အမွေမှု (၂)မျိုး နှင့် ကာလစည်းကမ်းသတ်ပြသနာ
CRD-
အမွေမှု (၂)မျိုး နှင့် ကာလစည်းကမ်းသတ်ပြသနာ
အမွေမှု ၂ မျိုး
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အောက်ပါအတိုင်း အမွေမှု ၂ မျိုး ၂စား ရှိသည်။
(၁) သားသမီးက ကျန်ရစ်သူ မိဘထံမှ ရရန်ရှိသောအမွေဝေစု ရလိုကြောင်းစွဲဆိုသောအမှု
(၂) အမွေဆိုင်တစ်ဦးက ပူးတွဲအမွေဆိုင်အပေါ် အမွေဝေစုရလိုကြောင်း စွဲဆိုသောအမှု
မသိန်းစောအေး(ခ)မအေးအေးလင်း နှင့် ဒေါ်မချေ(ခ)ဒေါ်ကြည်ကြည် ပါ ၁၃ (၂၀၀၄၊ မတစ၊ စာ ၁၃၆)အမှုတွင် အောက်ပါအတိုင်းညွှန်ပြသည်။
"မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဗုဒ္ဓဘာသာ၀င်တစ်ဦး ကျန်ရစ်သော အမွေပစ္စည်းအပေါ် အရေး ဆိုသည့် အမွေမှု နှစ်မျိုးနှစ်စားရှိသည်။
တစ်မျိုးမှာ မိဘတစ်ပါးပါး ကွယ်လွန်သည့်အခါ သြရသားသမီးက ကျန်ရစ်သူ မိဘထံမှ အမွေရခွင့် နှင့် ကျန်ရစ်သူ မိဘ နောက်အိမ်ထောင်ပြုသောအခါ သားသမီးများက ထိုမိဘထံမှ အမွေရခွင့် အပေါ် အခြေခံ၍ စွဲဆိုသောအမှုဖြစ်သည်။
ကျန်တစ်မျိုးမှာ အခြားအမွေရှင်ထံမှ အမွေရခွင့်အပေါ် အခြေခံကာ ပူးတွဲအမွေဆိုင်အပေါ် စွဲဆိုသော အမွေစီမံခန့်ခွဲမှု ဖြစ်သည်။"
----
တရားစွဲဆိုနိုင်ရန်အကြောင်း
ပထမအမျိုးအစား၏ အမွေတောင်းခံနိုင်သောအကြောင်းသည် လိင်တူမိဘ ကွယ်လွန်ခြင်းကို အကြောင်းပြု၍ သြရသ၏အမွေဝေစုကို ကျန်ရစ်သူ မိဘထံမှ တောင်းခံခြင်း နှင့် ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုခြင်းကို အကြောင်းပြု၍ အမွေဝေစုတောင်းခံခြင်းတို့ ဖြစ်သည်။
ဒုတိယအမျိုးအစား၏ အမွေတောင်းခံနိုင်သောအကြောင်းသည် အခြားအမွေရှင်ထံမှ မိမိ၏ အမွေရခွင့်အပေါ် အခြေခံကာ ပူးတွဲအမွေဆိုင်အပေါ် အမွေဝေစုတောင်းခံခြင်းဖြစ်သည်။
---
ကာလစည်းကမ်းသတ် (၂)မျိုး
ပထမအမျိုးအစား အတွက် ကာလစည်းကမ်းသတ်
မဖွားသင် နှင့် ဦးညို (ရန်ကုန်၊ အတွဲ - ၁၂ ၊ စာ - ၄၀၉) တွင် ကာလစည်းကမ်းသတ်အမှတ်စဉ် ၁၂၃ သည် အမွေထိန်း သို့မဟုတ် အမွေပုံကိုခွဲဝေပေးရန် တာ၀န်ပေးခြင်းခံရသူ အပေါ် တရားစွဲဆိုသည့်အမှုနှင့် အကျုံး၀င်ကြောင်း ညွှန်ပြသည်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ကျန်ရစ်သူမိဘသည် သြရသသားသမီးကို အမွေ ၄ ပုံ ၁ ပုံခွဲဝေပေးရမည်ဖြစ်သည်။
