Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ပန်းသီး ပိုင်ရှင် Steve Job အကြောင်း

March 3, 2023 590 views
ပန်းသီး ပိုင်ရှင် Steve Job အကြောင်း

ပန်းသီး ပိုင်ရှင် Steve Job
အမည်      -    Steve Job
မွေးနေ့      -    ၁၉၅၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်
မွေးရပ်မြေ   -   အမေရိကန်နိုင်ငံ

လူတွေရဲ့ ဘဝကို ပြောင်းလဲပစ်ခဲ့တဲ့ ပန်းသီး သုံးလုံးရှိပါတယ်။ Adam’s Apple ၊ ကမ္ဘာ့ဆွဲငင်အားကို စတင်တွေ့ရှိခဲ့တဲ့ Newton’s Apple ပြီးတော့ အခုနည်းပညာခေတ်မှာ Steve Job ‘s Apple တို့ဖြစ်ပါတယ်။ ဒီပန်းသီး သုံးလုံးထဲက နောက်ဆုံး ပန်းသီးရဲ့ ပဲ့ကိုင်ရှင်၊ ကျွန်တော်တို့ရဲ့ သီချင်း နားထောင်ခြင်း အလေ့အကျင့်ကို iPod ဖြင့် ပြောင်းလဲစေခဲ့သူ၊ ဂီတ လောကကို iTunes ဖြင့် လှုပ်ခါနိုင်ခဲ့သူ၊ ဖုန်းယဉ်ကျေးမှုကို iPhone ဖြင့် အစားထိုးခဲ့တဲ့ တီထွင် ဖန်တီးသူကြီး Steve Job အကြောင်း မိတ်ဆက်ပေးပါမယ်။ ၂၁ ရာစုရဲ့ အကြီးကျယ်ဆုံး တီထွင် ထုတ်လုပ်သူ တစ်ဦးလို့ ဆိုလို့ရတဲ့ Steve Jobs ကို ၁၉၅၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က San Francisco မြို့တော်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးမိခင်က တက္ကသိုလ် ကျောင်းသား တစ်ဦး ဖြစ်ပြီး သူ့ရဲ့ မွေးဖခင်ကတော့ နိုင်ငံရေး သိပ္ပံနဲ့ သင်္ချာဌာနရဲ့ ပါမောက္ခ တစ်ဦး ဖြစ်ပြီး လက်မထပ်ဘဲနဲ့ မွေးခဲ့တဲ့ ကလေး ဖြစ်တာကြောင့် မွေးစားဖို့ သူတပါးကို ပေးလိုက်ကြပါတယ်။ ပညာတတ် ကျောင်းသူ တစ်ဦး ဖြစ်တဲ့ မိခင်က ကလေးကိုလဲ ပညာတတ် မိဘတွေကိုပဲ မွေးစားစေချင်ပေမယ့် မွေးစားမိဘ Paul နဲ့ Clara Jobs တို့က သူမရဲ့ မျှော်မှန်းချက်နဲ့ မကိုက်ညီခဲ့ပါဘူး။ Paul ဟာ အထက်တန်း ကျောင်းတောင် မပြီးခဲ့တဲ့ မက္ကင်းနစ် တစ်ဦးပါ။ နောက်ဆုံးတော့ ကလေးကို ကောလိပ်ကျောင်း ရောက်အောင် ထားပေးမယ် ဆိုတဲ့ ကတိကြောင့် သူတို့ကိုပဲ မွေးစားဖို့ ပေးလိုက်ရပါတယ်။ Paul နဲ့ Clara တို့က Jobs ကို Steven Paul လို့ခေါ်ခဲ့ကြပါတယ်။ နောက်သုံးနှစ် အကြာ Steve လမ်းလျှောက်တတ်ခါစ အရွယ်မှာ သူတို့စုံတွဲဟာ Silicon Valley ကို ပြောင်းရွှေ့သွားကြ ပါတယ်။

