Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အိမ်ခြံမြေတိုက်ခန်းဝယ်တဲ့အခါ အရေးကြီးဆုံးက ဘယ်သူလဲ...?

March 23, 2023 159 views
အိမ်ခြံမြေတိုက်ခန်းဝယ်တဲ့အခါ အရေးကြီးဆုံးက ဘယ်သူလဲ...?

အိမ်ခြံမြေတိုက်ခန်းဝယ်တဲ့အခါ အရေးကြီးဆုံးက ဘယ်သူလဲ...?
====================================================================================

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
(၀၉ ၇၈၀ ၅၅၅ ၉၂၄)

စာဖတ်ပရိတ်သတ်များက မောင်ကောင်းဖေကို အမေးများတဲ့ မေးခွန်းလေးကတော့  အိမ်ခြံမြေတိုက်ခန်းဝယ်ရင် စရန်ပေးစာချုပ်ချုပ်စဉ်က ရှေ့နေမခေါ်ဘဲ အပြီးအပိုင်စာချုပ်တဲ့နေ့ရောက်မှ ရှေ့နေခေါ်ပြီး စာချုပ်လို့ရတယ် မဟုတ်လား တဲ့လေ။ ဒီမေးခွန်းကို မောင်ကောင်းဖေက (၂) မျိုးခွဲပြီး ရှင်းပြပေးပါမယ်။

ရှေ့နေမခေါ်ဘဲ စရန်ပေးစာချုပ်တာမျိုးလည်းရှိပါတယ်။အဲဒီလိုစာချုပ်မျိုးတွေကတော့ ပါမစ်မြေမူရင်းဖြစ်စေ၊ ဂရန်မြေမူရင်းဖြစ်စေ မူလအမည်ပေါက်ထံက ဝယ်ယူရတာမျိုးဆိုရင်ရှေ့နေမပါလည်း ရပါတယ်။ ထို့အတူဘဲတိုက်ခန်းတို့ ၊ ကွန်ဒိုတို့ ဆိုရင်လည်း မူလအမည်ပေါက်မြေရှင်ထံက ဖြစ်စေ၊ မူလကန်ထရိုက်တာထံကဖြစ်စေ၊ တိုက်ရိုက်ဝယ်ယူရတာမျိုးဆိုရင်ရှေ့နေမပါဘဲ စရန်ပေးစာချုပ်လို့ ရပါတယ်။

အဲဒီလို စရန်ပေးပြီးတဲ့နောက် ကျန်ငွေပေးချေတော့မယ်ဆိုရင်တော့ ရှေ့နေဖြစ်စေ (သို့မဟုတ်) စာချုပ်စာတမ်းကျွမ်းကျင်သူဖြစ်စေ လိုလာပါပြီ။ ဘာကြောင့်လည်းဆိုတော့ ပါမစ်မြေ ၊ ဂရန်မြေဖြစ်ရင် အမည်ပေါက် မှန်ကန်မှုရှိ/မရှိ သိရှိဖို့လိုအပ်သလို၊ အတု/အစစ်ခွဲခြားတတ်ဖို့လည်း လိုပါတယ်။

တိုက်ခန်းဆိုရင်လည်း မြေရှင်ထံက တိုက်ရိုက်ဝယ်ယူခဲ့ရင် မြေရှင်ပိုင်တဲ့ အခန်း (သို့မဟုတ်)မြေရှင်နဲ့ ကန်ထရိုက်တာ နှစ်ဦးသဘောတူ အခန်းပေးအခန်းယူစာချုပ်ကို တောင်းကြည့်ဖို့လိုတယ်။ မြေရှင်အခန်းပိုင် မှန်တယ်ဆိုရင် အဲဒီအခန်းပေးအခန်းယူစာချုပ်မိတ္တူကို ဝယ်သူက တောင်းယူထားဖို့လိုတယ်။ ဒါမှသာ မြေရှင်ပိုင်အခန်းကို ဝယ်ယူလိုက်ရတာဘဲဆိုပြီး  စိတ်ချမ်းသာသွားမှာပေါ့။

