လင်မယားကွာရှင်းချိန် ပစ္စည်းခွဲဝေရေး
လင်မယားကွာရှင်းချိန် ပစ္စည်းခွဲဝေရေး
======================
ရှေးဟောင်းဓမ္မသတ်များအရသော်လည်းကောင်း၊ တရားစီရင်ထုံးများအရသော်လည်းကောင်း လင်မယား ကွာရှင်းချိန် ပစ္စည်းခွဲဝေရေးနှင့်ပတ်သက်၍ အောက်ပါအချက်သုံးချက်ကို စဉ်းစားရပေမည်။
၄င်းတို့မှာ -
၁။ ကွားရှင်းမှုသည် နှစ်ဦးသဘောတူလော သို့မဟုတ် အိမ်ထောင်ရေးပြစ်မှုကြောင့်လော။
၂။ ကွာရှင်းသူများသည် အိမ်ထောင်ကြီးများလော သို့မဟုတ် ငယ်လင်ငယ်မယားလော။
၃။ ကွာရှင်းသူများ၏ အခြေအနေမှာ နိဿယ ( ထောက်ပံသူ ) နှင့် နိဿိတ ( မှီခိုသူ ) ဖြစ်သလော စသည်တို့ ဖြစ်ပေသည်။
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်မယားနှစ်ဦး သဘောတူလျှင် အချိန်မရွေး ကွာရှင်းနိုင်ကြသည်။ နှစ်ဦး သဘောတူ ကွာရှင်းလျှင် လင်ခန်းမယားခန်း လုံးဝပြတ်စဲသည်။ ယင်းသို့ နှစ်ဦးသဘောတူ ကွာရှင်းခဲ့ခြင်း ဖြစ် လျှင် ပစ္စည်းခွဲဝေရာ၌ အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းရာတွင် အခြေပြုသည့် ပစ္စည်းခွဲဝေရေးကို အသုံး မပြုနိုင်။ နှစ်ဦးသဘောတူ ကွာရှင်းရာတွင် အခြေပြုသည့် ပစ္စည်းခွဲဝေရေးသာလျှင် သက်ဆိုင်မည် ဖြစ်သည်။ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲကြောင်း ထင်ရှားလျှင် မယားဖြစ်သူသည် အိမ်ထောင်ရေးပြစ်မှုကို ကျုးလွန် စေကာမူ လင်မယား ပစ္စည်းခွဲဝေရာ၌ နှစ်ဦးသဘောတူ ကွာရှင်းခြင်းကို အခြေပြုသည့် ပစ္စည်းခွဲဝေရေးအရသာ ခွဲဝေရမည်။ “ ဦးစံ နှင့် မလှချစ် ( ၁၉၆၆ မတစ ၅၁၃ ) “။
လင်ဖြစ်သူက တစ်ကြိမ်မျှ ရက်စက်မှု ကျုးလွန်သည့်ပြစ်မှုကြောင့် မယားအား ကွာရှင်းခွင့်ပေးရာ၌ နှစ်ဦး သဘောတူ ကွာရှင်းသည့်နည်းတူ ပစ္စည်းခွဲဝေပေးကြောင်း တွေ့ရသည်။ “ဖိုးဟန် နှင့် မတလုပ် ( ၇ အယ်ဘီအာ ၇၉ ) “ မစက် နှင့် မောင်ညီပု [ ၄ ယူဘီအာ ( ၁၉၁၂-၂၂) ၆၈ ] “။
လင်သည် ပထမမယား၏ ခွင့်ပြုချက်မရဘဲ ဒုတိယမယားယူသည့်အပြစ်ကြောင့် ပထမမယားအား ကွာရှင်း ခွင့်ပေးရာတွင် နှစ်ဦးသဘောတူ ကွာရှင်းသည့်နည်းတူ ပစ္စည်းခွဲဝေရသည်။ “ မောင်မှီ နှင့် မစိန်( ၉ အယ်ဘီအာ ၁၉၁ စုံညီခုံံ ) “။
လင်ဖြစ်စေ၊ မယားဖြစ်စေ အိမ်ထောင်ရေးပြစ်မှုရှိသော်လည်း နှစ်ဦးသဘောတူ ကွာရှင်းလျှင် အပြစ် မရှိဘဲ ၊ နှစ်ဦးသဘောတူ ကွာရှင်းသည့်နည်းတူ ပစ္စည်းခွဲဝေကြရပေသည်။ “ မမယ်လှ နှင့် မောင်းဖိုးသုန် ( ၇ ရန် ကုန်၉၈ ) “။
စွန့်ပစ်သည့် ပြစ်မှုကြောင့် လင်မယားကွာရှင်းလျှင် ပြစ်မှုကျုးလွန်သူသည် လင်နှင့် မယားတို့၏ ပစ္စည်းရပ် များမှ ၄င်း၏ဝေစုကို ဆုံးရှုံးခြင်းမခံရပေ။ စွန့်ပစ်သည့်အပြစ်ကြောင့် လင်မယားကွာရှင်းပြီး ပစ္စည်းခွဲဝေလျှင် နှစ်ဦးသဘောတူ ကွာရှင်းရာ၌ ပစ္စည်းခွဲဝေသည့်နည်းနှင့် သက်ဆိုင်ပေသည်။ “ မဒွန်းမယ် နှင့် မောင်စံထွန်း ( ၁၉၃၈ ရန်ကုန် ၂၂၉ ) “။
