Myanmar House Logo

Myanmar House

Real Estate in Myanmar

စားကျက်မြေကို ရောင်းဝယ်ခွင့် ရှိပါသလား

October 27, 2022 249 views
စားကျက်မြေကို ရောင်းဝယ်ခွင့် ရှိပါသလား

စားကျက်မြေကို ရောင်းဝယ်ခွင့် ရှိပါသလား

“စားကျက်မြေကို လုပ်ကိုင်ခွင့်ရ အောင် ဘယ်လိုဆောင်ရွက်ရပါသလဲ ဆရာ”ဟု မိတ်ဆွေတစ်ဦးက စာရေး သူထံ လာရောက်ဆွေးနွေးပါသည်။

“ယခင်တုန်းကတော့ စားကျက် မြေဆိုတာ နွားကျောင်းတဲ့ မြေနေရာ တွေ မဟုတ်လား”

“ဟုတ်ပါတယ် ဆရာ၊ အခု တော့ အိမ်ဆောက်ပြီးနေသူတွေ လည်း ရှိနေတယ်။ ဒါကြောင့် နိုင်ငံ တော် အစိုးရက ပြန်လည်သိမ်းတာ မျိုးရှိနိုင်ပါသလား။ တရားဝင်နေထိုင် ခွင့်ရအောင် ဘယ်လို ဆောင်ရွက်နိုင် မလဲဆိုတာ သိချင်လို့”

“မကြာသေးမီက ထုတ်ပြန် သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင် သည့် ဥပဒေမှာ စားကျက်မြေကို မြေ ရိုင်းအမျိုးအစားအဖြစ် သတ်မှတ် ပြဋ္ဌာန်းထားတာ တွေ့ရတယ်”

“ဒါဆိုရင် စားကျက်မြေက လယ် ယာမြေထဲမှာတော့ မပါဘူးပေါ့”

“ဟုတ်ပါတယ်၊ မြေရိုင်းအမျိုး အစားဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့် လျောက်ထားမယ်ဆိုရင်လည်း မြေ လွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လျောက်ထားရမှာဖြစ်တယ်”

“စီမံခန့်ခွဲတဲ့ အဖွဲ့အစည်းက ဝန် ကြီးဌာနက စီမံခန့်ခွဲတာလား”

“မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေမှာတော့ စီမံခန့်ခွဲရေး ဗဟို ကော်မတီကို ဖွဲ့စည်းရမယ်။ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် ပါဝင်ပြီး လယ်ယာမြေစီမံခန့် ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်က အတွင်းရေးမှူး၊ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းမှ သင့်လျော်သည့် ပုဂ္ဂိုလ် များ၊ ပြင်ပပညာရှင် ပုဂ္ဂိုလ်များက အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းမှာဖြစ်တယ်”

“ပြည်နယ်တိုင်းအလိုက် စီမံခန့် ခွဲရေး အဖွဲ့တွေရှိသေးလား”

“ယခင်ကတော့ မရှိဘူး။ အခု ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ တော့ သက်ဆိုင်ရာ ပြည်နယ်တိုင်း ဒေသကြီး ပြည်ထောင်စုနယ်မြေ စီမံ ခန့်ခွဲရေး ကော်မတီများကို ဒေသခံ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ် များ၊ တောင်သူလယ်သမားကိုယ်စား လှယ်များ၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့ အစည်းကိုယ်စားလှယ်များ၊ သင့်လျော် သည့် ပညာရှင်များနဲ့ ဖွဲ့စည်းရမယ် လို့ ပြဋ္ဌာန်းထားပါတယ်”

“စားကျက်မြေတွေကို ပြည်ထဲ ရေးဝန်ကြီးဌာနက တိုက်ရိုက်စီမံခန့် ခွဲတယ်လို့ သိရတယ် ဆရာ။ အဲဒါက ဘယ်လိုကိစ္စရပ်တွေပါလဲ”

“တပ်မတော် ကာကွယ်ရေး ဝန် ကြီးဌာနက သိမ်းဆည်းထားတဲ့ မြေ တွေရှိတယ်။ အဲဒီမှာ မြေလွတ်မြေ ရိုင်း၊ စားကျက်မြေတွေလည်း ပါ တယ်။ အဲဒီမြေတွေကို ကာကွယ်ရေး ဝန်ကြီးဌာနကနေ ပြည်ထဲရေး ဝန် ကြီးဌာနကို လွှဲပြောင်းပေးတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကနေ နိုင်ငံ တော်ပိုင်မြေအဖြစ် ပြန်လည်လွှဲ ပြောင်းပေးတာဖြစ်ပါတယ်”

“အဓိကတော့ ဒီမြေတွေဟာ နိုင်ငံပိုင်မြေ အမျိုးအစားပဲ မဟုတ် လား။ စီမံခန့်ခွဲရေးအဖွဲ့က သက်ဆိုင် သူ လယ်သမားတွေကို ချပေးတဲ့မြေ လို့ပဲ သိထားတာဆရာ”

“မှန်ပါတယ်။ ဥပဒေအရတော့ မြေယာမဲ့ နိုင်ငံသားများ၊ လုပ်ကွက် ငယ် တောင်သူလယ်သမားများအနေ နဲ့ မြေလွတ်မြေရိုင်းများမှာ စိုက်ပျိုး မွေးမြူရေးနှင့် ဆက်နွယ်တဲ့ လုပ်ငန်း များ လုပ်ဆောင်နိုင်ဖို့ လျောက်ထား နိုင်တယ်လို့ ပုဒ်မ ၅ (က) အဖြစ် ဖြည့်စွက်ပြဋ္ဌာန်းထားပါတယ်”

“ခွင့်ပြုချက်ကို သက်ဆိုင်ရာ ပြည်နယ်တိုင်းစီမံခန့်ခွဲရေး ကော်မတီ ထံ လျှောက်ထားရမှာပေါ့”

“ပြင်ဆင်ချက်ဥပဒေ ပုဒ်မ -၈ (က) မှာ သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီသည် မိမိခွင့်ပြုနိုင်သည့် ပမာဏအတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် လုပ်ပိုင်ခွင့် အသုံးပြု ခွင့်ကို ခွင့်ပြုနိုင်သည်လို့ ပြဋ္ဌာန်းထား တယ်။ ဒါပေမယ့် သက်ဆိုင်ရာ ပြည် နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သဘောထားမှတ်ချရယူရမယ်လို့ ပုဒ်မ -၆ မှာ ပြဋ္ဌာန်းထားပါတယ်”

“ဗဟိုကော်မတီက ဘယ်လို ဆောင်ရွက်နိုင်သလဲ”

“သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီရဲ့ ခွင့်ပြုချက်၊ ငြင်းပယ် ချက်တွေကို မကျေနပ်ရင် ဗဟိုကော် မတီထံ ဆုံးဖြတ်ချက်ချသည့်နေ့မှစ ၍ ရက်ပေါင်း ၆ဝ အတွင်း အယူခံ ဝင်ခွင့်ရှိတယ်။ ဗဟိုကော်မတီသည် စီမံခန့်ခွဲရေး ကော်မတီ၏ ဆုံးဖြတ် ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက် ခြင်း၊ ပြင်ဆင်ခြင်းပြုနိုင်တယ်။ ဗဟို ကော်မတီရဲ့ ဆုံးဖြတ်ချက်ဟာ အပြီး အပြတ်ဖြစ်ပါတယ်”

“မိသားစု တစ်နိုင်တစ်ပိုင်အ တွက်ဆိုရင် ဧကဘယ်လောက်ခွင့်ပြု ပါသလဲ”

“ကျေးလက်ဒေသ တောင်သူ လယ်သမားများနှင့် မိသားစုတစ်နိုင် တစ်ပိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းလုပ်ကိုင်လိုသူများအတွက် ဧက (၅ဝ) ထက် မပိုစေဘဲ ခွင့်ပြု နိုင်တယ်။ ကာလအားဖြင့်တော့ ခွင့် ပြုသည့်နေ့ကစပြီး နှစ်ပေါင်း ၃ဝ ထက်မပိုစေဘဲ အကြိမ်ကြိမ်ခွင့်ပြုနိုင် တယ်လို့ ပြဋ္ဌာန်းထားပါတယ်”

“ခွင့်ပြုချက်ရရင် အာမခံကြေး သွင်းရမှာပေါ့နော်”

“မှန်ပါတယ်။ ဗဟိုကော်မတီက သတ်မှတ်တဲ့ အာမခံကြေး ပေးသွင်း ရပါမယ်။ နောက်ပိုင်းနှစ်တွေမှာ သတ်မှတ်တဲ့မြေခွန်ကိုလည်း ထမ်း ဆောင်ရမှာ ဖြစ်တယ်”

“ပြန်သိမ်းတာမျိုးက ဘယ်လို ဖြစ်နိုင်သလဲ”

“ခွင့်ပြုထားသည့်မြေကို စတင် ခွင့်ပြုသည့်နေ့မှစ၍ လေးနှစ်အတွင်း ဖော်ထုတ်လုပ်ကိုင် အသုံးပြုခြင်းမရှိ ရင် နိုင်ငံတော်က ပြန်လည်သိမ်းယူ မှာဖြစ်တယ်။ ဒါ့အပြင် ခွင့်ပြုထားတဲ့ စည်းကမ်းကို မလိုက်နာရင် အာမခံ ကြေးကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခံရမည့်အပြင် လုပ်ပိုင်ခွင့် ကို ပြန်လည်ရုပ်သိမ်းမှာဖြစ်ပါတယ်”

“ခွင့်ပြုထားတဲ့ စားကျက်မြေ၊ မြေလွတ်၊ မြေရိုင်းကို ရောင်းချလို့ရ သလား”

“ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရဘဲ ပေါင်နှံ၊ ရောင်းချ၊ ငှားရမ်း ခွဲစိတ်ခြင်းမပြုရလို့ ပုဒ်မ ၁၆ မှာ ပြဋ္ဌာန်းတယ်။ မလိုက်နာရင် ထို သူကို နှစ်နှစ်ထက် မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ်ဆယ်သိန်းထက်မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ်ငွေနှစ်ရပ် လုံးဖြစ်စေ ချမှတ်ခံရမှာဖြစ်ပါတယ်”

“ကျူးကျော်ဝင်ရောက်နေကြ ရင် ဘယ်လိုဖြစ်နိုင်သလဲ”

“ခွင့်ပြုချက်မရှိဘဲ မြေလွတ် မြေ ရိုင်းထဲမှာ ကျူးကျော်ဝင်ရောက်နေ ထိုင်မယ်။ လုပ်ငန်းလုပ်မယ်ဆိုရင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ်ငွေနှစ်ရပ် လုံးဖြစ်စေ ချမှတ်ခံရမယ်လို့ ပုဒ်မ- ၂၇ မှာ ပြဋ္ဌာန်းထားပါတယ်”

“ဒါဆိုရင် လူနေအိမ်ဆောက်နေတဲ့ ကိစ္စတွေဆိုရင် နှင်ချခံရမှာ ပေါ့နော်”

“ဒုတိယအကြိမ် အမျိုးသား လွှတ်တော်နဝမပုံမှန် အစည်းအဝေး ၁၇ ရက်နေ့မြောက်မှာ ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ်(၉) မှ ဦးချစ်ဖေ ရဲ့ ရန်ကုန်မြောက်ပိုင်းခရိုင် မှော်ဘီ မြို့နယ် ပတ်တန်းကျေးရွာအုပ်စု ဘေ ကုန်းအုန်းခြံမှ ဦးသိန်းအေးအပါ အဝင် အိမ်ထောင်စု ၅၅ စုတို့၏ မြေဧက ၁၄ဝ နှင့် ပတ်သက်၍ မေး မြန်းရာမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မြို့နယ်အုပ်ချုပ်ရေးမှူးပါဝင်သည့် အဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာ စား ကျက်မြေ ဧက (၄ဝ) ခန့်မှာ လူနေ ထိုင် အသုံးပြုထားပြီး ကျန်စားကျက် မြေများမှာ ရေနက်ကွင်းဖြစ်၍ စပါး စိုက်ပျိုးထားကြောင်း ထို့ကြောင့် လူနေထိုင်လျက်ရှိသည့် စားကျက် မြေဧက ၄ဝ ခန့်အား စားကျက်မြေ မှ ပယ်ဖျက်ခွင့်ရရန် လုပ်ထုံးလုပ် နည်းအရ ဆောင်ရွက်ခဲ့ကြောင်း ရှင်း လင်းခဲ့ပါတယ်”

“ခွင့်ပြုရင်တော့ လူနေရပ်ကွက် အဖြစ် နေနိုင်တယ်ပေါ့”

“မှန်ပါတယ်။ ဒါကြောင့် လူ တိုင်း ဥပဒေကို နားလည်ဖို့လိုသလို ကျင့်သုံးလိုက်နာဖို့လိုပါတယ်”ဟု ရှင်းပြဆွေးနွေးလိုက်ပါသည်။

Credit to: ဈေးကွက်ဂျာနယ်

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts