် အိမ်ဝယ်တော့မယ်ဆိုရင် ကိုယ်ကြိုက်တဲ့အိမ်ထက် နည်းနည်းပိုကျယ်တဲ့အိမ်ကိုဝယ်ရမယ်လို့ ပြောစမှတ်ပြုကြတာပါ။

(၅) ကိုယ်လိုချင်တဲ့အိမ်ပုံစံ သတ်မှတ်ထားပါ 

ကိုယ်က ဘယ်လိုအိမ်မျိုးကြိုက်တယ်၊ ဘယ်နေရာမှာ အခန်းဘယ်နှစ်ခန်းပါတဲ့ ဘယ်လိုပုံစံအိမ်မျိုးလိုချင်တယ်ဆိုတဲ့ ကိုယ်ဝယ်ချင်တဲ့အိမ်ရဲ့အဓိက အရေးကြီးတဲ့ အချက်တွေကို ချစ်သူနှစ်ယောက်တိုင်ပင်ပြီး အရင် သတ်မှတ်ထားဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲအိမ်လှလှလေး နေလို့ကောင်းတဲ့အိမ်လေးဆိုပြီး ရှာလို့ကတော့ ပွဲစားတွေရဲ့ ပါးစပ်စကားမှာမျောပါသွားပြီး ဝယ်လိုက်မိတဲ့အိမ်ကြီးက တကယ်တမ်း စိတ်ထဲက သိပ်ကြိုက်မနေတဲ့ အိမ်မျိုးဖြစ်နေတတ်ပါတယ်။ 

နှစ်ယောက်တစ်ဘဝအတူထူထောင်ဖို့အတွက်အိမ်ဝယ်တော့မယ်ဆိုရင် အရေးအကြီးဆုံးအချက်ကတော့ တစ်ယောက်ကိုတစ်ယောက်ပွင့်လင်းဖို့နဲ့ မိဘဆွေမျိုးတွေရဲ့အချို့စကားတွေကိုနားမယောင်ဘဲ တစ်ယောက်အတွက်တစ်ယောက်ကိုယ်ချင်းစာနာပြီးတွေးပေးဖို့ပါပဲ။ ဘဝတစ်ခုအတူထူထောင်တော့မယ့် စုံတွဲလေးတွေအားလုံး ကိုယ့်စိတ်ကူးထဲက အိမ်လေးကို ပိုင်ဆိုင်နိုင်ပြီး သာယာတဲ့ ဘဝလးကိုနှစ်ယောက်အတူလျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

Credit to original uploader

Related Posts