Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အပိုအလိုမရှိသူ (minimalist) တစ်ဦး၏ ဘဝနေထိုင်မှုပုံစံ စတင်ရန် အဆင့် (၄) ဆင့်

March 15, 2023 166 views
အပိုအလိုမရှိသူ (minimalist) တစ်ဦး၏ ဘဝနေထိုင်မှုပုံစံ စတင်ရန် အဆင့် (၄) ဆင့်

မာယာများပြီး ရှုပ်ထွေးလှတဲ့လောကကြီးမှာ သင့်ပတ်ဝန်းကျင်ရှိ အရာတွေကြောင့် သင်မွန်းကျပ်နေရင် ရိုးရိုးရှင်းရှင်းနေထိုင်လိုက်ခြင်းက လတ်ဆတ်တဲ့လေကို ရှူရှိုက်လိုက်ရသလိုမျိုး ခံစားရနိုင်ပါတယ်။ ရိုးရိုးရှင်းရှင်းနေထိုင်ခြင်းဆိုတော့ အင်္ဂလိပ်လိုဆို Minimalism ပေါ့။ Minimalism ကို အဓိပ္ပာယ်ဖွင့်ဆိုရမယ်ဆိုရင် မရှိမဖြစ်လိုအပ်တဲ့အရာတွေသာ ရှိစေပြီး မလိုတာတွေ စွန့်ကာ ဖြစ်နိုင်သမျှ နည်းနည်းနဲ့ပဲ ရှင်သန်နေထိုင်ခြင်းလို့ ဆိုရမှာပါ။ အဲဒီလိုမျိုးလိုအပ်သလောက်သာရှိစေပြီး အပိုမရှိ၊ ရိုးရှင်းစွာ ရှင်သန်နေထိုင်တဲ့အလေ့ (Minimalism) ကျင့်သုံးသူတွေကို Minimalist လို့ခေါ်ပါတယ်။

အဲ့ဒီလိုနေထိုင်လို့ ဘာတွေများအကျိုးအမြတ်ရမှာပါလိမ့်။ Minimalism ဟာ တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံနဲ့လည်း အကျုံးဝင်တာကြောင့် သင့်အတွက် ဆေးဖြစ်စေမှာတော့ သေချာပါတယ်။ နေအိမ်ထဲမှာဆိုလည်း မြင်ကွင်းကို ရှင်းစေတာကြောင့် အိမ်သန့်ရှင်းရေးအလုပ်သက်သာကာ စိတ်ကိုပါကြည်လင်အေးချမ်းစေပါတယ်။ မလိုတာကို မစားသုံး၊ မသုံးစွဲ၊ မဝယ်ယူတော့တာကြောင့် ပိုင်ဆိုင်လိုစိတ်အား အလိုလိုက်မိခြင်းရဲ့ နောက်ဆက်တွဲဝန်ထုပ်ဝန်ပိုးတွေ၊ နောင်တတွေကနေလည်း သင့်ကို လွတ်မြောက်စေပါလိမ့်မယ်။ မလိုအပ်တဲ့ဝန်ထုပ်တွေကို မထမ်းပိုးရတော့တဲ့အခါ ဘဝနေထိုင်မှုမှာ အဘက်ဘက်က တိုးတက်လာပါလိမ့်မယ်။ Minimalism ရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြရမယ်ဆို တော်တော်လေးရှည်ပါလိမ့်မယ်။ အချုပ်အားဖြင့်ဆိုရရင် မိမိသာမက ပတ်ဝန်းကျင်ရှိလူတွေနဲ့ ကမ္ဘာလောကကြီးအတွက်ပါ အကျိုးပြုပါတယ်။

ဒါကြောင့် သင့်နေစဉ်ဘဝမှာ Minimalism ကို အသုံးချပြီး Minimalist တစ်ယောက်အဖြစ် စတင်နိုင်ဖို့ရာ အဆင့်လေးဆင့် ဆောင်ရွက်ဖို့လိုပါတယ်။

၁။ ဘာကြောင့်လဲဆိုတာ သိပါစေ

Minimalist တစ်ယောက်ရဲ့ ဘဝနေထိုင်မှုပုံစံကို ဘာလို့စတင်ချင်တာလဲ၊ ဘာက သင့်ရဲ့နောက်ဆုံးပန်းတိုင်လဲနဲ့ ဘာကို အောင်မြင်ရရှိဖို့ မျှော်လင့်တာလဲ စတဲ့မေးခွန်းတွေ သင့်ကိုယ်သင်ပြန်မေးပါ။ သေချာသိအောင် အချိန်ယူ အဖြေရှာပါ။ သင်လုပ်ဆောင်မယ့်အရာနဲ့ပတ်သက်ပြီး သင့်မှာသေချာရေရာမှုမရှိဘူးဆိုရင် လုပ်ဆောင်ချက်ကလည်း တည်ငြိမ်အောင်မြင်တော့မှာ မဟုတ်ပါဘူး။

