"သံကူကွန်ကရစ်" "အဆောက်အဦးတွေ မီးလောင်တဲ့အခါ"
"သံကူကွန်ကရစ်"
"အဆောက်အဦးတွေ မီးလောင်တဲ့အခါ"
************************************
သာမန်အားဖြင့် ပြောရရင်တော့ ကွန်ကရစ်ဟာ မီးမလောင်နိုင်ဘူး၊ အခြားမီးလောင်လွယ်တဲ့ပစ္စည်းတွေကိုလည်း ကာကွယ်ပေးနိုင်တယ်၊ မီးလောင်တဲ့အခါလည်း အခြားနေရာတွေကို ပျံ့နှံ့မသွားအောင် ထိမ်းထားပေးနိုင်ပါတယ်။
ဒါပေမယ့်လည်း သူ့ကို မီးအားပြင်းပြင်းနဲ့ အချိန်ကြာကြာလောင်ကျွမ်းခံရပြီဆိုရင်တော့ သူ့ရဲ့ Structural Strength တွေ လျော့ကျလာပါတယ်။ အချိန်ကြာကြာလောင်ကျွမ်းခံရလေ Strength လျော့ကျမှု ပိုများလေဖြစ်ပါတယ်။
ကွန်ကရစ်တွေ မီးလောင်ခံရတဲ့အခါမှာ သူ့ရဲ့ Mechanical Properties တွေရော Chemical Properties တွေပါ ပြောင်းလဲကုန်ပါတယ်။
Mechanical Properties ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ကွန်ကရစ်တွေ အချပ်လိုက် အလွှာလိုက် ကွာကျတာ၊ ပွင့်ထွက်တာ (Spalling), အပြင်ဖက်မျက်နှာပြင်မှာ Thermal Expansion and Dehydration of Concrete ကြောင့် အက်ရာတွေ ပေါ်လာတာ (External Cracking) ဖြစ်လာပါမယ်။ အဲဒီဖြစ်စဉ်တွေကြောင့် ကွန်ကရစ်ထဲမှာ ထဲ့ထားတဲ့ အားကူသံချောင်းလုံးတွေ (Rebars) တွေ ကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။
အပူချိန် 500°F (260°C) ကျော်သွားပြီဆိုရင် Rebar တွေဟာ စတင်ပြီး ကျွတ်ဆတ် (Brittle) ဖြစ်လာပါတယ်။ အပူချိန် 1300°F (704°C) ကျော်သွားရင်တော့ Rebar တွေရဲ့ Strength ဟာ 20% အထိ လျော့ကျလာပါတယ်။ အဲဒီနောက်ပိုင်းရောက်ရင်တော့ Rebar တွေ ရဲ့ Tensile Strength အလွန်ကျဆင်းပြီး အဆောက်အဦ ပြိုကျတဲ့အထိ ဖြစ်ပေါ်လာနိုင်ပါတယ်။
Chemical Properties ပြောင်းလဲမှုတွေကတော့
-#Aggregate_Changes
ကွန်ကရစ်ထဲက ကျောက်တွေဟာ Quartz-Based ဖြစ်ပါက ထုထည်တွေ ပွလာပါမယ်။ Limestone ဖြစ်ပါက ဓါတုဖွဲ့စည်းပုံတွေပြောင်းလဲပြီး ပြိုကွဲမယ်။
#Discoloration
ကွန်ကရစ်တွေဟာ သူ့အထဲမှာပါတဲ့ Iron Compound တွေကြောင့် 570°F (300°C) ကျော် အပူချိန်နဲ့ အချိန်အကြာကြီးလောင်ကျွမ်းခံရပြီဆိုရင် ပန်းရောင်ပြောင်းလာပါမယ်။ အဲဒီလိုအရောင်ပြောင်းသွားပြီဆိုရင် ကွန်ကရစ်ဟာ ပြုပြင်လို့ရမယ့် အနေအထားကို ကျော်လွန်သွားပြီဖြစ်ပြီး ကွန်ကရစ်အသစ်နဲ့ အစားထိုးပြုပြင်ပေးရတော့မှာဘဲ ဖြစ်ပါတယ်။
#Carbonation
ကွန်ကရစ်ထဲက Cement Paste တွေ ပြိုကွဲပျက်စီးမယ်။ အဲဒီဖြစ်စဉ်ကြောင့် ကွန်ကရစ်ထဲမှာ ထဲ့ထားတဲ့ အားကူသံချောင်းလုံးတွေ ကို ကာကွယ်ပေးနေတဲ့ ကွန်ကရစ်ရဲ့ Alkalinity တွေ လျော့ကျလာပြီး အားကူသံချောင်းလုံးတွေကို သံချေးအလွယ်တကူ တက်စေနိုင်မယ်။ ဒါဆိုရင် ရေရှည်မှာ ပြဿနာမျိုးစုံဖြစ်ပေါ်လာနိုင်ပါတယ်။
မီးလောင်သွားတဲ့အဆောက်အဦတွေအတွက် ပထမဦးဆုံးနဲ့ အရေးအကြီးဆုံးကတော့ Structural Accessment ပြုလုပ်ခြင်းဘဲဖြစ်ပါတယ်။
Structural Accessment ပြုလုပ်ပြီးမှသာ လက်ရှိမီးသင့်ခံထားရတဲ့အဆောက်အဦဟာ
၁။ ပြုပြင်ရုံနဲ့ရမလား (Retrofitting only)
၂။ အားဖြည့်ပြုပြင်ခြင်း ပြုလုပ်ရမလား (Strengthening and Retrofitting)
၃။ တစ်စိတ်တစ်ပိုင်းဖြိုချပြီး ဖြိုချတဲ့အစိတ်အပိုင်းကို အသစ်ပြန်ဆောက်၊ ကျန်တဲ့အစိတ်အပိုင်းတွေကို သူ့ရဲ့ပျက်စီးမှု ပမာဏအလိုက် အားဖြည့်ပြုပြင်ခြင်းတွေ ပြုလုပ်ရမလား ( Partially Demolished and New Build, Strengthening and Retrofitting)
၄။ အဆောက်အအဦတစ်ခုလုံးကို လုံးဝဖြိုဖျက်ပြီး အသစ်ပြန်လည်ဆောက်လုပ်ရမလား (Totally Demolished and New Build)
ဆိုတာကို ဆုံးဖြတ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
Reference: Fire Effect on Concrete by Charles E. Whitley, August 2019.
ဆရာဦးစန်းကြူ FB မှ ကူးယူဖော်ပြသည်။
#လေးစားစွာဖြင့်
🅲🆁🅴🅳🅸🆃
ပြန်လည်ကူးယူဖော်ပြပါသည်။