Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

စိတ်ကူးယဉ် အတွေးတို့နှင့်သာ

March 14, 2023 124 views
စိတ်ကူးယဉ် အတွေးတို့နှင့်သာ

စိတ်ကူးယဉ်တယ်ဆိုတာ ကြည်နူးချင်လို့ပါပဲ။သိတတ်တဲ့ အရွယ်လေးရောက်လာပြီဆိုရင် အရွယ်အရ စိတ်ကူးယဉ်မှုဆိုတာ အမျိုးမျိုးရှိလာပါတယ်။ 

ရလာတဲ့အရွယ်ကိုလိုက်ပြီး စိတ်ကူပုံစံတွေက ကွဲပြားသွားပါတယ်။ကျောင်းသားအရွယ်က စိတ်ကူးယဉ်မှု တွေဟာ ပုံစံအမျိုးမျိုးနဲ့ပါပဲ။ရှေ့ခရီးဝေးဝေးကြီးကိုလည်းမသိတော့ ကိုယ်မြင်တဲ့သိတဲ့ အတွေးလေးလောက်နဲ့ ရှေ့ကို စိတ်ကူးယဉ်ကြည့်ရတာဟာလည်း သိပ်ကိုရင်ခုန်ဖို့ကောင်းလှပါတယ်။ 

ကျောင်းထဲမှာ အလီရွတ်ဆိုပြိုင်ပွဲတွေ၊ကဗျာရွတ်ဆိုပြိုင်ပွဲတွေလုပ်တော့လည်း ကိုယ်က အတော်ဆုံး ရွတ်ဆိုနိုင်သူအဖြစ်နဲ့ စိတ်ကူးယဉ်အိပ်မက်တွေ မက်တာပေါ့။ပထမလူ ဖြစ်လို့ပေါ့။ 

လက်တွေ့စာသင်ခန်းထဲမှာ မိန်းကလေးတွေနဲ့ပြိုင်တော့ နားရွက်ဆွဲထိုင်ထက မလွတ်ခဲ့ဘူး။ကုန်းပိုးထမ်းရတာ မလွတ်ခဲ့ဘူး။ကိုယ့်ကိုယ် စီးသွားတာ မိန်းကလေးတွေကြီးပါပဲ။ကိုယ်ကစီးရတယ်ကို မရှိဘူး။ဒါပေမဲ့…ဟဲဟဲဟဲ။ 

အဲဒီမှာသိလိုက်ရတယ်။မိန်းကလေးတွေဆိုတာ နှုတ်သွက်လျှာသွက်ဆိုတာ တကယ်မှန်ကန်ပါလားဆိုတာ လက်ခံလိုက်ရတယ်။အလီရွတ်ဆိုတဲ့အခါ ဆရာက နှစ် နှစ်လီခေါ်လို့မှ မပြီးသေးဘူး သူတို့က ‘လေး’ဆိုတာ ဖြေပြီးပြီ။ကိုယ်က နှုတ်ခမ်းပြင်ရုံရှိသေး။မိန်းကလေးတွေဟာ အဲလိုကို သွက်ပါတယ်။ 

စာတော်ရမယ်ကွလို့ ကိုယ်ကကျူးရင့်ထားတာ ဆရာဆရာမက စာကို နှစ်ခေါက်သုံးခေါက်လောက် နှုတ်တိုက်ချပေးပြီး ရတဲ့ကျောင်းသူ ကျောင်းသားတွေကို ရှေ့ထွက်စာဆိုခိုင်းရင် မိန်းကလေးတွေက ရုန်းရုန်း ရုန်းရုန်းနဲ့သူ့ထက်ငါ ဦးအောင်ထွက်ဆိုကြတယ်။ယောက်ျားလေးတွေက နောက်မှ။အဲ့လိုတော်ကြတယ်။အဲ့လိုနဲ့ စာမှာတော့ ထားပါအုံးလေဆိုပြီး တော်တဲ့လူတွေကို အကြောပေးထားလိုက်ပါတယ်။ 

ကျောင်းမှာ အားကစားလုပ်ရတယ်မို့လား။အားကစားမှာတော့ ထူးချွန်ရမယ်၊တော်ရမယ်ကွဆိုပြီး ကျောင်းဆင်းတိုင်း ပါတီယူနစ်ရုံးက ကစားကွင်းမှာ ကျွမ်းဘားသွားသွား ကစားတာပေါ့။ဆရာတွေ နည်းပြတွေမရှိဘဲ ကိုယ်ထင်သလို ကစားတာ ပြုတ်ကျလို့လက်ပါကျိုးပါရောလား။ 

အားကစားကို ဝါသနာရှိတော့ ဒီကစားနည်းမရရင် အခြားကစားနည်း ကစားမယ်ဆိုပြီး စိတ်ကူးတို့ ယဉ်ပြန်ပါတယ်။ 