 

၂။ စားသုံးခြင်း၊ သုံးစွဲခြင်း၊ အသုံးပြုခြင်း၏ အကြောင်းရင်းများအား နားလည်ပါ

စားသုံးခြင်း၊ သုံးစွဲခြင်း၊ အသုံးပြုခြင်းဆိုတာ မလွဲဧကန်ဖြစ်နေရတဲ့အရာတွေပါ။ ဒါပေမဲ့ လွန်ကဲတဲ့ စားသုံးမှု၊ သုံးစွဲမှု၊ အသုံးပြုမှုတွေ မဖြစ်အောင်လို့တော့ ကျွန်ုပ်တို့တွေ အစကတည်းက ဆင်ခြင်နိုင်ပါတယ်နော်။

 

ဈေးဝယ်ခြင်း (မဝယ်ခင် ခဏလောက်အချိန်ယူစဉ်းစားပါ)

ဝယ်ယူမယ့်အရာကို သင်အမှန်တကယ်လိုအပ်မအပ် ဆုံးဖြတ်ဖို့ ဝယ်ယူခြင်းအား ဖြစ်နိုင်ရင် ရက် ၃၀ ကြာ အချိန်ဆိုင်းထားပါ။ လိုအပ်တာသေချာပြီဆိုရင် အရည်အသွေးကောင်း၊ ကြာရှည်ခံမယ့် ထုတ်ကုန်ကိုသာ ဝယ်ယူပါ။

လက်ဆောင်များ (ယဉ်ကျေးစွာ ငြင်းပယ်နည်း)

သင့်ဘဝမှာ သင့်အတွက်မလိုအပ်ပေမဲ့ ချစ်ခင်ရသူတွေပေးတာဖြစ်လို့ ငြင်းရမှာအာနာပြီး လက်ခံရယူလိုက်ရတာတွေ အများကြီးရှိမှာပါ။ သူတို့သင့်ကိုပေးတဲ့အရာတွေ လက်မခံချင်ကြောင်း ချစ်ခင်သူတွေကို ပြောဆိုရတာဟာ ခဲရာခဲဆစ်နိုင်နိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ လက်မခံချင်ရတဲ့အကြောင်းရင်းကို လေးလေးစားစားနဲ့ စိတ်ရှည်စွာ သူတို့ကို သေချာရှင်းပြပါ။ ဘယ်လိုမှငြင်းမရတဲ့အခါ သင့်အနေနဲ့ အခြားလိုအပ်သူတစ်ဦးဦးကို ပြန်လည်ဝေမျှကောင်းဝေမျှနိုင်မယ့်အကြောင်းပါ အသိပေးပြီးတော့မှ လက်ခံပါ။ ကိုယ့်ကိုပေးတာကို ကိုယ်ကလက်ခံတယ်ဆိုရင် ကိုယ့်ပစ္စည်းဖြစ်သွားပြီဖြစ်တာကြောင့် အသိမပေးဘဲ ပြန်လည်ဝေမျှမယ်ဆိုလည်း မျှဝေလို့ရပေမဲ့၊ အကယ်၍ ပေးတဲ့သူက ပေးပြီးပြီးရောမဟုတ်ဘဲ ကိုယ်စားသုံး၊ သုံးစွဲစေချင်စိတ်နဲ့ ပေးတာဆိုရင် (ကိုယ်မသုံးဖြစ်ဘဲ အခြားသူကိုပြန်ပေးလိုက်ကြောင်း ပြန်လည်သိရတော့မှ) နောက်ပိုင်းစိတ်ဆိုးစိတ်ခုအထင်လွဲစရာမရှိရလေအောင် အသိပေးသင့်တာဖြစ်ပါတယ်။

 

 

၃။ နည်းနိုင်သမျှနည်းစေနည်း၊ ရှင်းလင်းနေစေနည်း၊ နှင့် အစီအစဉ်တကျရှိစေနည်း

ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုခန်း၊ သန့်စင်ခန်း စသဖြင့် အခန်းတစ်ခန်း ဒါမှမဟုတ် အဝတ်ဗီရိုတစ်လုံးကနေ စတင်လိုက်ပါ။ ၁ - ၂ နာရီကြာ အချိန်ယူပြီး စွန့်ပစ်ရမယ့်အရာ၊ စွန့်ကြဲရမယ့်အရာ၊ ပြန်လည်ပြုပြင်သုံးစွဲရမယ့်အရာ၊ ပြန်လည်ရောင်းချမယ့်အရာ၊ ဆက်လက်ထားရှိသင့်တဲ့အရာ စသဖြင့် စစ်ထုတ်ပါ။ ဝေခွဲမရဖြစ်နေတဲ့အရာတွေဆိုရင် ပုံး/အိတ်/သေတ္တာ စသဖြင့် ထည့်စရာတစ်ခုခုထဲ အချိန်တစ်ခုကြာထည့်ထားပြီး နောက်မှပြန်လည်ဆန်းစစ်ဆုံးဖြတ်ပါ။


သက်မဲ့အရာတွေသာမက သက်ရှိတွေလည်း အလားတူပါပဲ။ အဓိကအပတ်သက်ရဆုံးသက်ရှိဖြစ်တာက လူဖြစ်တာကြောင့် လူတွေနဲ့ ဥပမာပေးပါရစေ။ ဘဝမှာကြုံလာသမျှလူပုဂ္ဂိုလ်တွေအတွက် ကိုယ့်အချိန်တွေ၊ ခွန်အားတွေအသုံးပြုနေလို့မရပါဘူး။ ကိုယ့်ဘဝအတွက် အဓိကကျ လိုအပ်သူတွေကိုသာ အခြေအနေ၊ အချိန်အခါတွေပေါ်မူတည်ပြီး ဦးစားပေးအစဉ်နဲ့ ပိုမိုအချိန်ပေးပတ်သက်ဂရုစိုက်သင့်ပါတယ်။ ဒါမှသာ Minimalist တစ်ယောက်ဖြစ်မှာပါ။

၄။ Minimalist လမ်းကြောင်းပေါ် ရှိနေခြင်း

သင့်ရဲ့ Minimalism ခရီးလမ်းမှာ အခက်အခဲ၊ အကျပ်အတည်းတွေအမျိုးမျိုးအဖုံဖုံ ရှိပါလိမ့်မယ်။ ဒါကြောင့်လည်း သင်ဒီဘဝနေထိုင်မှုပုံစံကို စတင်ပြောင်းလဲချင်ရခြင်းအကြောင်းရင်းအတွေးအမြင်သဘောထား ခိုင်မာရှင်းလင်းပြတ်သားဖို့လိုကြောင်း အဆင့် ၁ မှာကတည်းက ဖော်ပြခဲ့တာဖြစ်ပါတယ်။

အခြား Minimalist ပုဂ္ဂိုလ်တွေနဲ့ အွန်လိုင်းမှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အဆက်အသွယ်ပြုလုပ်ခြင်းက သင့် Minimalism ခရီးလမ်းတစ်လျှောက် အကဲစမ်း၊ စိန်ခေါ်မှုတွေကြုံရတဲ့အခါ အားအင်ဖြစ်၊ အကြံဉာဏ်ရစေနိုင်ပါတယ်နော်။

မဖြစ်မနေစားသုံး၊ သုံးစွဲရခြင်းတွေအတွက်လည်း နှမြောစိတ်မဖြစ်မိပါစေနဲ့ဦး။ အတိုင်းအတာတစ်ခုထိ စားသုံး၊ သုံးစွဲ၊ အသုံးပြုရခြင်းတွေဆိုတာ မလွဲမသွေဧကန်ပြုလုပ်နေကြရတဲ့အရာတွေဆိုတာကို အမှတ်ရပါ။ စားသင့်စားထိုက်၊ သုံးသင့်သုံးထိုက်တာကို မစားမသောက်၊ မသုံးမစွဲနေထိုင်ခြင်းက minimalism မဟုတ်တဲ့အပြင် ဆုတ်ယုတ်ခြင်းတွေကိုသာ ဖြစ်စေမှာပါ။ မရှိမဖြစ်လိုအပ်တဲ့အရာတွေသာ ရှိစေပြီး မလိုတာတွေ စွန့်ကာ ဖြစ်နိုင်သမျှ နည်းနည်းနဲ့ပဲ ရှင်သန်နေထိုင်ခြင်းကသာ Minimalism ပါနော်။

Credit : Original Uploader

Related Posts