ထိုနည်းတူပါဘဲ ကန်ထရိုက်ဘက်ခြမ်းကိုဝယ်မယ်ဆိုရင်လည်း အဲဒီအခန်းပေးအခန်းယူစာချုပ်ကို တောင်းရမှာဘဲ။ အဲဒီတော့ ကန်ထရိုက်ပိုင်အခန်းဘဲဝယ်ဝယ်၊မြေရှင်ပိုင်အခန်းဘဲဝယ်ဝယ် ၊ အရေးကြီးဆုံး အချက်တစ်ချက် ရှိသေးတယ်။ အဲဒါက အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်းလက်မှတ် (BCC) ရအောင်တောင်းပါ။ BCC လက်မှတ်ရှိရင် တရားဝင် ဆောက်လုပ်တဲ့ တိုက်ဖြစ်တယ်ဆိုတော့ စိတ်ချရတာပေါ့။ ခွင့်ပြုချက်မရှိဘဲ ဆောက်တဲ့ အဆောက်အဦဆိုရင် ဝယ်ပြီးနေတာတောင် စိတ်မအေးရဘူးပေါ့။ စည်ပင် (ယာ/အုံ)ဌာနက လာပြီး စစ်ဆေးမှာ ကြောက်နေရတယ်လေ။

ဒါကြောင့်ပြောတာပေါ့  စရန်ပေးစာချုပ်စဉ်ကတော့ ပွဲစားတွေပြောစကားထဲမှာဘဲ ဇာတ်မျောနေခဲ့မိတယ်။ ကျန်ငွေပေးချေတဲ့နေ့ရောက်တော့ ပွဲစားတွေက လိုက်လာပြီး သက်သေလက်မှတ်ထိုးဖို့တောင် တုန့်နှေးသွားကြတယ်။ အမှန်တကယ် အပြီးစာချုပ်ချုပ်တဲ့နေ့လည်း ရောက်ရော ပွဲစားကလည်းမလာ၊ ရှေ့နေကလည်း မပါဘူးဆိုရင် မြေရှင်ပြောသလို၊ ကန်ထရိုက်စီစဉ်သလို အလွယ်လိုက်ပြီး စာချုပ်လိုက်လို့ အဆင်ပြေသွားတယ်ဆိုရင် ကောင်းတာပေါ့။

အဲဒီလိုမဟုတ်ဘဲ လမ်းဘေးဈေးဆိုင်က အလွယ်တကူ ဝယ်ယူရရှိတဲ့စာချုပ်နဲ့ ချုပ်ခဲ့မိရင်ဖြင့် စာချုပ်ထဲမှာ ရောင်းသူဝယ်သူရဲ့ တာဝန်တွေ အပြည့်အဝမပါသလို ရောင်းသူဝယ်သူရဲ့အခွင့်အရေးတွေလည်း ဖြည့်စွတ်စရာတွေကျန်နေခဲ့ရင် နောက်မှ အခွင့်အရေးတောင်းဆိုလို့ မရတော့ဘူးလေ။ ဝယ်သူရဲ့ အခွင့်အရေးတွေဆုံးရှုံးတာပေါ့။

