Myanmar House Logo

Myanmar House

Real Estate in Myanmar

ရပ်ဆိုင်းနေသည့် ဆောက်လုပ်ရေးလုပ်ငန်းနှင့် မြေရှင်တို့၏အခက်အခဲ

October 31, 2022 234 views
ရပ်ဆိုင်းနေသည့် ဆောက်လုပ်ရေးလုပ်ငန်းနှင့် မြေရှင်တို့၏အခက်အခဲ

ရပ်ဆိုင်းနေသည့် ဆောက်လုပ်ရေးလုပ်ငန်းနှင့် မြေရှင်တို့၏အခက်အခဲ

“ထိုင်နေအကောင်း၊ ထမှအကျိုး မှန်းသိဆိုတာမျိုးဖြစ်နေပြီ”

သူငယ်ချင်းတစ်ဦးသည် စာရေး သူထံ ရောက်လာပြီး ညည်းညူလိုက်ခြင်းဖြစ်သည်။

“ဘာတွေဖြစ်လာလို့ ဒီလောက် စိတ်ပျက်နေရတာလဲ”

စာရေးသူက သူငယ်ချင်းဖြစ်သူ အား ပြောလိုက်မိသည်။

“ကန်ထရိုက်တစ်ယောက်နဲ့ တိုက်ခန်းပေးတိုက်ခန်းယူ ခုနစ်ထပ်ဆောက်မယ်လို့ စာချုပ်ချုပ်ထားတာ နှစ်နှစ်ခန့်ရှိနေပြီ။ ဘာမှအစမပျိုးရ သေးဘူး။ အဲဒါ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ သူငယ်ချင်းဆီလာ ဆွေးနွေးတာ”

“ဒါများ သူငယ်ချင်းရယ်။ ကိုယ်တစ်ယောက်တည်းမှမဟုတ်ဘဲ။ ခေတ်ရေစီးကြောင်းနဲ့အတူ လိုက်ပါ ဖြစ်တတ်ကြတာပဲ”

“ဆောက်လိမ့်နိုး၊ ဆောက်လိမ့် နိုးနဲ့ လက်ရှိအိမ်ကိုလည်း မပြင်နိုင်။ မိုးယိုခံပြီး နေရတယ် သူငယ်ချင်း”

“သူငယ်ချင်းက နေစရာအိမ်ရှိသေးတယ်။ အချို့မြေပိုင်ရှင်တွေဆိုရင် အိမ်ဖျက်ပေးထားလိုက်ရလို့ အိမ်ငှားနေရတာ နှစ်ပေါက်နေပြီ”

“ကန်ထရိုက်ကငှားပေးတယ် မဟုတ်လား”

“စာချုပ်အရ တစ်နှစ်ပဲဆိုပြီး တစ်နှစ်ပြည့်တာနဲ့ အိတ်စိုက်ဘဝ ရောက်ရတော့တာပဲ၊ ဒီအထဲ ကန်ထရိုက်က ထွက်ပြေးလို့ မြေကွက်လပ် ကိုကြည့်ပြီးနေရတဲ့ မြေရှင်တွေလည်း ရှိသေးတယ်”

“ကန်ထရိုက်အသစ်ကိုလည်း ချက်ချင်း မရနိုင်ဘူးပေါ့နော်”

“မှန်ပါတယ်။ အခုကာလက အိမ်မြေတိုက်ခန်း အရောင်းအဝယ်အေးနေတော့ မြေကွက်အမည် ပေါက်ရှင်းတဲ့မြေကိုတောင် ကန်ထရိုက်တွေက ဆောက်လုပ်ရင်းနှီးမြှုပ်နှံတာ မလုပ်နိုင်ကြဘူး။ ဖြေရှင်းရမယ့် အရှုပ်အထွေးရှိတဲ့ မြေကွက်ဆိုရင်တော့ ဝေးဝေးက ရှောင်နေကြတယ်”

“သူငယ်ချင်းပြောစကားအရ ဆို ရင်တော့ အိမ်မဖျက်ရသေးတာပဲ ကံကောင်းသေးတယ်ဆိုရမယ်ပေါ့”

“ဟုတ်တယ် သူငယ်ချင်း။ အိမ်ဟောင်း ဖျက်ခွင့်ရမှဖျက်တာ အကောင်းဆုံးပဲ။ အချို့က ကန်ထရိုက်တာပြောတဲ့ ရှစ်လအတွင်းအပြီးဆောက်သွားမှာပါဆိုတာကိုယုံလို့ အိမ်ဖျက်လိုက်တာတွေရှိတယ်။ သူငယ်ချင်းတို့ရဲ့ နှစ်ဦးသဘောတူ စာချုပ်မှာပြောင်းရွှေ့စရိတ်ဆိုမလား၊ အလိုက်ပေးငွေဆိုမလား၊ ဘယ် လောက်ရယူထားတာရှိသလဲ”

“ကျပ်သိန်း ခုနစ်ဆယ်တော့ ယူထားလိုက်တယ်။ သွားပြီးမေးတော့လည်း ဆောက်လုပ်ခွင့်တင်ထားပါ တယ်လို့ ပြောတာပဲ။ ဘာဆက်လုပ်ရ မှန်း မသိလို့”

“သူငယ်ချင်းမြေကွက်က ပေ ၂ဝ x ပေ ၆ဝ မြေကွက်ထင်တယ်။ အခန်းပေး အခန်းယူကတစ်ခြမ်းပေး တစ်ခြမ်းယူပဲလား”

“အစမူလ စာချုပ်ချုပ်စဉ်က အလိုက်ငွေကျပ်သိန်း ၁၅ဝ နဲ့ အခန်းတစ်ခြမ်းပေးတစ်ခြမ်းယူချုပ်ခဲ့တယ်။ နောက်ပိုင်းအရောင်းအဝယ်အေးသွား တာရယ်။ ကုန်ပစ္စည်းတန်ဖိုး၊ ဘိလပ်မြေ၊ အုတ်၊ သဲ တန်ဖိုးမြင့်လာလို့ သူ့ကိုထပ်ပြီး တစ်ခန်းပေးပါဆိုတာနဲ့ သဘောတူထားတယ်”

“ဒါဆို ကိုယ်က တိုက်ခန်း ငါး ခန်းနဲ့ ငွေကျပ်သိန်း ၁၅ဝ ဖြစ်သွား ပြီပေါ့”

“နှုတ်နဲ့တော့ သဘောတူထား တာပေါ့လေ။ ဒါပေမယ့် ဘာမှစတင်တာ မရှိသေးတော့ စာချုပ်ထဲမှာက ခြောက်ခန်းပဲ ဖော်ပြထားပါတယ်။ ပြင်မရေးရသေးဘူး”

“ရောင်းထားတဲ့ တိုက်ခန်းတွေ ရှိသေးလား”

“မြေရှင်ဘက်ကတော့ မရောင်း ရသေးဘူး။ ကန်ထရိုက်တာရတဲ့ တိုက်ခန်းတွေထဲကတော့ နှစ်ခန်း၊ သုံးခန်း ရောင်းထားတယ်ထင်တယ်။ လာပြီး စုံစမ်းသူတွေရှိတယ်။ သူတို့ ကိစ္စက မြေရှင်နဲ့ သက်ဆိုင်သလား”

“တိုက်ခန်းဈေးကွက်တွေ ကောင်းစဉ်ကတော့ ကန်ထရိုက်တာတွေက မြေရှင်တွေကို အလုအယက် လိုက်လံရှာကြတယ်။ မြေရှင်နဲ့ဆောက်လုပ်ဖို့ သဘောတူညီချက်ရရင် ငွေချက်ချင်းချပေးတာတွေ၊ စာ ချုပ်ကို အမြန်ချုပ်ဆိုတာတွေရှိခဲ့ တယ်”

“ဟုတ်တယ် သူငယ်ချင်း။ မိန်းမဖြစ်သူက မြန်မြန်ဆန်ဆန် လက်ခံလိုက်တာပဲ။ စာချုပ်ကို သေချာမဖတ်ဖြစ်ခဲ့ပါဘူး။ သူတို့ရေးထားတဲ့ စာချုပ်ပေါ်မှာပဲ သူတို့ရဲ့ ရှင်းပြချက်အရ သဘောတူလက်မှတ်ထိုးခဲ့ကြတာ။ အိမ်ကလည်း ပျဉ်ထောင်အိမ်၊ ကြာပြီဆိုတော့ ဆွေးစပြုပြီပေါ့။ ဒါနဲ့ပဲ တစ်နှစ်လောက် သည်းခံလိုက်ရင် အဆင်ပြေမှာပဲဆိုပြီး သဘောတူခဲ့တာ”