Steve ငယ်ငယ်က ခပ်ဆိုးဆိုး ကလေး တစ်ယောက်ပါ။ သူ Grade 4 ရောက်တော့ သူ့ကို ပြောင်းလဲပေးမယ့် ဆရာ Teddy Hill နဲ့တွေ့မှ ကျောင်းကို ပြန်စိတ်ဝင်စားလာခဲ့တာပါ။ သူတက်တဲ့ ကျောင်းက သိပ်မကောင်း တဲ့အပြင် တခြားကလေးတွေရဲ့ အနိုင်ကျင့်တာကိုလဲ ခံခဲ့ရပါတယ်။ နောက်ဆုံး သူ့ကို တခြားကျောင်း ပြောင်းမပေးရင် ကျောင်းထွက်မယ်လို့ မွေးစားမိဘတွေကို ပြောခဲ့ပါတယ်။ Paul နဲ့ Clara တို့က သဘောတူပြီး တခြား Junior High School တစ်ခုကို ပြောင်းပေးခဲ့ရပါတယ်။ Steve ဟာ ငယ်ငယ်ကတည်းက အဲ့ဒီလို ဆုံးဖြတ်ချက် ပြတ်သားခဲ့တာပါ။ အထက်တန်းကျောင်း ရောက်တဲ့အခါမှာတော့ သူဟာ electronic အတန်းကို တက်ဖို့ လျှောက်ခဲ့ပြီး သူ့ဆရာ Mr.Mc Collum နဲ့တွေ့ဆုံခဲ့ပါတယ်။ နွေရာသီမှာ HP Company ရဲ့စက်ရုံမှာ အလုပ်ဝင် လုပ်ခဲ့ပြီး သူ့ရဲ့ စီးပွားရေးမှာ စွန့်စားလိုစိတ်ဟာ အဲဒီအရွယ်ကတည်းက စတင်ခဲ့တာပါ။ အဲဒီနောက်မှာ Steve ဟာသူငယ်ချင်း တစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုနဲ့ ကွန်ပျူတာဂျပိုး Stephen Wozniak (ခေါ်) Woz နဲ့တွေ့ဆုံ ခင်မင်ခဲ့ပြီး Woz ဟာအဲဒီ အချိန်တုန်းက computer board တစ်ခုကို တပ်ဆင်နေတာ ဖြစ်ပါတယ်။ Steve ကလဲ အဲဒါကို တော်တော်လေး စိတ်ဝင်စားခဲ့ပါတယ်။ အဲဒီတုန်းက သူတို့ဟာ အသက် ၁၄နှစ်နဲ့ ၁၉နှစ်ပဲ ရှိကြပါသေးတယ်။ ဒီဆယ်ကျော်သက်လေးတွေက Computer hacker တွေ ပြုလုပ်ထားတဲ့ နယ်ဝေး ဖုန်းခေါ်ဆိုမှုကို အခမဲ့ ရအောင် ပြောင်းပေးတဲ့ blue boxes လေးတွေ အကြောင်း ကြားမိတဲ့အခါ စာအုပ်ထဲကနေ ဖတ်ပြီး သူတို့လက်တွေ့ တပ်ဆင်ကြည့်ကြပါတယ်။ အောင်မြင်သွားပြီး Steve ကစီးပွားဖြစ် Steve Jobsတစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ရောင်းချဖို့ အကြံရပါတယ်။ တရား ဥပဒေနဲ့ မညီညွတ်တာကြောင့် ရဲဖမ်းတော့မှ သူတို့ လုပ်ငန်းကို ရပ်နားလိုက်ပါတယ်။ Steve အထက်တန်းကျောင်း ပြီးသွားတဲ့အခါ သူဟာ Oregon ပြည်နယ်က Reed ကောလိပ်ကို သွားခဲ့ပါတယ်။ သူ့မွေးစား မိဘတွေဟာ ငွေကြေး သိပ်မတတ်နိုင်ပေမယ့် သူ့ရဲ့ မွေးမိခင်ကို ပေးခဲ့တဲ့ ကတိအတိုင်း ဈေးကြီးတဲ့ ကျောင်းကို ထားပေးခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ်လောက်မှာ Steve ဟာငွေလိုလာတာကြောင့် Video Game Company တစ်ခုဖြစ်တဲ့ Atari မှာအလုပ်ဝင်ခဲ့ပြီး Pinball စက်ကို တီထွင်ခဲ့တဲ့ Atari တည်ထောင်သူ Nolan Bushnell ကိုအားကျခဲ့တာပါ။ သူဟာ အဲဒီကတည်းက ကိုယ်ပိုင် electronic စီးပွားရေး လုပ်ငန်းကို လုပ်ချင်တဲ့ စိတ်ကူး ရှိခဲ့တာပါ။ Steve ဟာ Germany အထိသွားပြီး Atari ရဲ့စက်တွေကို ပြင်ဆင်ပေးခဲ့ရသလို အိန္ဒိယကိုလဲ ပညာရှာဖို့ သွားခဲ့ပါသေးတယ်။ အဲဒီအချိန်တွေမှာ Woz က အင်ဂျင်နီယာတွေ စုစည်းရာ HP company မှာအလုပ်လုပ်နေခဲ့ပြီး keyboard ရယ်၊ screen ရယ်နဲ့ တွဲဖက် သုံးနိုင်တဲ့ chips အနည်းငယ်သာ ပါဝင်တဲ့ ကိုယ်ပိုင် computer board တစ်ခုကို တီထွင် နိုင်ခဲ့ပါတယ်။
Steve ကအင်ဂျင်နီယာပိုင်းနဲ့ ပတ်သက်ပြီး သိပ်မသိပေမယ့် Woz နဲ့တိုင်ပင်ပြီး software ရေးဖို့အတွက် computer သုံးချင်ကြတဲ့ သူတွေအတွက် computer တွေ တပ်ဆင် ရောင်းချခဲ့ပါတယ်။ အဲဒီတုန်းက Steve က ဘာပြောခဲ့သလဲ ဆိုတော့ “တို့ပိုက်ဆံတွေ အရှုံးပေါ်ခဲ့ရင်တောင် ကိုယ်ပိုင် company ဆိုတာ ရှိသွားပြီ။ ဘဝမှာ ပထမဆုံး ကိုယ်ပိုင် company ဖြစ်ပြီပေါ့” တဲ့။ သူတို့ ကုမ္ပဏီ အတွက် လိုအပ်တဲ့ငွေ ဒေါ်လာ တစ်ထောင်ကို Steve ရဲ့ Volkswagen ကားနဲ့ Woz ရဲ့ HP 65 calculator ရောင်းပြီး ရှာဖွေခဲ့ရပါတယ်။ ကုမ္ပဏီ နာမည်ကို အမျိုးမျိုး စဉ်းစားပြီး နောက်ဆုံးမှာ Apple လို့ပေးခဲ့ပါတယ်။ ပထမဆုံး မှာယူသူက Byte Shop Computer စတိုးဆိုင် ပိုင်ရှင်ပါ။ သူက ကွန်ပျူတာ အလုံးငါးရာ မှာပြီး တစ်လုံးကို ဒေါ်လာငါးရာ ပေးတာကြောင့် သူတို့ဟာ ဒေါ်လာ နှစ်သောင်းခွဲကို စတင် ရရှိပါတယ်။ ကွန်ပြူတာ တစ်လုံးအတွက် အမှန်တကယ် ကုန်ကျငွေက ဒေါ်လာ ၂၂၀ ဖြစ်ပြီး ဆိုင်ရောင်းဈေးက ဒေါ်လာ ၆၆၀ပါ။ သူတို့ နှစ်ယောက်က တစ်ဆိုင်ပြီး တစ်ဆိုင် သွားပြီး လိုက်ရောင်းချခဲ့ရပါတယ်။ ဒါက Apple ကွန်ပျူတာရဲ့ အစပါ။ နောက်တော့ Ron Wayne လို့ခေါ်တဲ့ သူတစ်ယောက်ပါ ပါဝင်လာပြီး သုံးယောက် ပေါင်းပြီး ၁၉၇၆ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ Apple company ကိုစတင် တည်ထောင်ခဲ့ကြပါတယ်။