ထို့ပြင် ကျန်ရစ်သူမိဘသည် ၄င်း နောက်အိမ်ထောင်ပြုချိန်တွင်မူ သားသမီးအားလုံးကို အမွေခွဲဝေပေးရမည်ဖြစ်သည်။
ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား၊ အမှတ်စဉ် - ၁၂၃ တွင်
သေတမ်းစာပစ္စည်းကိုဖြစ်စေ၊ သေတမ်း စာပစ္စည်းကျန်၏ဝေစု ကိုဖြစ်စေ၊ သေတမ်းစာမရှိသည့်ပစ္စည်း ဝေစုကိုဖြစ်စေ ရလိုကြောင်း စွဲဆိုမှုကို သေတမ်းစာပစ္စည်းကို သော်လည်းကောင်း၊ သေတမ်းစာပစ္စည်းကျန်၏ဝေစုသော်လည်းကောင်း၊ သေတမ်းစာမရှိသည့်ပစ္စည်း ဝေစုကိုသော်လည်း ကောင်း ပေးသင့်သော သို့တည်းမဟုတ် ပေးအပ်သင့်သော အချိန်ရောက်သည့်အခါကစ၍ ၁၂ နှစ် အတွင်း စွဲဆိုရ မည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ် ၁၂၃ အရ
ပစ္စည်းဝေစုကို ပေးသင့်သော သို့တည်း မဟုတ် ပေးအပ် သင့်သောအချိန်ရောက်သည့်အခါ
ဖြစ်သည့် လိင်တူမိဘ သေဆုံးချိန် နှင့် ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုသည့် အချိန်မှစ၍ အသီးသီးရေတွက်ရန်ဖြစ်ပြီး ၁၂ နှစ်ကျော်လွန်လျှင် ကျန်ရစ်သူ မိဘထံမှ အမွေ တောင်းဆိုခွင့်မရှိတော့ပေ။
ရန်ကုန်၊ အတွဲ - ၅၊ စာ - ၁၂၅ တွင် သြရသအစုကို ရခွင့် နှင့် ကျန်ရစ်သူ မိဘ နောက်အိမ်ထောင်ပြုသည့်အခါ သားသမီးများရခွင်တို့သည် ၁၂ နှစ် အကုန်တွင် ဆိတ်သုဉ်းသွားသည် ဟု ညွှန်ပြသည်။
သို့ဖြစ်ရာ သားသမီးက ကျန်ရစ်သူ မိဘထံမှ ရရန်ရှိသောအမွေဝေစု ရလိုကြောင်းစွဲဆိုသော အမွေမှု သည် ကာလစည်းကမ်းသတ်အက်ဥပဒေ၊ ပထမဇယား၊ အမှတ်စဉ် - ၁၂၃ နှင့်သက်ဆိုင်သည်ကို သတိပြု ရန်ဖြစ်ပါသည်။
ဒုတိယအမျိုးအစား အတွက် ကာလစည်းကမ်းသတ်
အမွေမှု ဒုတိယအမျိုးအစားအတွက် ကာလစည်းကမ်းသတ်ကို တွက်ချက်ရာတွင် ပစ္စည်းအမျိုးအစားအပေါ်မူ တည်၍ကွဲပြားခြားနားသည်။
ရွှေ့ပြောင်းနိုင်သောပစ္စည်း
ရွှေ့ပြောင်းနိုင်သောပစ္စည်းများအတွက် ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ် ၁၂၀ အရ တောင်းဆိုရမည်ဖြစ် သည်။ မောင်ကျော်ရှိန် ပါ ၂ နှင့် ကေကြည်မောင် (၁၉၇၀၊ မတစ၊ စာ ၇၈) နှင့် ဦးမောင်ညို နှင့် အဘူး(ခ)မောင်အေးမောင်ပါ ၁၉ (၁၉၆၆၊ မတစ၊ စာ ၁၅၈၈) အမှုတို့တွင် ကြည့်ပါ။
အမွေရှင်သေပြီးနောက် ရွှေ့ပြောင်းနိုင်သောအမွေပစ္စည်း တစ်ဦးဦး လက်၀ယ်ရောက်ရှိ သည့်အခါကစ၍ ၆ နှစ် အတွင်းစွဲဆိုရန်ဖြစ်သည်။
ကြားကာလအမြတ်အစွန်း
ဒေါ်ခင်လေး နှင့် မောင်ရွှေ (၁၉၈၄၊ မတစ၊ ၂၄၃(၂၄၅) တွင် ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမ ဇယားအမှတ်စဉ် ၁၂၀ အရ တရားမစွဲဆိုမီ ၆ နှစ်အတွင်း အမွေပစ္စည်းများမှ ဖြစ်ထွန်းသော အကျိုးအမြတ်များ ကို အမွေဆိုင်များက ခံစားခွင့်ရှိသည်ဟု ညွှန်ပြသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်း
မောင်ကျော်ရှိန် ပါ ၂ နှင့် ကေကြည်မောင် (၁၉၇၀၊ မတစ၊ စာ ၇၈) အမှုတွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့်ပတ်သက်၍ ကာလစည်းကမ်းသတ်အက်ဥပဒေအပိုဒ် ၁၄၄ အရ တောင်းဆိုရမည်ဖြစ်သည်ဟု ညွှန်ပြသည်။
မသိန်းစောအေး(ခ)မအေးအေးလင်း နှင့် ဒေါ်မချေ(ခ)ဒေါ်ကြည်ကြည် ပါ ၁၃ (၂၀၀၄၊ မတစ၊ စာ ၁၃၆)အမှုတွင် အောက်ပါအတိုင်းညွှန်ပြသည်။
ဒုတိယ အမျိုးအစားမှာ ကာလစည်းကမ်းသတ် ဥပဒေ ပထမဇယား အမှတ်စဉ် ၁၄၄ နှင့် သက်ဆိုင် သည်။
ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယား အမှတ်စဉ် ၁၄၄ တွင် ဤဇယားတွင် အခြားနည်း အထူးပြဌာန်း လျက်မပါသော မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုဖြစ်စေ၊ ထိုပစ္စည်းကို အကျိုးခံစားခွင့်ကိုဖြစ်စေ ရလိုမှုသည် တရားပြိုင်၏ လက်ရှိဖြစ်ခြင်းသည် တရားလိုနှင့် ဆန့်ကျင်လာသည့်အခါကစ၍ ၁၂ နှစ် အတွင်းစွဲဆိုရမည်ဖြစ်ကြောင်းပြဌာန်းထားသည်။
ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ် ၁၄၄ ပြဋ္ဌာန်းချက်အရ ဆိုပါက တရားပြိုင်၏လက်ရှိ ဖြစ်ခြင်းသည် တရားလို ဆန့်ကျင်လာသည့်အခါကစ၍ ၁၂ နှစ်အတွင်း တရားစွဲဆိုရသည်။