မြန်မာဓလေ့ထုံးတမ်းဥပဒေ၌ စွန့်ပစ်ခြင်းသည် ပစ္စည်းဆုံးရှုံးခြင်းခံရလောက်အောင် အပြစ်ပေးရသည့် အိမ် ထောင်ရေးပြစ်မှုမဟုတ်ဟု ဆုံးဖြတ်ထားသည်ကို တွေ့ရသည်။ “ ဦးဖေ နှင့် ဦးမောင်မောင်ခ ( ၁၀ ရန်ကုန် ၂၆၁ ) “။
ယခုအခါ လင်ဖြစ်စေ ၊ မယားဖြစ်စေ ခင်ပွန်းသည်အား စွန့်ပစ်သည့်ပြစ်မှု ကျုးလွန်လျှင် နှစ်ဦးသဘော တူ ကွာရှင်းသည့်နည်းတူ ပစ္စည်းခွဲဝေရကြောင်း သိသာလှပေသည်။
အထက်ပါ စီရင်ထုံးများကို ထောက်ထား၍ အောက်ပါ အိမ်ထောင်ရေးပြစ်မှုများ ကျုးလွန်၍ လင်မယား ပစ္စည်းခွဲဝေလျှင် နှစ်ဦးသဘောတူ ကွာရှင်းရာ၌ အခြေပြုသည့် ပစ္စည်းခွဲဝေရေးနှင့်အညီ ခွဲဝေရပေမည်။
၁။ ရက်စက်မှု ( ကြီးလေးသော ရက်စက်မှုမဟုတ်လျှင် ) ကျုးလွန်ခြင်း။
၂။ ပထမမယား၏ ခွင့်ပြုချက်မရဘဲ ဒုတိယမယားယူခြင်း။
၃။ စွန့်ပစ်ခြင်း။
၄။ အိမ်ထောင်ရေးပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ခဲ့သော်လည်း နှစ်ဦးသဘောတူ ကွာရှင်းခြင်း။
လင်ရောမယားပါ အိမ်ထောင်ပြုဖူးသူများဖြစ်လျှင် “ အိမ်ထောင်ကြီး “ ဟု ခေါ်ဆိုပေသည်။ “ ဦးသင်း နှင့် ဒေါ်မှူး ( အေအိုင်အာ ၁၉၃၇ ရန်ကုန် ၁၄၂ ) “။
အပျို လူပျိုအဖြစ် ထိမ်းမြားသူများနှင့် လင် သို့မဟုတ် မယားတစ်ဦးယောက်က အိမ်ထောင်ပြုဖူးသူ ဖြစ်သော်လည်း ၄င်း၏ခင်ပွန်းက အပျို သို့မဟုတ် လူပျိုဖြစ်လျှင် “ ငယ်လင် ငယ်မယား “ဟုပင် ခေါ်ဆိုပေ သည်။ “ မအေးညွန့် နှင့် မောင်တုပ်ဖြူ [ ၂ ယူဘီအာ ( ၁၈၉၇ -၀၁ ) ကွာရှင်း ၃၉] “။
ငယ်လင် ငယ်မယားတို့ ကွာရှင်းပြီးနောက် ပြန်လည်ပေါင်းသင်းလျှင် ငယ်လင် ငယ်မယားပင် ဖြစ်ပေ သည်။ “ မဆိုင် နှင့် မောင်ရန်ကင်း [ ၂ ယူဘီအာ ( ၁၉၁၄ -၁၆) ၁၂၇ ] “။
ပစ္စည်းရှိသည့် မုဆိုးဖိုနှင့် ပစ္စည်းမရှိသည့် အပျိုတို့ အကြောင်းပါပြီး လင်၏ရက်စက်မှုကြောင့် မယားက ကွာရှင်ခွင့် တောင်းဆိုရာတွင် ငယ်လင် ငယ်မယား တို့ နှစ်ဦးသဘောတူ ကွာရှင်းသည့်နည်းတူ ပစ္စည်းခွဲဝေ ကြရပေသည်။ “ မအေးညွန့် နှင့် မောင်တုပ်ဖြူ [ ၂ ယူဘီအာ ( ၁၈၉၇-၀၁ ) ကွာရှင်း ၃၉ ]”။
မုဆိုးဖိုနှင့် အပျိုတို့ ထိမ်းမြားကြသည်။ နှစ်ပေါင်းအတော် ပေါင်းသင်းပြီးနောက် မည်သူမျှ အပြစ်မရှိဘဲ ကွာရှင်းရာ ငယ်လင် ငယ်မယားတို့ ပစ္စည်းခွဲဝေသည့်နည်းတူ လင်၏ ပါရင်းပစ္စည်းမှ သုံးပုံတစ်ပုံ မယားအား ခွဲဝေ ပေးသည်။ “ မငွေနှစ် နှင့် မောင်ဖိုးမှူး ( ၁၁ အယ်ဘီအာ ၅၂ ) “။
[ဦးမြစိန် ၊ မြန်မာဓလေ့ထုံးတမ်းဥပဒေအခြေခံမူများ ၊၂၀၁၁ ခုနှစ် မတ်လ ၊စာ ၆၃၊၆၄ ]