အဲဒီအချိန်မှာပဲ Woz ကသုံးရတာ ပိုမြန်ပြီး ရုပ်ထွက် resolution ကောင်းကောင်း ပါတဲ့ colour TV တွေနဲ့ တွဲသုံးလို့ ရတဲ့ Apple II ကို ဒီဇိုင်းထွင်နေခဲ့ပြီး ထုတ်ဖို့ အဆင်သင့်ဖြစ်တဲ့ အချိန်မှာ Steve ကရင်းနှီး မြှပ်နှံမယ့် ငွေရှင်တွေကို လိုက်လံ ရှာဖွေပါတယ်။ Mike Markkula ဆိုတဲ့ Steve Jobs ရှယ်ယာရှင်နဲ့ တွေ့ပြီး သူက ဒေါ်လာနှစ်သိန်းခွဲ အရင်းထည့်ပါတယ်။ Mike က apple ကို ကြေငြာချင်တာကြောင့် ကြော်ငြာသမားတွေနဲ့ ဆက်သွယ်ပါတယ်။ Steve ကတော့ logo ကိုချစ်စဖွယ် ပုံစံမျိုး မဖြစ်စေချင်တာကြောင့် design ဆရာက ပန်းသီးကို ခရမ်းချဉ်သီးနဲ့ မတူအောင် ကိုက်ရာလေး ထည့်ပေးလိုက်ပါတယ်။ ပြီးတော့ Apple ရဲ့ color graphics capability ကိုသက်သေပြဖို့ အရောင်စုံ အစင်းတွေ ထည့်လိုက်ပါတယ်။ သူတို့ရဲ့ Apple II ကို West Coast ကွန်ပျူတာ ပြပွဲမှာ ဝင်ရောက် ပြသခဲ့ပြီး သူတို့ကို လူကြိုက်များ သွားစေတာက VisiCalc လို့ခေါ်တဲ့ spreadsheet software ကြောင့်ပါ။ အဲဒီခေတ်က Personal Computer ဆိုတာ မရှိတော့ စာရင်းအင်းနဲ့ အလုပ်လုပ်ရတဲ့ သူတွေက အလုအယက် ဝယ်ယူကြပါတယ်။ Steve လည်း ချမ်းသာသွားပါတယ်။ ကုမ္ပဏီကလည်း ပိုကြီးလာပြီး ရှယ်ယာရှင်တွေလည်း တိုးလာပါတယ်။ သူတို့ထဲက ကွန်ပျူတာ သိပ္ပံပညာရှင် Raskin ကစပြီး ပေါင်မုန့် မီးကင်စက် (toaster) တစ်လုံးလို အသုံးပြုရလွယ်တဲ့ ကွန်ပျူတာ ဖြစ်အောင် ဖန်တီးဖို့ စိတ်ကူး ရပြီး အဲဒီ project ကို Apple Macintosh လို့နာမည် ပေးလိုက်ပါတယ်။

Steve ကတော့ ဒီပရောဂျက်ထဲမှာ မပါဝင်ပါဘူး။ သူ့မှာ Lisa ဆိုတဲ့ ပရောဂျက် သက်သက် ရှိပါတယ်။ ဒီ Lisa ဆိုတဲ့ နာမည်က Steve ရဲ့အထက်တန်း ကျောင်းတုန်းက ရည်းစားရဲ့ သမီး ကလေး နာမည်ပါ။ အဲဒီကလေးက Steve ရဲ့ကလေးမှန်း တော်တော် များများက လက်ခံခဲ့ကြပေမယ့် Steve ကတော့ တူးတူးခါးခါးကြီးကို ငြင်းခဲ့ပြီး ချမ်းသာနေပေမယ့်လည်း ကလေး စရိတ် ပေးဖို့ကို ငြင်းဆိုခဲ့ပါတယ်။ ဒါတွေ ဖြစ်ခဲ့တာတောင်မှ အဲဒီပရောဂျက်ကို Lisa လို့ပေးခဲ့ပြီး မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ လက်စားချေတဲ့ အနေနဲ့ Steve က Macintosh ပရောဂျက်ကို အားထည့်ပြီး လုပ်ဆောင်ပါတယ်။ ပိုပြီး သေးငယ် ဈေးသက်သာပြီး icons တွေ၊ drop-down တွေနဲ့ mouse တွေ ပါဝင်လာပြီး သုံးနှစ်ကျော် အချိန်ယူခဲ့ရတာပါ။ ၁၉၈၄ ခုနှစ်မှာ Macintosh ကိုကုမ္ပဏီရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ မိတ်ဆက်ခဲ့ပြီး ပစ္စည်း စဖြန့်တဲ့အခါ အရမ်းပဲ အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နှစ်အကြာမှာ ထိုးဆင်းလာတဲ့ အရောင်းစံချိန်နဲ့ အတူ အကွဲအပြဲ ဇာတ်လမ်းက စလာပါတယ်။

Steve ကအရောင်းကျတယ် ဆိုတာကို လက်မခံခဲ့ပါဘူး။ Steve နဲ့အရမ်း ရင်းနှီးခဲ့တဲ့၊ Macintosh ပရောဂျက် အတွက် အားဖြည့်ဖို့ ခေါ်ယူခဲ့တဲ့ CEO John Sculley တို့နှစ်ယောက်ကြားမှာ မခေါ်မပြောတဲ့အထိ ဖြစ်သွား ခဲ့တာပါ။ Steve Jobs ဒါရိုက်တာ အဖွဲ့ဝင်တွေက John Sculley ဘက်က ရပ်တည်ခဲ့ပြီး Steve ကို chairman နေရာမှာ ဆက်ထားခဲ့ပေမယ့် ဘာမှ လုပ်ကိုင်ခွင့်မပေးတော့တာဟာ သူ့ကို ချောင်ထိုးလိုက်တဲ့ သဘောမျိုးပါ။ Apple ကို သူ့ဘဝလို့ ခံယူထားတဲ့ Steve က နောက် ၄ လအကြာမှာ အရင်က Apple ဝန်ထမ်းဟောင်းတွေနဲ့ ကုမ္ပဏီ တစ်ခု ထာင်လိုက်ပါတယ်။ သူ့ရဲ့ အကြံအစည်တွေကို Apple ဘက်က သိသွားတဲ့အခါမှာ သူ့ကို အရေးပါတဲ့ အချက်အလက်တွေ ပေါက်ကြားစေတယ်လို့ တရားစွဲပါတော့တယ်။ ဒီကြား ကာလတွေမှာ Steve ရဲ့မိသားစု ဘဝမှာလဲ အရေးပါတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ သူဟာ သူ့ကို မွေးခဲ့တဲ့ မိခင်၊ ဖခင် အရင်းတွေကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီအချိန်က သူ့အမေရင်း Joanne Carole Schieble ဟာ အသက် ထင်ရှား ရှိနေဆဲပါ။ သူမဟာ Steve ကိုမွေးပြီး နောက်မှာ သူ့ရဲ့အဖေနဲ့ ခဏတာ လက်ထပ်ပြီး သူ့အစ်မ Mona Simpson ကိုလဲ မွေးခဲ့ပါသေးတယ်။ Mona ဟာငယ်ရွယ်ပေမယ့် စာပေ ဆုပေါင်းများစွာ ရခဲ့တဲ့ Anywhere But Here ဆိုတဲ့ စာအုပ်ကို ရေးသားသူ ဖြစ်ပါတယ်။ သူ့အစ်မရင်းဟာ အနုပညာရှင် စာရေးဆရာ တစ်ယောက် ဖြစ်နေတာကြောင့် Steve က အံ့အားသင့်သွားပါတယ်။ Steve က ၁၉၈၅ ခုနှစ်မှာ ရှယ်ယာတွေ အားလုံး ရောင်းချပြီး Apple ကထွက်ခဲ့ပါတယ်။ ဒါပေမယ့် သူ့မှာ အကြံရှိပြီးသား ဖြစ်ပြီး NeXT နဲ့ပူးပေါင်းလိုက်ပါတော့တယ်။ NeXT ကိုအကောင်းဆုံး ဖြစ်စေချင်တဲ့ ရည်မှန်းချက် မြင့်မြင့် ထားခဲ့တာပါ။ အမှန်တကယ်လည်း NeXT Cube က တကယ် ကောင်းပေမယ့်လည်း ဈေးကြီးလွန်းနေပါတယ်။ ဝယ်သူဘက်က ဒေါ်လာ ၃၀၀၀ လောက်ပဲ သုံးချင်ပေမယ့် ဒေါ်လာ တစ်သောင်း လောက်ထိ ကျသင့်နေတာကြောင့် မရောင်းရပါဘူး။ ကုမ္ပဏီကလည်း ယိုင်လာပြီး နောက်ဆုံး hardware ကနေ software ဘက်ကို ကူးပြောင်းလိုက်ပါတော့တယ်။ Steve က နောက်တစ်ကြိမ် အရှုံးနဲ့ ထပ်ရင်ဆိုင်လိုက်ရတော့ အလုပ်တွေဘက် စိတ်လျှော့လိုက်ပြီး မိသားစုဘက် အချိန်ပေးပါတော့တယ်။ သူ့ဇနီး Laurene နဲ့ ၁၉၉၁ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး Reed ဆိုတဲ့ သားတစ်ယောက် ရှိပါတယ်။ နောက်တော့ Pixer နဲ့ဇာတ်လမ်း စပါတယ်။ အဲဒီအချိန်မှာ George Lucas က လင်မယား ကွာရှင်း စရိတ်ကြောင့် ငွေလိုနေတာကြောင့် သူ့ Lucasfilm ရဲ့ computer graphics ဋ္ဌာနကို ရောင်းချပါတယ်။ Apple က ရှယ်ယာတွေကို ရောင်းချလိုက်တဲ့အခါ Steve လက်ထဲမှာ ငွေအများကြီး ရှိနေပြီးတော့ အဲဒီအရောင်းအဝယ်ကို သူက စိတ်ဝင်စားပါတယ်။ ၁၉၈၆ ခုနှစ်မှာ အဲဒီဋ္ဌာနကို ဝယ်လိုက်ပြီး Pixar ဆိုတဲ့ နာမည်နဲ့ ပူးပေါင်း ဆောင်ရွက်ပါတယ်။