အမွေဆိုင်တစ်ဦးသည် အမွေပုံပစ္စည်းကို လက်ရှိထားခြင်းသည် သာမန်အားဖြင့် ဆိုပါက ထိုပစ္စည်းကို အခြားအမွေဆိုင်အားလုံးအတွက် လက်ရှိထားသည်ဟု ယူဆရမည်ဖြစ်သည်။ မမြကြင် နှင့် မအေးတင် (၁၉၆၃၊ မတစ၊ စာ ၉၈၃) ၊ ဦးဘဖေ နှင့် မချိုတီ (၁၉၆၆၊ မတစ၊ ၇၂၇) တို့တွင်ကြည့်ပါ။
မြန်မာဗုဒ္ဓဘာသာများသည် အမွေပစ္စည်းကို အတူပိုင်ဆိုင်သူများအဖြစ် ဆက်ခံသူဖြစ်ရာ အတူပိုင်သူများအနက် တစ်ဦးက အတူပိုင်သည့်ပစ္စည်းကို ဆန့်ကျင်လက်ရှိထားရာ ရောက်စေရန်အလို့ငှာ၊ ထိုသူသည် ပူးတွဲအတူပိုင်သူများအား ထိုပစ္စည်းမှ ပယ်ထုတ်ပစ်ခြင်း တစ်နည်းအားဖြင့် မောင်ပိုင်စီးခြင်းရှိရမည်အပြင် ထိုသို့ ပယ်ထုတ်ပြီးနောက် သို့မဟုတ် မောင်ပိုင်စီးပြီးနောက် အနည်းဆုံး ၁၂ နှစ်ကြာ လက်ရှိထားမှုလည်းရှိရမည်။ မသိန်းစောအေး(ခ)မအေးအေးလင်း နှင့် ဒေါ်မချေ(ခ)ဒေါ်ကြည်ကြည် ပါ ၁၃ (၂၀၀၄၊ မတစ၊ စာ ၁၃၆(၁၄၂))အမှုတွင် ကြည့်ပါ။
အမွေဆိုင်တစ်ဦးက ပူးတွဲအမွေဆိုင်အပေါ် အမွေဝေစုရလိုကြောင်း စွဲဆိုသောအမှုတွင် မရွှေ့ မပြောင်း နိုင်သော ပစ္စည်းနှင့်စပ်လျဉ်း၍ ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ် ၁၄၄ ပြဋ္ဌာန်းချက်အရ ယင်း မရွှေမပြောင်းနိုင်သော အမွေပစ္စည်းလက်ရှိဖြစ်သူ အမွေဆိုင်က အခြားအမွေဆိုင်များအပေါ် ဆန့်ကျင်၍ ယင်းပစ္စည်းကို လက်ရှိထားသည့်အချိန်က စတင်ရေတွက်ရန်ဖြစ်သည်။
----
ပဏာမငြင်းချက် နှင့် အမွေမှု ကာလစည်းကမ်းသတ်
စွဲဆိုလာသော အမွေမှု ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းရှိမရှိ ပဏာမငြင်းချက်အရ ဆုံးဖြတ်ရာတွင် အထက်တွင်ဖော်ပြထားသော အမွေမှု အမျိုးအစားပေါ်မူတည်၍ ခွဲခြားရမည်ဖြစ်သည်။
ပထမအမျိုးအစား အမွေမှု အတွက် ကာလစည်းကမ်းသတ်ကို လိင်တူမိဘ သေဆုံးချိန် နှင့် ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုသည့် အချိန်မှစ၍ တွက်ချက်ရသည်ဖြစ်ရာ အဆိုလွှာပေါ်အခြေပြု၍ အဆုံးအဖြတ်ပြုနိုင်ပေသည်။ အဆိုလွှာတွင် လိင်တူမိဘ သေဆုံးချိန် နှင့် ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုသည့် အချိန်တို့မှစ၍ တရားစွဲဆိုနိုင်ရန် အကြောင်း ပေါ်ပေါက်ကြောင်း အဆိုပြုဖော်ပြထားသောကြောင့်ဖြစ်သည်။ မဖော်ပြထားလျှင် မူ အဆိုလွှာကို ပြင်ဆင်စေရန်ဖြစ်သည်။