“အချို့သဘောတူစာချုပ်တွေမှာ ကတိစာချုပ်ချုပ်ဆိုသည့်နေ့မှစပြီး ၁၈ လအတွင်း အပြီးဆောက်မယ်လို့ ချုပ်ဆိုတာတွေရှိတယ်။ နောက်ပိုင်းမှာတော့ ဆောက်လုပ်ခွင့်ကျ သည့် နေ့မှစ၍လို့ ချုပ်ဆိုလာတာကို တွေ့ရတယ်။ မြေပိုင်ရှင်တွေကလည်း ဆောက်လုပ်ခွင့်ကျမှ အိမ်ဟောင်းကို ဖျက်ပေးကြတာတွေဖြစ်လာတယ်”

“ဆောက်လုပ်ရေးကို ဖျက်သိမ်းမယ်ဆိုတော့လည်း ပေးလျော်ရမယ့် ငွေက မရှိတော့ အခက်အခဲရှိနေပြန် တယ်။ ကန်ထရိုက်သစ်တစ်ယောက်ကို ပြောင်းဖို့ကလည်း အစောကပြော သလို အခက်အခဲတွေဖြစ်နေတယ်”

“ဂရန်စာချုပ်ပေးထားတာရှိသေးလား”

“သေချာတော့ မသိဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မိန်းမဖြစ်သူက ဂရန်စာချုပ် ပြန်တောင်းခဲ့တယ်ဆို လား သမီးဖြစ်သူနဲ့ ပြောသံတော့ ကြားမိတယ်”

“သူငယ်ချင်း၊ ပထမဆုံးလုပ်ရမှာက ရန်ကုန်မြို့တော်ခန်းမ ယာ /အုံ ဌာနထံသွားရောက်စုံစမ်းပါ။ အိမ်ဆောက်ရန် မြေပုံကူးထားခြင်းရှိမရှိ၊ အိမ်ဆောက်လုပ်ခွင့်နဲ့ အိမ်ဟောင်းဖျက်ခွင့်တင်ထားခြင်းရှိမရှိ စုံစမ်းကြည့်လို့ အိမ်ဆောက်လုပ်ခွင့် တင်ထားတာတွေ၊ မြေပုံကူးလျှောက် ထားတာတွေ မတွေ့ဘူးဆိုရင်တော့ ဆောက်လုပ်ဖို့ လုပ်ငန်းမစသေးဘူး လို့ မှတ်ယူရပါမယ်”

“ဆောက်လုပ်ခွင့်တော့ တင်ထားတယ် ပြောပါတယ်”

“ဟုတ်ပြီလေ။ ဆောက်လုပ်ခွင့် တင်ထားတယ်။ မြေပုံရပြီဆိုရင်တော့ ကန်ထရိုက်ဆီတောင်းကြည့်ပြီးအ တည်ပြုချက်ရယူပေါ့။ လုပ်ငန်းမစသေးဘူးဆိုရင်တော့ စာချုပ်ဖျက်မလား၊ ဆက်ပြီး စောင့်မလားဆိုတာက သူငယ်ချင်းဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်တယ်”

“အကောင်းဆုံးက ဘယ်လိုဆောင်ရွက်သင့်သလဲ”

“လက်ရှိအခြေအနေအရ ကြိုပွိုင့်တွေ အဝယ်မလိုက်တော့ ရင်းနှီးမြှုပ်နှံတဲ့ ကန်ထရိုက်တွေက အရှုံးခံပြီး ဆောက်ကြမှာမဟုတ်ဘူး။ အရောင်းအဝယ်လိုက်လာရင်တော့ တားထားရင်တောင်ရမှာမဟုတ်ဘူး။ နေ့ချင်းညချင်း ဆောက်မှာပဲ။ မိမိအနေနဲ့ ကြိုတင်ငွေလည်း ရထားတယ်။ အဆောက်အအုံလည်း မဖျက်ရသေးဘူးဆိုတော့ ပိုနေမြဲ၊ ကျားနေမြဲ၊ စောင့်ကြည့်ရင်၊ မနစ်နှာဘူးလို့ပဲ အကြံပြုချင်တယ် သူငယ်ချင်း”ဟု ဆွေးနွေးလိုက်ပါသည်။

Credit : ‌ဈေးကွက်ဂျာနယ်
ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts