Myanmar House Logo

Myanmar House

Real Estate in Myanmar

ထိုင်းနိုင်ငံသို့ရောက်လျှင် ကြုံတွေ့ရမည့် ထူးဆန်းသောဓလေ့များ

October 19, 2022 256 views
ထိုင်းနိုင်ငံသို့ရောက်လျှင် ကြုံတွေ့ရမည့် ထူးဆန်းသောဓလေ့များ

ထိုင်းနိုင်ငံသို့ အလည်အပတ်ရောက်လျှင် သင့်တိုင်းပြည်တွင် မကြုံဖူးသော ထူးဆန်းသည့်အရာများ၊ ဓလေ့များကို သတိပြုမိလာမည် ဖြစ်သည်။

 

ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထူးများမှသည် စတိုးဆိုင်များအတွင်း ပုတ်သင်ညိုများ၊ အိမ်မြှောင်များ သွားလာနေကြသည်ကို တွေ့ရခြင်းမျိုးအထိ ကြုံရနိုင်သည်။ အောက်ပါတို့မှာ ထိုင်းသို့ရောက်လာသည့် နိုင်ငံခြားသားများ တွေ့ကြုံရမည့် ထူးဆန်းသောအရာများ ဖြစ်ကြသည်။

 

 

ခေါက်ဆွဲခြောက်များစားခြင်း

ထိုင်းလူမျိုးအများစုသည် ခေါက်ဆွဲခြောက်များကို ပြုတ်ခြင်း (သို့မဟုတ်) ရေနွေးစိမ်ခြင်းများမလုပ်ဘဲ စားသုံးကြသည်။

ထိုင်းတို့သည် ခေါက်ဆွဲခြောက်ထုပ်များကို ဖောက်လိုက်ပြီးလျှင် အတွင်းမှ အရသာမှုန့်ထုပ်ငယ်များ ဖောက်ထည့်ကာ ခေါက်ဆွဲထုပ်ကို လှုပ်ခါပြီးသည်နှင့် စားကြတော့၏။

မာမားအရသာ TumYumKung ခေါက်ဆွဲခြောက်ထုပ်များမှာ ထိုသို့စားသုံးခြင်းအတွက် နာမည်ကျော်သည်။

ခေါက်ဆွဲခြောက်ထုပ်များကို မပြုတ်ဘဲစားခြင်းသည် ကလေးငယ်များကျန်းမာရေးအတွက် မသင့်လျော်ချေ။

ထို့ကြောင့် မိဘများက ကလေးငယ်များကို ခေါက်ဆွဲခြောက်ထုပ်များ မစားရန်တားမြစ်ကြပြီး ယင်းအစား Chang Noi ခေါက်ဆွဲခြောက်ကို စားသုံးစေသည်။

အဆိုပါခေါက်ဆွဲမှာမူ ကလေးငယ်များ သားရေစာအဖြစ် စားသုံးနိုင်ရန် စီမံထားသော ခေါက်ဆွဲခြောက်မျိုး ဖြစ်သည်။ ထိုခေါက်ဆွဲခြောက်ထုပ်တွင်မူ အရသာမှုန့် အနည်းငယ်သာပါပြီး အိတ်မှာလည်း သေးငယ်သည်။

 

လူတိုင်းတွင် နာမည်ပြောင်ရှိကြသည်

အကယ်၍ သင်သည် ထိုင်းလူမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းဖြစ်လာမည်ဆိုပါက သူတို့ထဲမှ အများစုတွင် နာမည်ပြောင်များရှိနေပြီး ထိုနာမည်များမှာ နာမည်ရင်းနှင့် မည်သို့မျှ မနီးစပ်သော နာမည်များ ဖြစ်နေသည်ကို သိလာရမည် ဖြစ်သည်။