Pixar မှာလည်း hardware ပိုင်းက အလုပ် မဖြစ်ခဲ့ပါဘူး။ ဒါနဲ့ software ကုမ္ပဏီ အဖြစ် ပြောင်းလဲခဲ့ပြီး 3D TV ကြော်ငြာတွေ လုပ်ပြီး ငွေရှာခဲ့ပါတယ်။ အလှည့်အပြောင်းက Disney နဲ့ computer-animated ဇာတ်ကားတွေ ထုတ်ဖို့ သဘောတူခဲ့ရာက စပါတယ်။ Disney ရဲ့ marketing ပိုင်း ပံ့ပိုးမှုနဲ့ အတူ Toy Story ကာတွန်းကားက အောင်မြင်ခဲ့ပါတယ်။ Pixar ကို ၉ နှစ်လုံးလုံး အိတ်စိုက်ခဲ့ရတဲ့ Steve ကခုမှ အကျိုး ပြန်ခံစားရတာပါ။ Toy Story ရဲ့အောင်မြင်မှုနဲ့ အတူ Pixar ရဲ့ရှယ်ယာ တန်ဖိုးတွေက Wall Street မှာတက်လာပါတယ်။ Pixar ရဲ့ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့ Steve ကဒေါ်လာ ၁.၅ ဘီလီယံထိ ချမ်းသာ သွားပါတော့တယ်။ အဲဒီပမာဏက ၁၉၈၀ ခုနှစ်တုန်းက Apple မှာ သူရှာဖွေခဲ့တဲ့ ပမာဏထက် ငါးဆလောက် ပိုများပါတယ်။ Steve ဘက်က အခြေအနေ ကောင်းနေပေမယ့် Apple ကတော့ ပြောင်းပြန်ပါ။ ၁၉၉၅ ခုနှစ်မှာ Microsoft ရဲ့ Windows 95 ထွက်လာခဲ့ပြီး Macintosh ကို အထိနာစေခဲ့ပါတယ်။ CEO အသစ် Gil Amelio ရောက်လာခဲ့ပြီး မလိုအပ်တဲ့ အသုံးစရိတ်တွေ ဖြတ်တောက်ပစ်ပြီး OS အသစ်ကို ရေးမယ့် အစား ရှိပြီးသား တစ်ခုကို ဝယ်ယူမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ နောက်တော့ NeXT ရဲ့ OS ဖြစ်တဲ့ NeXTSTEP ကိုဒေါ်လာ $400 million နဲ့ဝယ်ယူလိုက်ပြီး Steve လည်း Apple ကိုပြန်ရောက် သွားပါတော့တယ်။ Steve ပြန်ရောက်ပြီး ပထမ ၄ ပတ်မှာ Apple က $700 million အရှုံးပေါ်ခဲ့ပြီးနောက် CEO Gil Amelio လည်းပြုတ်သွားပါတယ်။ ဒီကာလတွေက Steve အတွက်တော့ အင်မတန် ခက်ခဲတဲ့ အချိန်တွေပါ။ Board အဖွဲ့က ဒါရိုက်တာတွေကို ပြန်လည် ဖွဲ့စည်း၊ အရေးကြီးတဲ့ Steve Jobs ဆုံးဖြတ်ချက်တွေ ချခဲ့ပြီး Steve ကိုယ်တိုင်လည်း CEO ရာထူးကို ပြန်ရခဲ့ပါတယ်။ Mac OS X နဲ့ The Digital Hub strategy ကြောင့် Apple က ပြန် ဦးမော့လာသလို retail stores တွေကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့တာကလည်း မှန်ကန်ခဲ့ပြီး Apple က လမ်းကြောင်းမှန်ပေါ် ပြန်တက်လာပါပြီ။ အဲဒါက ၂၀၀၀ ခုနှစ်ပိုင်း လောက်မှာပါ။ ဒါ့အပြင် လူငယ်ပိုင်းက ရုပ်ရှင်တွေဘက်ကနေ MP3 သီချင်းတွေဘက်ကို အားသန် လာတာကို သတိထားမိတဲ့ Steve က သူ့ကုမ္ပဏီ ဦးတည်ချက်ကို ရုပ်ရှင်တွေ ဘက်ကနေ တေးဂီတ ဘက်ကို ပြောင်းလဲလိုက်ပြီး iTunes ပေါ်ပေါက်လာပါတယ်။ ခက်တာက သူနဲ့တွဲသုံးမယ့် player တွေက အဆင်မပြေ တာပါ။ ၂၀၀၁ ခုနှစ် မတ်လမှာ Apple တံဆိပ်နဲ့ MP3 player ကိုထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီး အောက်တိုဘာမှာတော့ ချစ်စရာ အဖြူရောင် player ကိုမိတ်ဆက်ခဲ့ပြီး ’1,000 songs in your pocket’ လို့ကြွေးကြော်ခဲ့ပါတယ်။ ဒီပစ္စည်း သေးသေးလေးက ကုမ္ပဏီရဲ့ အနာဂတ်ကို ပြောင်းလဲပစ်နိုင်မယ်လို့ အဲအချိန်က Steve အပါအဝင် ဘယ်သူမှ မထင်မှတ်ထားခဲ့ပါဘူး။

