Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အိမ်ခြံမြေ ဝယ်ရင်လေ ပါမစ်အဟောင်းနဲ့အသစ် ခွဲခြားသိဖို့ လိုအပ်ပေ

March 31, 2023 181 views
အိမ်ခြံမြေ ဝယ်ရင်လေ ပါမစ်အဟောင်းနဲ့အသစ် ခွဲခြားသိဖို့ လိုအပ်ပေ

အိမ်ခြံမြေ ဝယ်ရင်လေ ပါမစ်အဟောင်းနဲ့အသစ် ခွဲခြားသိဖို့ လိုအပ်ပေ
====================================================================================

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ (၀၉ ၇၈၀ ၅၅၅ ၉၂၄)

အိမ်ခြံမြေအရောင်းအဝယ်တွေ ကောင်းနေတဲ့ ကာလမျိုးတွေမှာ မြေချပါမစ်ကနေဂရန်သစ်လျှောက်နေကြသူတွေလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(၄၆လမ်း)ရုံးထဲမှာ အပြည့်ပါဘဲ ၊ အနှစ် (၆၀) ဂရန်ဖြစ်သွားရင် ရောင်းမထွက်ဘူး ၊ ပြန်ရောင်းရင်လည်းအခွန်ဆောင်ရတာများလို့ ဝယ်သူတွေကမကြိုက်ကြဘူး ဆိုပြီး မြေချပါမစ်မူရင်းကိုင်ထားသူတွေလည်း အများကြီးရှိပါတယ်။ပါမစ်ကိုင်ထားတာ စိတ်ချရတယ်လို့ ပြောတဲ့သူတွေကို"မောင်ကောင်းဖေမေးကြည့်ချင်ပါတယ် ။

ဂရန်ကခိုင်မာတယ် မြေချပါမစ်ကတော့ ပြောင်းလဲနိုင်တယ်
-
အနှစ် (၆၀) ဂရန်သစ် ရလာပြီဆိုရင် မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ဖြင့် တရားဝင်ရောင်းချနိုင်တယ် ၊မေတ္တာဖြင့် အပိုင်ပေးကမ်းနိုင်တယ် ၊ အပြန်အလှန် စွန့်လွှတ်နိုင်တယ် ၊လှူဒါန်းခြင်း ၊ ပေါင်နှံခြင်း စသည်တို့ကို ဆောင်ရွက်နိုင်တယ်။ မြေချပါမစ်စာရွက်တွေမှာ ပါတဲ့စည်းကမ်းချက်တွေကို သေချာဖတ်ကြည့်လိုက်မယ်ဆိုရင်တော့ နောင်ရေးစိတ်မအေးစရာ ဖြစ်နေတာတွေ တွေ့ရပါလိမ့်တယ် ။

ဂရန်မလုပ်ဘဲ ပါမစ်ကိုသာကိုင်ထားရင် စိတ်ချရပါ့မလားမောင်ကောင်းဖေ မေးမယ်

အနှစ် (၆၀)ဂရန်ကတော့ တရားဝင်ရောင်းချခြင်း ၊ ပေါင်နှံခြင်း၊ တစ်ဆင့်လွဲပြောင်းပေးခြင်းတို့ ပြုလုပ်နိုင်ခွင့်ရှိကြောင်း တွေ့ရပါလိမ့်မယ်။ ပါမစ်မြေကတော့ အကွက်ချထားပေးပါလျက် ၊ အိမ်မဆောက်ဘဲထားရင် ပြန်သိမ်းမယ်လို့လည်း စည်းကမ်းချက်တွေပါနေတာကို တွေ့ရပါလိမ့်မယ် ။ ဒါဖြင့် အခုဘာလို့ အရောင်းအဝယ် လုပ်လို့ ရနေတာလဲ ၊ ပေးကမ်းလို့ ရနေတာလဲလို့ မေးစရာရှိပါတယ် ။ ဒါကတော့ အစိုးရအပေါ်မှာပဲ မူတည်နေပါတယ်။

မြေကွက်ရှိသော်လည်း ပစ်ထားလို့မရ၊ အဆောက်အဦးဆောက်မှရ

တစ်ချိန်က စက်ရုံတည်ဆောက်ခြင်းမရှိတဲ့ မြေကွက်တွေ ပြန်သိမ်းမယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ကြော်ငြာလိုက်တာနဲ့ မြေရှင်တွေဟာ ပြာပြာသလဲ ဖြစ်ကြပြီး ၊ စက်ရုံတွေ ဆောက်လိုက်ကြတာ မြေကွက်လပ်တောင် သိပ်မတွေ့ရတော့ဘူး၊ မယုံရင် (ဒဂုံတောင် ၊ ဒဂုံအရှေ့) စက်မှုဇုံတွေ သွားကြည့်ပါလား။ အဆောက်အဦးတွေတောင် ရှိပြီဆိုတော့ ဂရန်လုပ်ကြတော့မှာပေါ့ ။

ဂရန်သစ်လျှောက်တဲ့အခါ အဟောင်းပါမစ်လွယ်ပေမယ့် အသစ်ပါမစ်အချိန်ပေးရ

ပါမစ်အဟောင်းသမားတွေက သတင်းစာကြော်ငြာခြင်း၊ကွင်းဆင်းစစ်ဆေးခြင်းတို့ကို မြေစီမံဌာနက လုပ်ပေးတာ အဆင်ပြေကြတယ်လို့ သိရတယ် ။ ၂၀၁၅ ခုနှစ်မှာရတဲ့ ပါမစ်အသစ်တွေကတော့ ပါမစ်အဟောင်းလို လျှောက်ရတာ အဆင်မပြေကြဘူး။ အိုးအိမ်က စည်ပင်ကို လွှဲပေးခဲ့တဲ့ မြေကွက် စာရင်းထဲမှာ မပါလို့ အိုးအိမ်ကို ပြန်မေးရပြန်ပါတယ် ။ အခုစည်ပင်မှာ ဂရန်သစ် လာလျှောက်တဲ့ မြေကွက်တွေဟာ အိုးအိမ် မြို့မြေစာရင်း မှတ်တမ်းမှာ မြေတိုင်း၊ မြေကွက်အမှတ် ၊ အမည်ပေါက်..မှန်ကန်ပါတယ်လို့ အိုးအိမ်က စည်ပင်ကိုအကြောင်းပြန်ပေးပါတယ် ။ဒါဆိုရင်ဂရန်သစ်ရဖို့ သေချာပြီလို့ အားတက်ခဲ့ရပေမယ့် ပါမစ်မြေကွက်အသစ်တွေဆိုပြီး ဂရန်သစ်ထုတ်ပေးသင့် / မသင့် အစည်းအဝေးဆုံးဖြတ်ချက် မလုပ်ရသေးလို့ ခေတ္တစောင့်ဆိုင်းပါဦးလို့ မြေစီမံဌာနက အကြောင်းပြန်ပါတယ်။

(မှတ်ချက်။      ။ မြေချပါမစ်အသစ်ဖြစ်ရင် ငွေသွင်းပြေစာ(မူရင်း) တင်ပြပေးရတယ်လို့လည်း သိရပါတယ်။)

ဒါကြောင့် စာဖတ်မိတ်ဆွေများ ပါမစ်(အဟောင်းနဲ့အသစ်) ခွဲခြားဝယ်နိုင်ကြပါစေ။

#လွှတ်တော်ရှေ့နေမောင်ကောင်းဖေ
 

Related Posts