Myanmar House Logo

Myanmar House

Real Estate in Myanmar

မြေချဥ်ခြင်း မြေငန်ခြင်း ပြဿနာများကို ဘယ်လိုဖြေရှင်းမလဲ?

October 19, 2022 993 views
မြေချဥ်ခြင်း မြေငန်ခြင်း ပြဿနာများကို ဘယ်လိုဖြေရှင်းမလဲ?

မြေချဥ်ခြင်း မြေငန်ခြင်း ပြဿနာများကို ဘယ်လိုဖြေရှင်းမလဲ?
========================================
မြေချဥ်/ငန်ခြင်းက အရေးပါလား?
မြေချဥ်/ငန်ခြင်း မသိပဲနဲ့ သီးနှံတွေစိုက်ပျိုးထုတ်လုပ်လို့ မရဘူးလားလို့ မေးရင်တော့ ရပါတယ်။ သိပ်ရတာပေါ့။ ဒါပေမယ့် မိမိစိုက်ခင်းရဲ့ မြေချဥ်/ငန်ခြင်း မသိဘဲ အချိန်တန်ရင် မြေပြင်မယ်၊ သီးနှံတွေစိုက်ပျိုးမယ်၊ မြေသြဇာလေးကျွေးမယ် ဆိုပြီးလုပ်နေရင်တော့ ကိုယ့်ရဲ့ပိုက်ဆံတွေသာကုန်သွားတယ် မြေဆီလွှာအရည်အသွေးက တက်မလာ၊ အပင်တွေကမဖြစ်ထွန်း၊ အထွက်နှုန်းကလဲ သာမန်အဆင့်နဲ့ ဒီလိုပဲ သံသရာလည်နေမှာပါ။ ကျွန်ုပ်တို့ရဲ့ မြေဆီလွှာတွေဟာ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက ခေတ်အဆက်ဆက်အသုံးပြုခဲ့ကြပြီးဖြစ်လို့ မြေဆီလွှာတွေထဲက အာဟာရတွေဟာလည်း ကုန်ခန်းနေကြပါပြီ။ ဒီတော့ ယနေ့အချိန်မှာ ကျွန်ုပ်တို့တောင်သူ ဦးကြီးတွေအနေနဲ့ မိမိမြေဆီလွှာရဲ့ ကျန်းမာရေးကို စစ်ဆေးပေးဖို့ လိုနေပြီလို့ အသိပေးပါရစေ။ ဒီဆောင်းပါးမှာတော့ မြေချဥ်ငန်ခြင်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
မြေဆီလွှာရဲ့ မြေချဥ်ငန်ခြင်းကို တိုင်းတာရာမှာ pH ပမာဏ နဲ့ တိုင်းတာလေ့ရှိပါတယ်။ pH ဟာဆိုရင် မြေဆီလွှာထဲမှာ ရှိနေတဲ့ဟိုက်ဒရိုဂျင် ပမာဏကိုရည်ညွှန်းပါတယ်။ ဟိုက်ဒရိုဂျင်ပမာဏများနေရင် အက်စစ်ဆန်တယ်လို့ သတ်မှတ်နိုင်ပြီး ဟိုက်ဒရိုဂျင်ပမာဏနည်းနေရင် အယ်ကာလီဆန်တယ်လို့ သတ်မှတ်ကြပါတယ်။ pH မှာဆိုရင် ကိန်းဂဏန်းအားဖြင့် သတ်မှတ်ချက် ၁ ကနေ ၁၄ အထိရှိပါတယ်။ မြေဆီလွှာကို ချဥ်/ငန်ဓာတ် တိုင်းလိုက်လို့ ၇ မှာရှိနေရင် ဒါဟာ သင့်တော်တဲ့အခြေအနေ (သို့မဟုတ်) ဓာတ်ပြယ်တဲ့ အခြေအနေလို့ သတ်မှတ်နိုင်ပါတယ်။ ချဥ်/ငန်ဓာတ်တိုင်းလိုက်လို့ ၇ အောက်လျော့နည်းနေရင်တော့ မြေချဥ်တယ်လို့ သတ်မှတ်နိုင်ပြီး၊ ၇ အထက်မှာ ရှိနေရင်တော့ မြေငန်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ မြေဆီလွှာ အများစုဟာတော့ ယေဘူယျအားဖြင့် မြေချဥ်ငန်ကိန်း ၃.၅ မှ ၁၀ အတွင်းရှိကြပါတယ်။ စိုက်ပျိုးရေးမှာဆိုရင်တော့ သီးနှံအများစုဟာ မြေချဥ်ငန်ကိန်း ၆.၅ ကနေ ၇.၅ အတွင်းဆိုရင် သင့်တော်ပြီး ၎င်းအခြေအနေမှာ သီးနှံအများစုစိုက်ပျိုး ဖြစ်ထွန်းနိုင်ပါတယ်။


မြေချဥ်ခြင်း
မြေချဥ်ခြင်းဟာ များသောအားဖြင့် မိုးများတဲ့ မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ လယ်မြေတွေမှာ တွေ့ရတာများပါတယ်။ မိုးများတဲ့နေရာတွမှာဆိုရင် သံဓာတ်၊ အလူမီနီယမ်ဓာတ်နဲ့ အခြားသောဓာတ်တွေ ပျော်ဝင်တဲ့အတွက် မြေချဥ်ခြင်းကို ဖြစ်စေပါတယ်။ နောက်တစ်ခါ မြေချဥ်နေတာကို မသိဘဲ ယူရီးယား(ပုလဲ) မြေသြဇာတွေအသုံးပြုခြင်းနဲ့ သဘာဝမြေသြဇာတွေ အလွန်အကျွံအသုံးပြုတာဟာလည်း မြေချဥ်ခြင်းကို ပိုမိုဆိုးရွားစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သံဓာတ်၊ အလူမီနီယမ်ဓာတ်နဲ့ မဂ္ဂနီးစ်ဓာတ်တွေပျော်ဝင်တာကြောင့် သီးနှံပင်ရဲ့ လိုအပ်ချက်ထက် အာဟာရဓာတ်တွေ ပိုများလာရင် အဆိပ်သင့်တာမျိုးတောင်ဖြစ်နိုင်ပါတယ်။ မြေချဥ်နေတဲ့အချိန်မှာ အပင်အတွက်လိုအပ်တဲ့ အာဟာဓာတ်တွေ ထည့်ပေးရင်တောင်မှ အပင်ဆီကို မရောက်နိုင်တော့ဘဲ အာဟာရဓာတ်တွေ ပျက်ပျယ်သွားတာမျိုး၊ မြေဆီလွှာကနေ ထိန်းချုပ်ထားတာမျိုး ဖြစ်တတ်ပါတယ်။ မြေချဥ်တာကို ပြုပြင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ထုံးထည့်ပေးခြင်းဖြစ်ပါတယ်။ ထုံးနဲ့ သီးနှံမထိခိုက်စေဖို့အတွက် သီးနှံမစိုက်ပျိုးခင် ၁ လ (သို့မဟုတ်) ၆ လ ကြိုတင်ပြီးထည့်ပေးထားသင့်ပါတယ်။ ထုံးထည့်ပြီးတာနဲ့ မြေကြီးကို သမအောင်ပြန်မွှေပေးသင့်ပါတယ်။ ထုံးထည့်ပေးခြင်းအားဖြင့် မြေသားဖွဲ့စည်းပုံ ကောင်းမွန်စေပြီး ကျွေးလိုက်သော အာဟာရဓာတ်များကိုလည်း အပင်မှရရှိကာ အာဟာရဓာတ်များ အဆိပ်သင့်ခြင်းများမှလည်း ကာကွယ်ပေးနိုင်ပါတယ်။


မြေငန်ခြင်း
ပင်လယ်ကမ်းရိုးတန်းဒေသတွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသတွေမှာ မြေငန်ခြင်းကိုတွေ့ရတတ်ပါတယ်။ ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာတော့ ဒီရေလွှမ်းတာကြောင့်ဖြစ်တတ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှာတော့ မြေဆီလွှာအောက်မှဆားများ အငွေ့ပြန်မှုများသောကြောင့် ဖြစ်တတ်ပါတယ်။ မြေငန်တဲ့နေရာတွေမှာ ဆိုရင် သီးနှံပင်များ ကြီးထွားမှုမရှိခြင်း၊ အပင်ပေါက်မညီခြင်း၊ အပင်များ အကွက်လိုက်သေခြင်း စသည်တို့တွေ့ရတတ်ပါတယ်။ မြေငန်ခြင်း ပြင်းထန်မယ်ဆိုရင်တော့ လုံးဝစိုက်လို့မရတဲ့ အခြေအနေထိတောင်မှ ဖြစ်နိုင်ပါတယ်။ မိမိစိုက်ခင်းဟာ မြေငန်နေမယ်ဆိုရင်တော့ စပါးခွံထည့်ပြီး ထယ်ထိုးထွန်မွှေတာမျိုး၊ ဂျစ်ပဆန် (ကျောက်မှုန့်) ကိုထည့်ပြီး ရေထုတ်မြောင်းများပြုလုပ်ကာ ရေထုတ်ဆေးကြောခြင်း၊ ဥာဏ်ပင် ပိုက်ဆံလျှော်ပင်နှင့် ပဲပင်များကြဲပက်ထားပြီး ပန်းမပွင့်ခင်ရိတ်သိမ်းကာ သစ်စိမ်းမြေသြဇာအဖြစ် စိုက်ခင်းထဲ ပြန်လည်မြှပ်ပေးခြင်းနှင့် ဆားငန်ဒဏ်ခံနိုင်သော သီးနှံများ စိုက်ပျိုးခြင်းတို့ဖြင့် ပြုပြင်နိုင်ပါသည်။
တောင်သူဦးကြီးတွေအနေနဲ့ မိမိလယ်ထဲမှာ ဘယ်အာဟာရဓာတ်တွေ ကုန်ခန်းနေပြီလဲ၊ ဘယ်အာဟာရဓာတ်တွေတော့ ကျန်နေသေးလဲ၊ ဘာတွေကတော့ ပိုလျှံနေလဲ၊ ဘယ်လိုပြုပြင်ဖို့ လိုအပ်သလဲဆိုတာတွေ သိဖို့ မြေဆီလွှာကို စစ်ဆေးကြပါ၊ မြေဆီလွှာကို ဂရုစိုက်ကြပါလို့ အကြံပြုလိုက်ရပါတယ်...
Htoo (Agri)
အောက်တွင်ဖော်ပြထားသော 4 in 1 Digital မြေချဉ်ငံတိုင်းလေးကို ရောင်းချပေးနေပါတယ်။
☎️09975244300တို့ကိုဆက်သွယ်ပြီး အိမ်အရောက် deliveryနဲ့ ဝယ်ယူနိုင်ပါတယ်။

Credit: စိုက်ပျိုးရေး
https://www.facebook.com/sitephyoyae/posts/pfbid0pM1kAebvG4Ui7Fup8YsyuAHTdMRR8dzSi2RD4Xg3bfobXnnGcVcV6whmtNGp3MTPl

Related Posts