Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ပြောင်းလဲမှုအသစ်တွေနဲ့ Chrome Browser

March 29, 2023 183 views
ပြောင်းလဲမှုအသစ်တွေနဲ့ Chrome Browser

" ပြောင်းလဲမှုအသစ်တွေနဲ့ Chrome Browser "

ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်)

အွန်လိုင်းမှာတကယ်တမ်းပညာရှာမယ် အသိပညာဗဟုသုတတွေ ဆည်းပူးမယ်။ Download ချမယ်ဆိုရင် browser တွေရဲ့ အခန်းကဏ္ဍက အရေးပါတုန်းပါပဲ။ မြန်မာပြည်ရဲ့အင်တာနက်ခေတ်ဦးမှာ ကျွန်တော်တို့ IE (Internet explorer) ကိုသုံးခဲ့ကြပါတယ်။ Windows OS ထဲမှာ တစ်ပါတည်းပါတော့ သုံးရ လွယ်ပေသကိုး။ ဒါပေမဲ့ IE က အလုပ်လုပ်ပုံနှေးတယ်။ အွန်လိုင်းအတွက် လိုအပ်ချက်တွေရှိတယ်။ 
အဲဒီအချိန်မှာ Firefox browser ထွက်လာတော့ ကျွန်တော်တို့ပြောင်းသုံးပါတယ်။ Page loading က IE ထက် အပုံကြီးမြန်တယ်။ အပိတ်အဆို့တွေများတဲ့ ခေတ်ကြီးထဲမှာ သူက proxy  ပြောင်းရတာ အလွန်လွယ်ပါတယ်။ အဲဒီအချိန်မှာ social media အခြေပြုတဲ့ Flock လို browser  တချို့ ထွက်နေပြီဆိုပေမယ့် Firefox ကို မကျော်နိုင်ပါဘူး။
Firefox အတော်လေး လျှမ်းလျှမ်းတောက်ဖြစ်ပြီး နှစ်နှစ်လောက်အကြာမှာ Chrome browser ထွက်လာပါ တယ်။ Google  က ထုတ်တဲ့ browser ၊ search engine ကလည်း Google ပြီးတော့ ဝန်ဆောင်မှုအားလုံးကိုလည်း သူ့ထဲမှာတစ်ပါတည်း ထည့်ထားပေးပြီးသား။
ကြိုက်စရာတွေချည်းဆိုတော့ အွန်လိုင်းပရိသတ်တွေ ဝိုင်းပြီးသုံးကြပါတယ်။ ဘာကြာလို့တုန်း တစ်နှစ် နှစ်နှစ် လောက်ကာလအတွင်းမှာပဲ Chrome က Firefox ကို ဖြတ်တောက်သွားပါတယ်။
နဂိုတုန်းက Firefox အားသာတာမှာ extension တွေဗုံးဘောလအော ထည့်နိုင်တာပါသကိုး။ နောက်ပိုင်း Chrome က extension တွေထည့်လာ နိုင်တော့ Firefox ထက်ပိုပြီး ပြည့်စုံလာပါတယ်။ မကောင်းတာက ဖိုင် အရွယ်အစားကလည်း သိပ်ကြီးလာပါတယ်။ ၂ဝ၁ဝ ခုနှစ်လောက်မှာ အိမ်က laptop ထဲအင်တာနက်သုံးဖို့ Chrome ကိုဆွဲချတော့ သူ့ရဲ့မူလဖိုင် အရွယ်အစားကတင် 150 mb ရှိနေပြီ။ Extension တွေ ထည့်ရင် ထည့်သလောက် ဖိုင်အရွယ်အစားက ကြီးလာဦးမှာလေ။
အခုအချိန်မှာ Chrome Stable version က 55.0 ကို ရောက်နေပြီ။ ဖိုင် အရွယ်အစားကလည်း  200 MB လောက်ရှိနေပါပြီ။ ဖိုင်အရွယ်အစားကြီး လာတာနဲ့အမျှ System resource စားတာလည်း များလာပါတယ်။ မင်မိုရီကို 228 MB လောက်အထိ စားလာပါတယ်။ နောက်ထပ် extension တွေ ပြွတ်သိပ်ပြီးထည့်ဖို့ မစဉ်းစားနဲ့။ အခြေအနေပိုဆိုးပါမယ်။ Chrome ရဲ့ resource စားသုံးမှုဒဏ်ကို အရမ်းခံစားရတာက hardware ပိုင်းနိမ့်တဲ့ ကွန်ပျူတာတွေပါ။
မိုဘိုင်းအင်တာနက်ခေတ်ကြီးထဲမှာ Chrome ကို ကွန်ပျူတာပေါ်မှာ တင်သုံးတာမဟုတ်ပါဘူး။ မိုဘိုင်းဖုန်းပေါ်က browser အနေနဲ့ပါသုံးတာ။ ဒီလိုသာ ပြဿနာရှိနေရင် ခက်မယ်။ ဒါကြောင့် Google က Chrome ကို အခြေခံကျတဲ့ အပြောင်းအလဲတွေ စပြီးလုပ်လာရပါတယ်။ အပြောင်းအလဲမှာ ဘာတွေထူးခြားလာမှာလဲ။ RAM စားသုံးတာ သိသိသာသာ လျှော့ကျစေဖို့ ကြိုးစားထားတယ်လို့ Google က ပြောပါတယ်။ RAM  စားသုံးမှုများတဲ့ကိစ္စက Chrome နဲ့ပတ်သက်ပြီး လူတွေစောဒကအတက်ဆုံးအကြောင်းအရာဖြစ်လို့ပါ။
Chrome Developer တွေပြောတာကလည်း Java Script engine က အရင်ကထက်ပိုကောင်းအောင် ရေးဆွဲထားတယ်လို့ဆိုပါတယ်။ ဒါကြောင့် Chrome ဟာ အရင်ထက်ပိုတည်ငြိမ်လာပြီး Crash ဖြစ်မယ့် အခွင့်အရေး နည်းသွားပါလိမ့်မယ်။ Chrome ကိုသဘောကျလွန်းလို့ တစိုက်မတ်မတ် သုံးလာပါတယ်ဆိုတဲ့ လူတွေတောင် Chrome ဒဏ်ကို မခံနိုင်ပါဘူး။ Chrome က မင်မိုရီစားတာအရမ်းကြမ်းတယ်။ ဒီတော့ ကွန်ပျူတာ အလုပ်လုပ်တာအရမ်းလေးပါတယ်။ တစ်ခါတစ်ခါမှာ hang သွားပါတယ်။ Developer တွေလုပ် ထားတဲ့ အပြောင်းအလဲတွေဟာ version 55.0 မှာမှ ပါလာမှာပါ။ လောလောဆယ်မှာ 55.0  က Bata version ပဲရှိပါသေးတယ်။ Stable version အနေနဲ့က ဒီဇင်ဘာလထဲကျမှ ထွက်မှာပါ။
RAM စားတဲ့အလုပ်က မလျှော့လို့မဖြစ်ပါဘူး။ ကွန်ပျူတာဖွင့်ပြီဆိုရင် ကိုယ်သုံးတဲ့ application အားလုံးနဲ့ OS ဟာ RAM ကိုသုံးပြီး အလုပ်လုပ်ရတာဖြစ်ပါတယ်။ Chrome ဟာ RAM အရမ်းစားနေရင် တခြား  app တွေဟာ RAM လုံလောက်အောင်မရတဲ့အတွက် ဒုက္ခရောက်မှာပါ။ RAM စားတဲ့ပြဿနာဟာ browser အတော်များများ မှာ ထူးထူးခြားခြား တွေ့ရတဲ့ကိစ္စပါ။ Browser သုံးရင်းက တခြားအလုပ်တွေကိုလည်း multi tasking  သဘောမျိုးခိုင်းတာကိုး။ ကွန်ပျူတာမှာ RAM 4 GB ထက်နည်းမယ်ဆိုရင် အဲဒီကွန်ပျူတာအသေရုန်းရပြီ။ Ctrl + Alt+ Del ကိုတွဲနှိပ်ပြီး Task Manager  ကိုခေါ်ကြည့်ပါ။ Chrome က RAM ဘယ်လောက်သုံးသလဲဆိုတာ တွေ့ရပါမယ်။
Chrome ရဲ့ RAM ပြဿနာက တစခန်းထတော့ Microsoft ဟာ သူ့ Edge browser မင်မိုရီအစားနည်းတဲ့ အကြောင်း ဘက်ထရီအစားနည်းတဲ့ အကြောင်း ထပြီးကြေညာပါတယ်။ Edge ကိုသုံးပြီး Video Streaming  ကြည့်တဲ့အခါမှာ ၁၃ နာရီ ၂၅ မိနစ်လောက် laptop ဘက်ထရီခံပါတယ်။ Chrome ကိုသုံးရင် ဘက်ထရီ အသုံးခံချိန် တစ်နာရီကျော်ကျော် လျော့တာတွေ့ရပါမယ်။ Chrome 55.0 Beta  အတွက် video streaming သုံးပြီး စမ်းတဲ့အချိန်မှာ အရင် version တွေထက် ဘက်ထရီအစား ၁၅ ရာခိုင်နှုန်းသက်သာတာတွေ့ရပါတယ်။ 
Developer တွေအပြောကတော့ Chrome 55.0 ဟာ အရင် version  တွေထက်စာရင် RAM သုံးတာ ၄ဝ-၅ဝ% လျော့နည်းမယ်လို့ဆိုပါတယ်။ ဒီအတိုင်းမှန်ရင် ကွန်ပျူတာအလုပ်လုပ်တာပိုမြန်လာမှာဖြစ်ပြီး hang ဖို့ လည်း အခွင့်အရေးနည်းသွားပါမယ်။ Chrome တွေကို တခြား mobile device တွေမှာလည်း သုံးတာဖြစ်လို့ တက်ဘလက်နဲ့ မိုဘိုင်းဖုန်းပေါ်က Chrome မှာပိုတည်ငြိမ်လာမှာဖြစ်ပြီး RAM 1 GB အောက်သုံးထားတဲ့ မိုဘိုင်း ဖုန်းအနိမ့်တွေမှာ ပိုပြီးသိသာပါမယ်။
Tab နည်းနည်းပဲဖွင့်ပြီးသုံးတာထက်စာရင် တခြား app တွေ အများကြီး တစ်ပြိုင်တည်းဖွင့်သုံးတဲ့အခါမျိုးမှာ ဒါမှမဟုတ် Multiple tab  တွေဖွင့်ပြီး သုံးတဲ့အခါမှာ ပိုပြီးသိသာပါမယ်။ ကွန်ပျူတာအဟောင်းတွေမှာ RAM မှာ 2 GB လောက်ပဲသုံးတဲ့အပြင် ဖုန်းမော်ဒယ်အဟောင်းတွေမှာလည်း RAM 512 MB လောက်ပဲသုံးတာမို့ ထင်ရှားတဲ့ရလဒ်ကို တွေ့ရပါမယ်။ ဒီဇင်ဘာလမှာထွက်မယ့် stable version မထွက်မီ စမ်းသုံးကြည့်မယ် ဆိုရင် Chrome Developer version  ကို သုံးနိုင်ပါတယ်။ ဒီ version ကို Canary လို့ခေါ်ပါတယ်။ www.bit.ly/canary 408 ကနေ download  ချနိုင်ပါတယ်။  Canary  ကို စမ်းသုံးသူတွေအတွက် Google ရဲ့အမှာက ပြဿနာကြုံရင်ကြုံမယ်။ သွေးမပျက်ပါနဲ့တဲ့။
Chrome ဟာ ၂ဝ၁၂ ခုနှစ် ဇွန်လကစပြီး ကမ္ဘာ့လူသုံးအများဆုံး browser ဖြစ်လာခဲ့တာပါ။ အဲဒီအချိန်ကစပြီး Chrome ရဲ့အသုံးဟာ တဖြည်းဖြည်းတက်လာလိုက်တာ ခုအချိန်မှာ သူ့ရဲ့ဈေးကွက်ဝေစုဟာ ၅ဝ ရာခိုင်နှုန်း ကျော်ရထားပါတယ်။ ဒီလိုအောင်မြင်လာတဲ့ app မျိုးမှာ တခြားသူတွေဘာပြောပြောနားမဝင်ဘဲ Developer  တွေက သူထင်ရာစိုင်းတတ်ပါတယ်။ ဒါပေမဲ့ Google ရဲ့နောက်ဆုံးပြုပြင်ပြောင်းလဲချက်တွေက သုံးစွဲသူတွေ အပေါ် အလေးထားတဲ့အကြောင်း သုံးစွဲသူတွေ ရဲ့ စောဒကကို ဂရုစိုက်တဲ့အကြောင်း ပြလိုက်တာပါ။
ဒီဇင်ဘာမရောက်မချင်း Google ရဲ့ပြုပြင်ပြောင်းလဲချက်တွေက ဘယ်လောက်အထိ သွားမယ်ဆိုတာ မသိသာသေးပါဘူး။ တကယ် ထွက်လာရင်လည်း Google ပြောတဲ့အတိုင်း Chrome ရဲ့ Speed နဲ့ stabilty  အပိုင်း တိုးတက်ရဲ့လားဆိုတာ ပညာရှင်တွေက စစ်ကြဦးမှာပါ။ ဦးဆောင် browser နေရာကနေ လောလော ဆယ်လျှော့ကျသွားဖို့ မရှိပေမယ့် Chrome ဖြေရှင်းရမယ့် အဓိကပြဿနာကြီးနှစ်ခုရှိပါသေးတယ်။ အဲဒါကတော့ Edge မှာလို Laptop တွေမှာ ဘက်ထရီအသုံးခံချိန်ကို မြှင့်တင်ပေးဖို့ရယ် Opera မှာလို VPN  တစ်ခါတည်း တွဲထည့်ပေးနိုင်ဖို့ ရယ်ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)
……………

Ref: NetGuide Journal

Credit…

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts