Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ထူးထူးခြားခြား အိုးအိမ်အထူးဂရန် လျှောက်လိုပါသလား

April 3, 2023 235 views
ထူးထူးခြားခြား အိုးအိမ်အထူးဂရန် လျှောက်လိုပါသလား

ထူးထူးခြားခြား အိုးအိမ်အထူးဂရန် လျှောက်လိုပါသလား
********************************************************************************************************************************

လွှတ်တော်ရှေ့နေ “မောင်ကောင်းဖေ”

☎️ 09251015089

အိမ်ခြံမြေ ရောင်း ဝယ် ဌား ကိုယ်တွေ့
“””””””””””””””””””””””””””””””””””””””
စာအုပ်များ ရေးသားပြုစု ထုတ်ဝေသူ
“””””””””””””””””””””””””””””””””””””””

"မောင်ကောင်းဖေ"တို့အိမ်ခြံမြေလောကတွင် ယခုကဲ့သို့ အိမ်ခြံမြေအရာင်းအဝယ်များအေးသွားသည့် အချိန်တွင်အိမ်ခြံမြေဝယ်ရောင်းများမှာ ယခင်ကဝယ်ထားသောမြေကွက်များကို ပါမစ်မှ ဂရန်သစ်လျှောက်ထားသူရှိသလို မြေချစလစ်စာရွက်ကို အဆင့်ဆင့်ဝယ်ယူထားသူများမှာလည်း ပါမစ်ရရန်လျှောက်ထားကြသည်။

မြို့သစ်ထက် မြို့ဟောင်းက ဂရန်လုပ်ရခက်
================================================================

ယင်းသို့လျှောက်ထားရာတွင် မြို့သစ်များမှ ပါမစ်၊ စာရွက်စာတမ်းများကို ဂရန်သစ်လျှောက်ထားရာတွင် လိုအပ်သည့်ဘအထောက်အထားမူရင်းများ တင်ပြပါက အချိန်တန်လျှင် ဂရန်ထုတ်ယူ၍ ရကြသည်ကို တွေ့ရသည်။ သို့သော် မြို့ဟောင်းများဖြစ်သည့် သမိုင်း၊ အင်းစိန်၊ ကြို့ကုန်း၊ မရမ်းကုန်းမြို့နယ်များရှိ မြေကွက်များကို
ဂရန်သစ်လျှောက်လျှင် အထောက်အထားများ ရှာဖွေတင်ပြရသည်မှာ အခက်အခဲများနှင့်ကြုံရတတ်သည်။

မြေပိုင်ဆိုင်မှု မြေခွန်ပြေစာ အရေးအကြီးဆုံး
================================================================

စာတမ်းမူရင်းများမှာလည်း မတူညီကြပေ။ အချို့သောမြေရှင်များမှာ မိမိတို့မြေကွက်တွင် နေထိုင်လာခဲ့သည်မှာ အနှစ် (၄ဝ)ခန့်အထိ။ မိဘလက်ထက်မှ သားသမီးလက်ထက်ထိ နေထိုင်လာခဲ့သည်မှန်သည်။ အိမ်ထောင်စုစာရင်းများဖြင့် နေထိုင်လာခဲ့သည်မှာမှန်သည်။ သို့သော် မိမိတို့၏ မိဘအမည်ဖြင့် လယ်မြေပြေစာပြနိုင်ခြင်း၊ အိုးအိမ်ဦးစီးဌာနမှ မြေခွန်ပြေစာကိုင်ဆောင်ထားခြင်း၊ လျှပ်စစ်မီတာတွင် အမည်ပေါက်ပြေစာပြနိုင်ခြင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှအခွန်ကောက်ယူထားသည့် ရေခွန်၊ မီးခွန်၊ သန့်ရှင်းရေးခွန် စသည်တို့ကိုသာ ပြနိုင်သည်ကိုတွေ့ရသည်။

"အိမ်မြေပိုင်ဆိုင်မှု အရေးအကြီးဆုံးဖြစ်သည့် မြေခွန်ပြေစာပြနိုင်သူမှာ အလွန်ရှားသည်။" မြေနှင့်ပတ်သက်လာလျှင် မြေခွန်ပြေစာအရေးအကြီးဆုံးဖြစ်သည်ကို သတိမထားမိကြပေ။ မိဘလက်ထက်ကတည်းက အစဉ်အဆက်နေလာခဲ့ကြသော်လည်း မိဘကွယ်လွန်လျှင် အမွေဆက်ခံသည့် သားသမီးအမည်ပြောင်းကောင်းမှန်းလည်း မသိကြသူများသည်။ ပြောမည့်သာ
ပြောရသည် တစ်ချိန်က မိမိနေတဲ့မြေပိုင်ဆိုင်မှုကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကိုမေးရမည်လား၊ ကြေးတိုင်နှင့်မြေစာရင်းကိုမေးရမည်လား၊ ခွဲခွဲခြားခြားမသိကြသူလည်း များခဲ့သည်။

နေသာနေရ၊ မြေကဘာမြေမှန်းမသိ
================================================================

(၂၀၂၂) ခုနှစ်တွင် အိမ်ခြံမြေဈေးများ တရိပ်ရိပ်တက်လာသည့်အခါ သိန်း (၅၀၀) တန်မြေက သိန်းတစ်ထောင်(၁၀၀၀)ဖြစ်လာသည်။ ရောင်းမည်ကြော်ငြာ၍ ဝယ်သူကစာရွက်စာတမ်းပြပါလို့ ပြောတဲ့အခါ လွန်ခဲ့တဲ့အနှစ် (၂ဝ) ကျော်က သိမ်းထားခဲ့တဲ့ အထက်မှာဖော်ပြခဲ့တဲ့စာရွက်စာတမ်းတွေကိုသာ အဖိုးအနဂ္ဂထိုက်တန်တယ်ထင်ပြီး ထုတ်ပြကြတော့သည်။ ထိုစာရွက်စာတမ်းမျိုးများမှာ မိမိနေထိုင်ခဲ့သည့် ပိုင်ဆိုင်မှု မြေနှင့်အိမ် မှန်သော်လည်း မြေအမည်ပေါက်သူပါမလာ၍ အိုးအိမ်ရုံးတွင်ဖြစ်စေ၊ အင်းစိန်ကြေးတိုင်နှင့်မြေစာရင်းရုံးတွင်ဖြစ်စေ သွားရောက်ရှာဖွေသောအခါ မိမိတို့နေထိုင်သည့်မြို့နယ်မြေပုံကြီးတွင် မှန်းဆ ရှာဖွေရသည်မှာ "ရေမှာအရုပ်ရေး" သလိုဖြစ်နေသည်။ ယခုအခါ အဆိုပါမြို့နယ်များမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းထားကြောင်း"မောင်ကောင်းဖေ"ကြားသိရပါသည်။

စလစ်နှင့် အကြောင်းကြားစာပါသည့် မြေဝယ်သူ
================================================================

လွန်ခဲ့သော( -)နှစ်က အိမ်ခြံမြေသူဋ္ဌေးလေး ''ကိုချမ်းသာ'' တစ်ယောက် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ လေဆိပ်နှင့်မနီးမဝေးတွင် ခြံကွက်တစ်ကွက်ဝယ်ထားပြီး မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် အထူးဂရန်လျှောက်ထားကြောင်း "မောင်ကောင်းဖေ"အားလာပြသည်။ ''ကိုချမ်းသာ'' ထုတ်ပြသောစာရွက်စာတမ်းများကိုကြည့်ရသည်မှာ ယခင်က ထိုမြေမှာ ဌာနဆိုင်ရာတစ်ခုမှ ဝန်ထမ်းများအား နေထိုင်ခွင့်ချထားသော အကြောင်းကြားစာနှင့် စလစ်စာရွက်မူရင်းများဖြစ်နေသည်။