တကယ်လို့ မိမိဝယ်ယူခဲ့တဲ့ တိုက်ခန်းနဲ့ ပတ်သက်လို့ဘဲဖြစ်ဖြစ်၊ မြေကွက်နဲ့ ပတ်သက်လို့ဘဲဖြစ်ဖြစ် အရှုပ်အရှင်းပြဿနာတွေပေါ်ခဲ့ရင် အားကိုးအားထားက ဒီအရောင်းအဝယ် စာချုပ်တစ်ခုဘဲရှိတာလေ။ အဲဒီအရောင်းအဝယ်စာချုပ်ကိုဘဲ အခြေခံပြီး ပြဿနာကိုရှင်းရမှာလေ။ အဲဒီတော့မှ စာချုပ်ထဲမှာတော့ ထည့်မရေးမိခဲ့ဘူး။ ဒါပေမဲ့ အပြင်မှာတော့ " နှုတ်ကတိ " နဲ့ ဒီလိုသဘောတူညီချက်ရှိသေးတယ်ဆိုပြီး ငြင်းခုံကြရင်လည်း စာချုပ်ထဲမှာ မပါရင် ရောင်းသူက ငြင်းလို့ ရတယ်လေ။တစ်ခါတရံ ကိုယ့်ဘက်ကမှန်ရဲ့သားနဲ့ ရှုံးတယ်ဆိုတာ စာချုပ်မှာ ပြည့်ပြည့်စုံစုံ မရေးခဲ့မိလို့ နှစ်နာရတာပါ။

ဒါကြောင့် စာချုပ်စာတမ်းဆိုတာ "စကားမပြောသောသက်သေ " ဖြစ်တာကြောင့် တိုက်ခန်းဖြစ်စေ၊ အိမ်ခြံမြေဖြစ်စေ ၊ လယ်ယာမြေဖြစ်စေ စရန်ပေးစာချုပ်ချုပ်စဉ်ကလည်း ရှေ့နေနဲ့ စာချုပ်စာတမ်းကျွမ်းကျင်သူ လိုအပ်သလို အပြီးအပိုင်ငွေချေစာချုပ်ချုပ်တဲ့အခါမှာလည်း ရှေ့နေနဲ့ ကျွမ်းကျင်သူတို့ လိုအပ်ပါတယ်။

အိမ်ခြံမြေတိုက်ခန်း ဝယ်တယ်ဆိုတာ လူတိုင်းလူတိုင်း အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး စုဆောင်းထားခဲ့ရတဲ့ငွေနဲ့ ဝယ်ရတာဖြစ်တဲ့အတွက်၊ အိမ်ခြံမြေတိုက်ခန်းအကြောင်း နားလည်တတ်ကျွမ်းတဲ့ ရှေ့နေရှေ့ရပ်များကို ခေါ်ယူပြီးဖြစ်စေ၊ အကျိုးဆောင်ပွဲစားများနဲ့ ဖြစ်စေ၊ ဝယ်ယူတာ အကောင်းဆုံးလို့သာ အကြံပေးပါရစေ။

ရှေ့နေငှားရလို့ ပေးရတဲ့ ငွေပမာဏလေးကိုမမြင်ပါနဲ့။ ဝယ်သူအနေနဲ့ မကျွမ်းကျင်တဲ့ပွဲစားစကား နားထောင်မိပြီး ဝယ်ခဲ့မိရင် အခက်အခဲတွေ တွေ့ရတတ်ပါတယ်။ ကြီးမားတဲ့ အခွင့်အရေးတွေ ဆုံးရှုံးတတ်ပါတယ်။ "ထိုင်နေတာအကောင်းသား ၊ ထသွားမှ အကျိုးမှန်းသိ "ဆိုသလို ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဒုက္ခတွေ့ရတတ်ပါတယ်။ဒီတော့ အနှစ်ချုပ်ကြစို့ ၊ အိမ်ခြံမြေတိုက်ခန်းစာချုပ်ရင် စရန်ပေးတဲ့အခါမှာရော ၊ အပြီးစာချုပ်တဲ့အခါမှာပါ ရှေ့နေခေါ်၍ဖြစ်စေ၊ ကျွမ်းကျင်သူခေါ်၍ဖြစ်စေ၊ ဝယ်ယူကြပါလို့ တိုက်တွန်းအကြံပေးလိုက်ရပါတော့တယ်။

" အဆွေခင်ပွန်းကောင်းနဲ့ တွေ့ကြပါစေ "

#လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

Related Posts