ဒုတိယအမျိုးအစား အမွေမှု အတွက် အဆိုအချေအရ ပဏာမငြင်းချက်ဖြင့် အဆုံးအဖြတ်ပေးနိုင်ရန် ခက်ခဲပေသည်။
အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်း ဒုတိယအမျိုးအစားအမွေမှုသည် အမွေရှင်သေဆုံးသည့်နေ့မှ ကာလစည်းကမ်းသတ်ကို ရေတွက်ရန်မဟုတ်ပေ။
ရွှေပြောင်းနိုင်သောအမွေပစ္စည်းလက်ရှိဖြစ်သည့်နေ့မှ ၆ နှစ် နှင့် မရွှေ့မပြောင်းနိုင်သော အမွေပစ္စည်းကို ဆန့်ကျင်လက်ရှိထားသည့်နေ့မှ ၁၂ နှစ်အတွင်းစွဲဆိုရမည်ဖြစ်သည်။
အမိန့် ၁၁ ၊ နည်းဥပဒေ ၁ အရလည်းကောင်း၊ အမိန့် ၆ ၊ နည်းဥပဒေ ၅ အရ လည်းကောင်း တရားလိုထံမှ ကျမ်းကျိန် ၀နျခံခကျြမြားရရှိထားလြှငျမူ ပဏာမငြင်းချက်အပေါ်ဖြေဆိုကောင်းဖြေဆိုနိုင်မည်ဖြစ်သော်လည်း အများအားဖြင့်မူ ကာလစည်းကမ်းသတ်ပြဿနာသည် သက်သေခံချက်များအပေါ် အခြေပြုနေသည်ကိုတွေ့ရှိရသည်။
ကာလစည်းကမ်းသတ်နှင့်စပ်လျဉ်း၍ အကြောင်းခြင်းရာအပေါ် အငြင်းပွားနေလျှင် ယင်းအချက်ကို ပဏာမငြင်းချက်တွင် အဆုံးအဖြတ်ပြုရန်မဟုတ်ကြောင်း ဒေါ်အေးစိန်ပါ ၂ နှင့် ဒေါ်သန်းသန်းနု (၁၉၈၄၊ မတစ၊ စာ ၂၁) တွင် ညွှန်ပြသည်။
ထို့ပြင် ဦးမြမောင် နှင့် ဒေါ်ရင်မြပါ ၃ ဦး (၁၉၇၈၊ မတစ၊ စာ ၉၀)အမှုတွင် ဥပဒေကောက်ချက် နှင့် အကြောင်းခြင်းရာကောက်ချက် များ ရောထွေးလျက်ရှိသောအခါ တရားရုံးသည် အကြောင်းခြင်းရာနှင့် ပတ်သက်သော သက်သေစစ်ချက်များ ရယူပြီးမှသာ ဥပဒေကောက်ချက် နှင့် အကြောင်းခြင်းရာ ကောက်ချက်တို့ကို တပြိုင်တည်း ဆုံးဖြတ်ပေးရန်ဖြစ်သည် ဟု ညွှန်ပြသည်။
သို့ဖြစ်ရာ အမွေမှု ဒုတိယ အမျိုးအစား တွင် ရွှေ့ပြောင်းနိုင်သော အမွေပစ္စည်းများ လက်ရှိဖြစ်ခြင်းကို လည်း ကောင်း၊ မရွှေ့မပြောင်းနိုင်သော အမွေပစ္စည်းများ ပါရှိသည့် အချက်များတွင် တရားပြိုင်၏ဆန့်ကျင်လက်ရှိထားမှုကိုလည်းကောင်း တရားလို၏၀န်ခံချက် နှင့် အဆိုအချေအရ နှစ်ဖက် မငြင်းကွယ်နိုင်သော သက်သေခံချက်များမရှိပါဘဲလျက် ကာလစည်းကမ်းသတ် ပြဿနာကို ပဏာမငြင်းချက်အဖြစ် အဆုံးအဖြတ်ပြုနိုင်မည်မဟုတ်ပါ။
သက်သေခံချက်များရယူရန်လိုအပ်မည်ဖြစ်ပါသည်။
---
ပဏာမဒီကရီ နှင့် အမွေမှု ကာလစည်းကမ်းသတ်
အမွေမှု ပထမအမျိုးစားအတွက် ကာလစည်းကမ်းသတ်ပြဿနာမှာ ပဏာမငြင်းချက်နှင့်ပင် အဆုံးအဖြတ် ပြုနိုင်သည်ဖြစ်ရာ ပဏာမဒီကရီချမှတ်သည့်အဆင့်သို့ ယင်းပြဿနာ ရောက်ရှိရန်အကြောင်း ရှိမည်မဟုတ်ပါ။ အမွေရှင် သေဆုံးသည့်နေ့ နှင့် ကျန်ရစ်သူ မိဘ နောက်အိမ်ထောင်ပြုသည့်နေ့ အငြင်းပွားချက်ရှိလျှင်မူ သက်သေခံ ချက် ရယူရန် လိုအပ်မည်ဖြစ်၍ တစ်မျိုးဖြစ်ပါမည်။
အမွေမှု ဒုတိယအမျိုးစားအတွက် ကာလစည်းကမ်းသတ်ပြဿနာမှာ ပဏာမဒီကရီချမှတ်သည့်အဆင့်တွင် အဆုံးအဖြတ်ပေးနိုင်ခြင်းရှိမရှိ အငြင်းပွားစရာရှိပါသည်။
မမြစန်း နှင့် မမိုးစိန် ပါ ၄ (၁၉၉၈၊ မတစ၊ ၁၆၉)တွင် အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုတွင် အဆင့် ၂ ဆင့်ရှိသည်။ တရားလိုစွဲဆိုသောအမှုသည် ကာလစည်းကမ်းသတ်ကျော်လွန်ခြင်း ရှိမရှိမှာ ပဏာမ အဆင့်တွင် ဆုံးဖြတ်ရမည့်ပြဿနာဖြစ်သည်။ ဟု ညွှန်ပြသည်။
အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုတွင် ပဏာမဒီကရီ ချမှတ်သည့်အဆင့်တွင် မည်သည့်ပစ္စည်းသည် အမွေပုံ ပစ္စည်းဟုတ်မဟုတ် မဆုံးဖြတ်သင့်သကဲ့သို့ အမွေပုံပစ္စည်းတွင်ပါမပါ ဆိုသည့်ကိစ္စကို စုံစမ်းစစ်ဆေးခြင်းမပြုသင့် ကြောင်း စီရင်ထုံးများက ညွှန်ပြသည်။ ၁၉၆၄၊ မတစ၊ စာ ၁၁၄ ၊ ၁၉၆၅ မတစ စာ ၈၇ တို့တွင်ကြည့်ပါ။
အမွေပစ္စည်းကျန်ရစ်ကြောင်း အခြားနည်းဖြင့်ပေါ်ပေါက်လျှင် အချင်းဖြစ်ပစ္စည်းမှာ အမွေပုံတွင် ပါ၊ မပါ ပဏာမဒီကရီအဆင့်တွင် ဆုံးဖြတ်ရန်လိုမည်မဟုတ်သည်မှာ စီရင်ထုံးများအရ ထင်ရှားသဖြင့် ကာလစည်း ကမ်း သတ်ကိစ္စကို ပဏာမဒီကရီအဆင့်၌ ဆုံးဖြတ်ရန် ဖြစ်သည်ဟု တထစ်ချ မှတ်ယူရန်မဟုတ်။ အမွေခွဲဝေရန် ပစ္စည်းသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းတစ်ရပ်တည်းဖြစ်ပြီး ကာလစည်းကမ်းသတ်ပြဿနာ ပေါ်ပေါက်ပါကမူ ပဏာမဒီကရီ အဆင့်မှာပင် ဆုံးဖြတ်ရန်ဖြစ်သည်။ ( ဦးမြ၊ အမွေမှုများ၊ တတိယအကြိမ်၊ စာ ၁၅၈)
---
လေးစားစွာဖြင့်
#crd
#ဥပဒေရေးရာ
Copy