အမွေဆက်ခံသူများမှ တဆင့်ဝယ်
================================================================

သို့သော် နေထိုင်သူများမှာ မိဘလက်ထက်မှ ယခုသားသမီးများလက်ထက်အထိ ခြံဝင်းကျယ်တွင် တိုက်ဆောက်လျက် နေထိုင်လျက်ရှိသည်ကိုတွေ့ရသည်။ ထိုမြေမျိုးမှာ ပါမစ် (သို့မဟုတ်) ဂရန်အဆင့်မရှိသေးသဖြင့် မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာန နေပြည်တော်တွင်သွားရောက် လျောက်ထားရကြောင်းသိရသည်။ ဌာနဆိုင်ရာမှချထားပေးသော အကြောင်းကြားစာနှင့် စလစ်စာရွက်အမည်ပေါက်၏ သားသမီးရင်းများဖြစ်ကြောင်း ကျမ်းကျိန်လွှာပါရှိသည်ကိုတွေ့ရသည်။ ယင်းသားသမီးများထံမှ ''ကိုချမ်းသာ'' က အရပ်ကတိစာချုပ်ဖြင့်ဝယ်ယူပြီး အထူးဂရန်လျှောက်ထားခြင်း ဖြစ်ကြောင်း "မောင်ကောင်းဖေ" အားပြောပြသည်။

မြေပေါ်အခြေအနေနှင့် မြေပုံ/မြေရာဇဝင်အဓိက
================================================================

ယခုအခါလျှောက်ထားသည့် မြေတိုင်းမြေကွက်၊ ဦးပိုင်အမှတ်ဧရိယာမှန်ကန်မှု ရှိ/မရှိတွင် ကွင်းဆင်းစစ်ဆေးလျက်ရှိသည်ဟုပြောသည်။ မြေနှင့်အခွန်ဌာနခွဲမှ ဦးစီးအရာရှိ၏ "မြေပေါ်အခြေအနေ စိစစ်ပြန်ကြားပေးပါရန်” အကြောင်းကြားစာနှင့်“ မြေပုံ/မြေရာဇဝင်ရေးဆွဲပေးပို့ပေးပါရန်" မေတ္တာရပ်ခံချက်တို့ကိုလည်းထုတ်ပြ
သည်။ ယင်းသို့မြေတိုင်းတာခြင်း၊ မြေပုံ/မြေရာဇဝင်ရေးဆွဲပေးပို့ပြီးပါက အထက်အရာရှိအဆင့်ဆင့်စိစစ်ပြီး၍ မှန်ကန်ကြောင်းတွေ့ရှိပါက လျှောက်ထားသည့်မြေကွက်တွင် ကန့်ကွက်မှုရှိ/မရှိ သတင်းစာတွင်ကြော်ငြာရမည်ဖြစ်သည်။

သတ်မှတ်ရက်ပြည့်လျှင် လျှောက်ထားသည့် ဂရန်စာအုပ်ဖိုးငွေသွင်းပြီးပါက မကြာမီကာလအတွင်း အထူးဂရန် ရရှိတော့မည်ဖြစ်ကြောင်း "မောင်ကောင်းဖေ"အား ဝမ်းသာဖွယ်ရာပြောပြပါသည်။ ''ကိုချမ်းသာ''၏ပြောပြချက်အရ မြို့ဟောင်းများမှ နေထိုင်သူများအနေဖြင့် မိမိတို့မြေများကို အထူးဂရန်လျှောက်ထားလိုပါက ဆောင်ရွက်နိုင်ရန် နည်းလမ်းတစ်ခုကို "လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ" ကလေ့လာတင်ပြလိုက်ပါသည်။

✍ စာဖတ်သူပရိသတ်များ ရွှင်လန်းကျန်းမာသုခ အဖြာဖြာနှင့်ပြည့်စုံနိုင်ကြပါစေ"✍️

#လွှတ်တော်ရှေ့နေမောင်ကောင်းဖေ
 

Related Posts