ရေကန် အသင့်၊ ကြာအသင့် လို့ဆိုရမှာပါ။ အဲ့အချိန်မှာ လူတွေက သီချင်း နားထောင်ဖို့ player ကောင်းကောင်း တောင့်တနေချိန်မှာ iPod ထွက်လာခဲ့ပြီး ဈေးကြီးပေမယ့်လည်း လူတွေက အလုအယက် အားပေးကြပါတယ်။ Apple ကလည်း သီချင်းတွေ ဘက်က အကျိုးအမြတ် ရနိုင်မှန်း သိသွားတဲ့အခါမှာ တရားနည်းလမ်း ကျကျ သီချင်းတွေ ဒေါင်းလုတ် လုပ်ဖို့ Label တွေနဲ့ ညှိနှိုင်း ဆွေးနွေးပြီး iTunes Music Store ကိုဧပြီ ၂၀၀၃ မှာ စခဲ့ပါတယ်။ နောက်တော့ iPod mini, iPod shuffle, iPod nano, iPod video တွေဆက်ထုတ်ပြီး ‘iPod nation’ ကိုတည်ထောင်ခဲ့ပါတယ်။ Apple ဘက်က ထိုးတက်ခဲ့သလို Pixer ဘက်ကလည်း Disney နဲ့ပေါင်းပြီး A Bug’s Life (1998), Toy Story 2 (1999), Monsters Inc. (2001) နဲ့ Finding Nemo (2003) စတဲ့ ရုပ်ရှင်တွေနဲ့ အောင်မြင်မှုတွေ ဆက်တိုက် ရလာပါတယ်။ ဒါတွေနဲ့ မရပ်တန့်သွားပါဘူး။ Steve ကိုယ်တိုင် ပြောခဲ့ဖူးတဲ့ သူ Apple ကိုပြန်လာရတဲ့ အကြောင်းအရင်းက Apple နဲ့ကမ္ဘာကြီးကို ပိုကောင်းတဲ့ နေရာ ဖြစ်အောင် တည်ဆောက်မယ်။ Apple မရှိလို့ မဖြစ်တဲ့ ကမ္ဘာတစ်ခုလို့ ဆိုသလိုပဲ သူနောက်ထပ် ရွေ့လိုက်တဲ့ အကွက်က Touch Screen နည်းပညာ ဘက်ပါ။

၂၀၀၇ မှာတော့ iPod, ဖုန်းနဲ့ အင်တာနက်ကို ပစ္စည်း တစ်ခုတည်းနဲ့ သုံးလို့ရမယ့် iPhone ထွက်လာပြီး Steve ရဲ့ career မှာအကောင်းဆုံးနဲ့ အမှတ်တရ အရှိဆုံး ပစ္စည်း တစ်ခု သာမက လူတွေရဲ့ ဖုန်းယဉ်ကျေးမှု၊ ဖုန်းဈေးကွက်ကိုပါ ပြောင်းလဲပစ်ခဲ့ပါတယ်။ iPod တုန်းကလိုပဲ Steve က ဖုန်းဝန်ဆောင်မှု carrier ဖြစ်တဲ့ AT&T ညှိပြီး လုပ်ဆောင်ပါတယ်။ iPhone က ဈေးမြင့်ပေမယ့်လည်း အောင်မြင်ပြီးသားပါ။ ဒီအောင်မြင်မှုမှာ iPhone App Store ရဲ့အကျိုး သက်ရောက်မှုတွေ ပါဝင်သလို developer တွေကလည်း iPhone apps တွေ ရေးလာတာတွေကြောင့်လည်း တခြား ကုမ္ပဏီတွေ လိုက်မမှီအောင် ရှေ့က ပြေးနိုင်ခဲ့တာပါ။ ၂၀၀၇ ခုနှစ်မှာတော့ စတော့ တစ်ခုရဲ့ တန်ဖိုးဟာ $199.99 အထိ ရှိခဲ့ပြီး $1.58 billion အထိ အကျိုးအမြတ် ရရှိခဲ့ပြီး အကြွေးကင်းရှင်းတယ် လို့ကုမ္ပဏီက ခပ်ကြွားကြွားလေး ပြောဆိုနိုင်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ Apple ရဲ့ဝင်ငွေ တစ်ဝက် လောက်က iTunes နဲ့ iPod ကလာတာ ဖြစ်ပြီး iPod အလုံးပေါင်း သန်း ၂၀၀ နဲ့ သီချင်းပေါင်း ၆ ကုဋေလောက် download ပြုလုပ်ရာမှ ရရှိတာ ဖြစ်ပါတယ်။ ဒီလိုအချက်တွေကြောင့် Fortune မဂ္ဂဇင်းက ပေးတဲ့ နံပါတ် ၁ နေရာ ရခဲ့ပါတယ်။

Apple ဘက်က အောင်မြင်မှု ထိပ်တန်း ရောက်ချိန်မှာ ကျဆင်းလာတာက Steve ရဲ့ကျန်းမာရေး အခြေအနေပါ။ ၂၀၀၃ အောက်တိုဘာမှာ Steve ရဲ့ပန်ကရိယမှာ အကျိတ် တည်နေတာကို တွေ့ရှိခဲ့ပါတယ်။ ခွဲစိတ် ကုသလို့ ရနိုင်ပေမယ့်လည်း Steve Jobs က ၉ လ ကြာအောင် ကုဖို့ ငြင်းနေခဲ့ပြီးှ ၂၀၀၄ သြဂုတ်လမှ Stanford Medical Center မှာ ခွဲစိတ်မှု ခံယူခဲ့တာပါ။ နောက် ၅ နှစ်လုံးလုံး ကျန်းမာနေပုံ ပေါက်ပြီး ကင်ဆာကို ကုသ ပျောက်ကင်းသွားခဲ့ပြီလို့ ထင်မှတ်ခဲ့ကြပါတယ်။ ၂၀၀၈ ခုနှစ်မှာ ပိန်ချုံးနေတဲ့ Steve ကိုမြင်တော့ အားလုံးက အံ့အားသင့်သွားကြပါတယ်။ Apple ကခြောက်လလောက် ခွင့်ယူခဲ့ပြီး အသည်း အစားထိုး ကုသခဲ့ပါတယ်။ ၂၀၀၉ နွေမှာ မပြီးပြတ်သေးတဲ့ iPad ပရောဂျက်ကို အချောသတ်ဖို့ Apple ကို စိတ်အားထက်သန်စွာနဲ့ ပြန်လာခဲ့ပါတယ်။ ၂၀၁၀ မှာတော့ သူ့ရဲ့ နောက်ထပ် ဂုဏ်ယူရမယ့် iPad ထွက်ရှိလာပါတယ်။ ဒီကြားထဲမှာ သူ့ကျန်းမာရေး အခြေအနေက တက်လိုက်၊ ကျလိုက် အခြေအနေပါ။ ဒါပေမယ့် Apple ရဲ့တကယ့် အရေးကြီး ပွဲနှစ်ပွဲ ဖြစ်တဲ့ iPad 2 နဲ့ iCloud မိတ်ဆက်ပွဲတွေကို ပြုလုပ်ခဲ့ပါသေးတယ်။

Steve ကသူ့ကျန်းမာရေး အခြေအနေကို သူသိပြီး Apple ကို သူမရှိလည်း ပုံမပျက် ဆက်သွားနိုင်အောင် ကြိုတင် စီမံခဲ့ပါတယ်။ ‘Apple University’ တည်ထောင်ခဲ့သလို သူရဲ့ နောက်ဆက်ခံသူ Tim Cook ကိုလည်း Board အဖွဲ့တွေနဲ့ သဘော တူညီမှုယူ ရွေးချယ်ခဲ့ပါတယ်။ Steve ကို လူမြင်ကွင်းမှာ နောက်ဆုံး တွေ့ခဲ့ရတာက ၂၀၁၁ ဇွန်မှာပါ။ ကျဆင်းလာတဲ့ ကျန်းမာရေး အခြေအနေကြောင့် သြဂုတ် ၂၄ မှာ Apple CEO အဖြစ်က အနားယူခဲ့ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး စီမံခဲ့သလို သူ့ကိုယ်ပိုင် ဘ၀ အတွက်လည်း အစီအစဉ်တွေ ထားရှိခဲ့ပါတယ်။ ဂျာနယ်လစ် Walter Isaacson နဲ့သူ့ရဲ့ ပထမဆုံး ကိုယ်ရေးစာအုပ် အတွက် အင်တာဗျူး ခံခဲ့ပါတယ်။ မိသားစုနဲ့ ခရီးထွက်ဖို့ သဘောၤ တစ်စီးကို ကိုယ်တိုင် ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့ပေမယ့်လည်း သေခြင်းတရားက လက်ဦးသွားပါတယ်။ အောက်တိုဘာလ ၄ ရက်မှာ Apple ရဲ့ iPhone 4S မိတ်ဆက်ပွဲကို ကုတင်ပေါ်က ကြည့်ခဲ့ပြီး နောက်တစ်ရက် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာတော့ Steve Job ကမိသားစုဝင်တွေ ဝန်းရံလျက် Palo Alto ကနေအိမ်မှာ အေးချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။ ဆယ်စုနှစ် တစ်ခုစာ ကင်ဆာရောဂါကို ရင်ဆိုင်ခဲ့ရပြီး ကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ်သာ ရှိပါသေးတယ်။

Apple က Steve Jobs ကွယ်လွန်ကြောင်း ကြေညာချက် ထုတ်ခဲ့ပြီး သူ့ website မှာ Steve ဓာတ်ပုံနဲ့ “Steve Jobs 1955-2011″ လို့ရေးသားခဲ့ပါတယ်။ CEO Tim Cook က Apple အနေနဲ့ အရာရာကို ကြိုတင် တွေးမြင် နိုင်တဲ့ ပါရမီရှင် ခေါင်းဆောင် တစ်ဦး ဆုံးရှုံးခဲ့ရသလို ကမ္ဘာကြီး အနေနဲ့ အံ့သြဖို့ အကောင်းဆုံး လူသား တစ်ဦး ဆုံးရှုံးခဲ့ရပါတယ်။ သူမရှိတော့ပေမယ့် သူရဲ့ ဝိညာဉ်က Apple နဲ့အတူ ရှိနေဦးမှာပါလို့ ရည်ညွှန်းခဲ့ပါတယ်။ Fortune Magazine ကသူ့ကို CEO of the decade အဖြစ် သတ်မှတ်ပေးခဲ့သလို သူ့မွေးရပ်မြေ California က California Hall of Fame မှာသူ့ကို ထည့်သွင်းထားခဲ့တာတွေ အပါအဝင် ဂုဏ်ပြုခံ ဆုတွေ အများကြီး ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါတင်မက တေးဂီတပိုင်းနဲ့ ပတ်သက်ပြီး သူလုပ်ခဲ့တဲ့ အပြောင်းအလဲတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ၂၀၁၂ ခုနှစ်မှာ Grammy Trustees Award ကိုချီးမြှင့်ခံခဲ့ရပါတယ်။ Disney ရဲ့ John Carter ဇာတ်ကားနဲ့ Pixer ရဲ့ Brave ဇာတ်ကားတွေက သူ့ကို ရည်ညွှန်းတဲ့ ရုပ်ရှင်တွေဖြစ်ပြီး Walter Isaacson ရေးသားခဲ့တဲ့ သူ့ရဲ့ ဘဝအကြောင်း စာအုပ် Steve Jobs က ၂၀၁၁ မှာ ထွက်ရှိခဲ့ပါတယ်။