အဲဒီတုန်းက ကမ္ဘာကျော်ကွန်ဖူးဘုရင် ဘရုစ်လီကိုအားကျပြီး သိုင်းသမားတစ်ယောက် ဖြစ်ချင်ခဲ့သေးတယ်။ ဖြစ်ချင်တော့ ကျွန်တော်တို့မြို့ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ရေမရှိတဲ့သဲချောင်းကြီးမှာ သိုင်းတွေသွားကျင့် ကြတယ်။သိပ်အထင်မကြီးပါနဲ့ ရုပ်ရှင်တွေ ဗီဒီယိုတွေထဲက မှတ်ထားတဲ့ အကွက်တွေကို လိုက်ဆော့ကြတာပါပဲ။ ကမ်းပါးအမြင့်ကနေ သဲချောင်းထဲ ရှေ့ကျွမ်း နောက်ကျွမ်းတွေထိုးကြတယ်။ လက်သီးထိုးတွေလေ့ကျင့်တာပါပဲ။ 

အဲဒီမှာလဲ နောက်ကျွမ်းကို လက်ထောက်ထိုးတာမှာ ခြေထောက်က မြောက်ပါမလာဘဲ ဂငယ်ပုံစံဘဲ အရှိန်နဲ့ဖြစ်သွားတော့ ခါးဟာလှန်ချိုးသလို ဖြောက်ကနဲဖြစ်သွားပြီး မကျိုးရုံတမယ်ခံလိုက်ရပါတယ်။ အဲဒီဒဏ်က သေရာပါ ဒဏ်ရာလိုကို ဖြစ်သွားပါတယ်။ ခါးမှာအခန့် မသင့်ဖြစ်တိုင်း ဒဏ်ပြန်ပြန် ပေါ်လာတတ်တယ်။ ဒါပေမဲ့ အားကစားကို ဝါသနာကကြီးတော့ စိတ်ကူးယဉ်က မလျော့ခဲ့ဘူး။ ကိုးတန်းဆယ်တန်းရောက်တော့ ပြည်နယ်နှင့်တိုင်း ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲမှာ တိုင်းလက်ရွေးစင်အဖြစ်ရောက်ခဲ့တယ်။ အမျိုးသားအားကစားပြိုင်ပွဲမှာလည်း လက်ရွေးစင်အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ 

စိတ်ကူးယဉ်တယ်ဆိုတာကလည်း နီးစပ်ရာ အကြောင်းလေးတွေကိုလိုက်ပြီး အနာဂတ် ဘဝပုံရိပ်လေးတွေကို ဖန်တီးချင်ကြတာပါ။အားကစားဆိုတာကလည်း အသက်အရွယ်အပိုင်းအခြားဆိုတာရှိနေပါသေးတယ်။ 

အသက်ကြီးလာတော့ အရွယ်အရ ထူးချွန်တဲ့ အားကစားသမားတစ်ယောက်အဖြစ် ရရှိဖို့ မဖြစ်နိုင်ပေမယ့် ကျန်းမာတဲ့ခန္ဓာကိုယ် တည်ဆောက်တဲ့အခါမှာ အထိုက်အလျောက် အကျိုးကျေးဇူးတွေကိုတော့ ရရှိနေပါသေးတယ်။ 

စိတ်ကူးယဉ်တယ်ဆိုတဲ့နေရာမှာလည်း လူတွေဟာတစ်ခုတည်းကြီးထဲတော့ စိတ်ကူးမယဉ်လောက်ပါဘူး။ များပြာတဲ့စိတ်ကူးယဉ်မှုတွေနဲ့ ဘဝကိုပုံဖော်ဖန်တီးကြမှာပါလို့ ထင်မြင်မိပါတယ်။ကျွန်တော့်မှာလည်း စိတ်ကူးတွေ အများကြီးရှိနေပါသေးတယ်။လှပတဲ့စိတ်ကူးတွေနဲ့ ဘဝကိုဖန်တီးဖို့လုပ်ရပါဦးမယ်။ 

အနာဂတ်ဘဝတွေကို တချို့က အချစ်နဲ့ စိတ်ကူးယဉ်ပုံဖော်ဖန်တီးကြတယ်။အချို့က အလုပ်နဲ့ စိတ်ကူးယဉ် ပုံဖော်ဖန်တီးကြတယ်။ အချို့ကတော့ ရေစုန်မျောခြင်းနဲ့ ဘဝကိုပုံဖော်ဖန်တီးကြတယ်။ 

လက်တွေ့ဘဝတွေကို ဘယ်လိုစိတ်ကူးယဉ်မှုတွေနဲ့ ပုံဖော်ဖန်တီးကြမလဲဆိုတာကိုက ကြည်နူးစရာပါပဲ။ ကိုင်း…ဘဝအတွက် အတွေးလှလှတွေနဲ့ စိတ်ကူးယဉ်ကြရအောင်လားဗျာ။

Credit:Original Uploader

Related Posts