ရှေးယခင်ကမူ ထိုင်းတို့တွင် နာမည်ပြောင်များ မရှိခဲ့ကြ။

ထိုင်းလူမျိုးတို့တွင် နာမည်ပြောင်များ စတင်ပေါ်ပေါက်ခဲ့သည်မှာ ရာမဘုရင် IV လက်ထက်တွင် ဖြစ်သည်ဟု သမိုင်းပညာရှင်တို့က သုံးသပ်ကြသည်။

ထိုခေတ်က ထိုင်းလူမျိုးတို့သည် ဘာလီဘာသာစကားနှင့် သက္ကတဘာသာတို့မှာ စကားလုံးများယူကာ ၎င်းတို့၏ နာမည်များကို မှည့်ခေါ်ကြသည်။ အဆိုပါစကားလုံးများမှာ ပိုမိုလှပပြီး အဓိပ္ပာယ်ပိုရှိသည်ဟု ထိုင်းတို့က ယူဆသောကြောင့် ဖြစ်၏။

သို့သော် ဘာလီနှင့် သက္ကတမှ ယူသောစကားလုံးတို့မှာ ရှည်လျားလွန်းသည်။

သို့အတွက် နေ့စဉ်ဘဝတွင်အသုံးပြုရန် နာမည်ပြောင်များ စတင်အသုံးပြုလာကြကာ နာမည်ရင်းများကိုမူ တရားဝင်အကြောင်းရပ်များ၊ ဥပဒေစာရွက်စာတမ်းကိစ္စများကဲ့သို့နေရာများတွင်သာ သုံးကြသည်။

ထိုနာမည်ပြောင်များကိုလည်း ထိုင်းမိဘများက ပေးကြသည်။ ပေးသည့်အမည်များမှာ ထိုင်းမိဘတို့ တွေးမိသည့် မည်သည့်စကားလုံးမဆို ဖြစ်နိုင်သည်။ လက်ရှိခေတ်စားနေသည့် စကားလုံးတစ်ခုမှသည် ရုပ်ရှင်သရုပ်ဆောင်အမည် (သို့မဟုတ်) သစ်သီးတစ်မျိုးမျိုး အမည်အထိ အမည်ပေးကြသည်။

 

ရေခဲကြိုက်သူများ

ထိုင်းလူမျိုးတို့သည် ရေ၊ ကော်ဖီ၊ ဝိုင် အစရှိသော မည်သည့် သောက်စရာကိုမဆို ရေခဲရောကာ သောက်ကြသည်။

ထိုင်းနိုင်ငံတွင် မည်သည့် စားသောက်ဆိုင် (သို့မဟုတ်) ကော်ဖီဆိုင်ကိုမဆို သွားလျှင် ထိုအချက်ကို တွေ့နိုင်သည်။

ယင်းမှာ ထိုင်းလူမျိုးတို့၏ ပုံမှန်အကျင့်တစ်ခုသဖွယ်ဖြစ်လာသည်။

 

55555 ၏ အဓိပ္ပာယ်မှာ ရယ်မောခြင်းဖြစ်သည်

ထိုင်းနိုင်ငံတွင် အခြားထူးဆန်းသည့် အရာတစ်ခုမှာ 55555 ဟူသော အင်တာနက် ဗန်းစကားဖြစ်ပြီး အဓိပ္ပာယ်မှာ ရယ်မောခြင်းဖြစ်သည်။

နေ့စဉ်သုံးစကားပြောတွင် သုံးစွဲခြင်းကားမဟုတ်။

လူမှုကွန်ရက်တွင် စာရိုက်ရာ၌ အသုံးပြုခြင်း ဖြစ်သည်။

အင်္ဂလိပ်ဂဏန်း 5 မှာ ထိုင်းဘာသာအားဖြင့် ဆိုလျှင် “ဟ” ဟု အသံထွက်သည်။

ထို့ကြောင့် 55555 မှာ ထိုင်းအသံထွက်အားဖြင့် “ဟဟဟဟဟ” ဟုအသံထွက်ရာ ရယ်မောသည့် အသံဖြစ်သည်။

အကယ်၍ သင့်တွင် ထိုင်းလူမျိုးသူငယ်ချင်းရှိမည်ဆိုပါက ထိုင်းစကားနှင့်ယဉ်ကျေးမှုကို သင်အနည်းငယ်သိထားကြောင်း ပြသရန် ၎င်းထံ 55555 ဟုရိုက်ပို့ကြည့်ပါ။

 

နတ်ကွန်းများ

ထိုင်းနိုင်ငံတစ်လွှားရှိ နေအိမ်များနှင့်စီးပွားရေးလုပ်ငန်း အဆောက်အအုံများရှေ့တွင် ဆန်ဖရဖန် ဟုခေါ်သော နတ်ကွန်းများကို တွေ့နိုင်သည်။ အထပ်မြင့် ရုံးခန်းအဆောက်အအုံများ၊ ကွန်ဒိုများမှသည် စားသောက်ဆိုင်များနှင့် ကုန်တိုက်များအထိပင်။

နတ်ကွန်းပုံသဏ္ဍာန်မှာ တိုင်လုံးတစ်ခုပေါ်တွင် နတ်ကွန်းအိမ်ငယ်ကလေးတစ်ခု ထားရှိခြင်းဖြစ်သည်။

နေအိမ်များနှင့်စီးပွားရေးလုပ်ငန်းများ တည်ရှိသည့်နေရာ၏ ခြံစောင့်နတ်နှင့်အိမ်စောင့်နတ်များအတွက် ဗိမ္မာန်အဖြစ် ရည်စူးထားရှိကြခြင်းဖြစ်သည်။ ထိုသို့ပူဇော်ခြင်းအားဖြင့် လုပ်ငန်းကိုင်ငန်းကောင်းမွန်ကာ လာဘ်လာဘပွင့်ကြမည်ဟု ယုံကြည်ကြသည်။

နတ်ကွန်းများတွင် ပန်းများ၊ အမွှေးတိုင်များမှသည် ခဲဖွယ်ဘောဇဉ်နှင့် အချိုရည်များ ကပ်လှူပူဇော်လေ့ ရှိကြသည်။

မည်သူမဆို မည်မျှဆာလောင်နေသည်ဖြစ်စေ နတ်ကွန်းမှ စားစရာများကို ယူမစားကြ။

ထိုသို့ ခိုးယူစားသုံးပါက ဘေးဆိုးသင့်ကာ အသက်အန္တရာယ်ပင်ရှိနိုင်ကြောင်း ယုံကြည်ကြသည်။

 

နေရာတကာ သတ္တဝါများ

ထိုင်းနိုင်ငံတွင် အိမ်မြှောင်၊ ပုတ်သင်ညို ၊ ကင်းလိပ်ချော ၊ ဖွတ် ၊ ပုတတ် အစရှိသည့် သတ္တဝါများ အလွန်များပြားလှသည်။

၎င်းတို့အနက် အများစုမှာ နေအိမ်များတွင် နေထိုင်ကြပြီး ယင်ကောင်များနှင့်ခြင်များကို စားသောက်ကြသည်။

မြို့ပြင်သို့ထွက်ကြည့်မည်ဆိုလျှင် နေအိမ်များအတွင်း တောက်တဲ့များကို မကြာခဏတွေ့ရလိမ့်မည်ဖြစ်သည်။

လမ်းများပေါ်နှင့် စတိုးဆိုင်များထဲတွင် ဖွတ်များ သွားလာနေသည်ကိုပင် တွေ့ရနိုင်သည်။

ထို့ကြောင့် ထိုင်းနိုင်ငံတွင် နေထိုင်လိုပါက ထိုသတ္တဝါများနှင့်အတူ နေနိုင်ရန် ကြိုးစားရမည်ဖြစ်သည်။

Credit : Original Uploader

Related Posts