- စတိဗ်ဂျော့နှင့် ပက်သက်၍ လူသိနည်းသော အချက် ၁၀ ချက်

Innovation မှာ တူမတူအောင် စွမ်းဆောင်နိုင်ခဲ့မှုကြောင့် စတိဗ်ဂျော့ဆို မသိသူ မရှိလောက်အောင် အောင်မြင်ကျော်ကြားခဲ့ပါတယ်။ Apple Inc ကို တည်ထောင်ခဲ့တဲ့ စတိဗ်ဂျော့ရဲ့ လူသိနည်းတဲ့ အချက်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ စတိဗ်ဂျော့ဟာ သက်သက်လွတ်စားသုံးသူ ဖြစ်ပါတယ်။ ပြီးတော့ သစ်သီး သစ်ဥ ကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ သူအကြိုက်ဆုံး အသီးကတော့ ပန်းသီး ဖြစ်ပြီး၊ ကုမ္မဏီကိုလည်း Apple လို့ပဲ အမည်ပေးခဲ့ပါတယ်။

၂။ စတိဗ်ဂျော့ဟာ ၂၀၁၀ ခုနှစ်က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာ အဆင့် ၁၃၆ ရှိခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံ ကြွယ်ဝပါတယ်။ အဓိက ဝင်ငွေကို Disney မှ ရရှိခြင်း ဖြစ်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄၈ သန်း ဝင်ငွေ ရှိပါတယ်။ ကွယ်လွန်ခါနီး အချိန်က စတိဗ်ဂျော့ရဲ့ ပိုင်ဆိုင်မှုဟာ ၈ ဘီလျံ ရှိတယ်လို့ သိရပါတယ်။

၃။ စတိဗ်ဂျော့ရဲ့ လစာကို သိရင် အင်မတန် အံ့သြဖို့ ကောင်းသွားပါလိမ့်မယ်။ Apple ကပေးတဲ့ သူ့ရဲ့ Annual Salary ဟာ ၁ ဒေါ်လာပဲ ရှိပါတယ်။ သူ့ရဲ့ အဓိက ဝင်ငွေက သူပိုင်သော Disney မှ ဖြစ်ပြီး Disney မှ ရှယ်ယာများနဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။

၄။ စတိဗ်ဂျော့ဟာ ကျောင်းထွက်ခဲ့သူ ဖြစ်ပါတယ်။ Reed ကောလိပ်မှာ semester တစ်ခုသာ ဖြေဆိုခဲ့ပြီး ကျောင်းထွက်ခဲ့ပါတယ်။

၅။ စတိဗ်ဂျော့ရဲ့ တကယ့် ဝါသနာအစစ်က နည်းပညာဘက်မှာ မဟုတ်ခဲ့ပါဘူး။ သူတကယ် ဝါသနာပါတဲ့ အရာက စာလုံးပန်းချီ ဖြစ်ပါတယ်။ စာလုံးကို ပုံစံလှလှ ရေးပြီး ယင်းစာရွက်များကို စုတတ်တဲ့အကျင့် သူ့မှာ ရှိပါတယ်။

၆။ HP ကွန်ပျူတာ ကုမ္မဏီနဲ့ ပထမဆုံး နည်းပညာ အစည်းအဝေးတတ်တုန်းက စတိဗ်ဂျော့ဟာ အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ အသက်ငယ်ငယ်နဲ့ နည်းပညာလောကထဲကို ဝင်ရောက်လာသူ ဖြစ်ပါတယ်။

၇။ ဂျော့ဟာ မွေးစားသား ဖြစ်ပါတယ်။ သူ့ကို အမှန်တကယ် မွေးဖွားခဲ့တဲ့ မိဘတို့က စွန့်ပစ်ခဲ့လို့ အခြား မိဘများက ပြန်လည် မွေးစားခဲ့ခြင်း ဖြစ်ပါတယ်။

၈။ ဂျော့ဟာ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။ မူလက ခရစ်ယာန်ဘာသာကို ကိုးကွယ်ပေးမယ့် ကောလိပ်ကျောင်းက ထွက်ပြီးနောက် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဇင် မဟာယနဘာသာ ဖြစ်ပြီး ထေရဝါဒ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံကို လည်ပတ်ပြီး ဖြစ်ပေါ်လာတဲ့ သူရဲ့ ဆန္ဒဖြစ်ပါတယ်။ တစ်သက်လုံး ဘုန်းကြီး ဝတ်သွားဖို့တောင် စိတ်ကူးထားသူလို့ ဆိုကြပါတယ်။

၉။ ဂျော့ဟာ Dyslexia ရောဂါသည် တစ်ဦးဖြစ်ပါတယ်။ ယင်းရောဂါဟာ အာရုံစူးစိုက်မှု အားနည်းသော ရောဂါ ဖြစ်ပါတယ်။ Dyslexia မှာ အကြား အားနည်းခြင်း၊ စကားပြော အားနည်းခြင်း၊ အမြင်အားနည်းခြင်း တို့ ဖြစ်ပြီး ဂျော့ကတော့ စာဖတ်ရာမှာ အားနည်းသူ ဖြစ်ပါတယ်။ ဒီလိုရောဂါရှိတဲ့ သူများက အတွေးအမြင် ဆန်းသစ်မှုမှာ အားသာချက် ရှိတယ်လို့ ဆိုကြပြီး အိုင်းစတိုင်းဟာလည်း Dyslexia ရောဂါသည် တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

၁၀။ ဂျော့မှာ အဆီးရီးယား သွေးတစ်ဝက် ပါပါတယ်။ သူ့ရဲ့ ဖခင်ဟာ အဆီးရီးယား လူမျိုးဖြစ်ပြီး မူဆလင်ဘာသာ ကိုးကွယ်သူများ ဖြစ်တယ်လို့ သိရပါတယ်။ မိခင်ကတော့ အမေရိကန် လူဖြူ ဖြစ်ပါတယ်။

မူရင်းပို့စ်   >>>>   Knowledge Box

#wincts
#wincts_4Knowledge

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts